နှုတ်ပိတ်မခံ ရုန်းကန်နေဆဲ မြန်မာသတင်းသမားတွေ

“သူတို့က မီဒီယာကို ပိတ်ဆို့တယ်၊ သတင်းဌာနတွေကို ကန့်သတ်တားမြစ်တယ်၊ သတင်းတွေကို ပိတ်ပင်တယ်၊ သတင်းထောက်တွေကို အပြစ်ပေးတယ်။ နိုင်ငံမှာ မီဒီယာဆိုတာ ဒီမိုကရေစီရဲ့ အသက်သွေးကြောပါ။ မီဒီယာမရှိဘဲ ဒီမိုကရေစီစနစ်က ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ” လို့ သူကဆိုပါတယ်။

By စောသန္တာအေး 15 Jun 2020

၂၀၁၉ ဇန်နဝါရီလက စစ်တွေလေဆိပ်မှာ တွေ့ရတဲ့ DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦး။ (ဓာတ်ပုံ - Reuters)

စောသန္တာအေး ဘာသာပြန်ဆိုသည်။
 

ရဲအဖမ်းမခံရအောင် ပုန်းရှောင်နေရသူ ဦးအောင်မင်းဦးကတော့ နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအပေါ် သူ့ရဲ့မကျေနပ်ချက်ကို ဖွင့်ဟလိုက်ပါတယ်။
“ဒီမိုကရေစီက သေသွားပြီ” လို့ သူကဆိုပါတယ်။
Development Media Group (DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးဟာ ရိုက်တာသတင်းဌာနရဲ့ မေးမြန်မှုကို သူလျှို့ဝှက်တိမ်းရှောင်နေတဲ့ နေရာကနေ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

“သူတို့က မီဒီယာကို ပိတ်ဆို့တယ်၊ သတင်းဌာနတွေကို ကန့်သတ်တားမြစ်တယ်၊ သတင်းတွေကို ပိတ်ပင်တယ်၊ သတင်းထောက်တွေကို အပြစ်ပေးတယ်။ နိုင်ငံမှာ မီဒီယာဆိုတာ ဒီမိုကရေစီရဲ့ အသက်သွေးကြောပါ။ မီဒီယာမရှိဘဲ ဒီမိုကရေစီစနစ်က ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ” လို့ သူကဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာချိန်မှာ ဦးအောင်မင်းဦးဟာ ပြည်ပမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ သူမရဲ့ လွတ်မြောက်မှုက သူ့ကို အိမ်ပြန်လာစေပြီး သတင်းမီဒီယာနယ်ပယ်ထဲကို ရောက်လာစေခဲ့ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာ ဒေါ်စုရဲ့ NLD ပါတီ အနိုင်ရရှိမှုနဲ့အတူ ရာစုနှစ်ထက်ဝက်ခန့်ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးလည်း အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာရထားသလို အသာစီးရနေတဲ့ မြန်မာစစ်တပ်နဲ့အတူ ဗိုလ်ချုပ်ကြီးတွေဟာလည်း အားကောင်းဆဲပါ။

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းကတော့ အစိုးရဟာ ဖိနှိပ်ထားတဲ့ဥပဒေတစ်ချို့ကို ဖယ်ရှားခဲ့ပြီးဖြစ်သလို သတင်းအချက်အလက် ရယူခွင့်ဥပဒေနဲ့ အမုန်းစကားတိုက်ဖျက်ရေး ဥပဒေတွေကိုပါ ရေးဆွဲနေတယ်လို့ ပြောပါတယ်။

အရင်အဆက်ဆက် အုပ်ချုပ်ခဲ့သူတွေ ချန်ထားခဲ့တဲ့ ဆိုးမွေတွေနဲ့ စိန်ခေါ်မှုတွေက သူတို့အပေါ် ပုံကျလာတာဆိုတော့ ပထမဦးဆုံး ဒီမိုကရေစီအစိုးရအပေါ်မှာ ပြည်သူတွေ မျှော်လင့်ထားတာတွေက အရမ်းများနေပြီး လက်တွေ့မကျဘူးလို့ သူက ဆိုပါတယ်။

“ဒါတွေအကုန်လုံးကို ကျွန်တော်တို့က သုံးလေးနှစ်နဲ့ ပြောင်းလဲပစ်လိုက်ဖို့ မဖြစ်နိုင်ဘူး” လို့ ဦးအောင်လှထွန်းက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို အီးမေးလ်နဲ့ ဖြေကြားပါတယ်။ မီဒီယာနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်အကြားမှာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်က ဈေးဆိုင်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ။ (ဓာတ်ပုံ - Reuters)

ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်က ထိန်းချုပ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ များပြားလှတဲ့ မြန်မာနိုင်ငံမှာ လူထုနဲ့ မီဒီယာရဲ့ လွတ်လပ်ခွင့်တွေဟာ ကန့်သတ်ခံထားရဆဲဖြစ်ပါတယ်။

ဒီမိုကရေစီတည်ဆောင်ရေးမှာ မီဒီယာလွတ်လပ်ခွင့်ဟာ အရေးပါတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ အထူးအလေးပေး ပြောကြားခဲ့ဖူးပါတယ်။ သူမ အာဏာမရခင်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေကို ကာကွယ်ဖို့ ဥပဒေတွေလိုအပ်တဲ့ အကြောင်းတောင် ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ သူမဦးဆောင်တဲ့ အစိုးရလက်အောက်မှာ ပြီးခဲ့တဲ့လတွေအတွင်း တရားစွဲဆိုခံထားရသူ သတင်းသမား ၃၁ ဦးရှိနေပါပြီ။
အရပ်သားဦးဆောင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း DMG အပါအဝင် သတင်းဝက်ဘ်ဆိုက်ပေါင်း မြောက်များစွာကို ပိတ်ဆို့ထားပါတယ်။ သတင်းမှားတွေဖြန့်ဝေတယ်၊ လူထုကို အကြောက်တရား ဖြစ်ပေါ်စေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါ။

သတင်းသမား အများစုဟာ ဒေသဆိုင်ရာ လက်နက်ကိုင်အုပ်စုတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို တင်ပြနေကြတာပါ။ ဦးအောင်မင်းဦး ဆိုရင်လည်း သူ့ဇာတိရခိုင်ပြည်နယ်က လက်နက်ကိုင်အုပ်စုနဲ့ ဆက်သွယ်မေးမြန်းချက်ကြောင့် မတရားအသင်းဆက်သွယ်မှု စွပ်စွဲချက်နဲ့ အလိုရှိနေတာဖြစ်ပါတယ်။ သူအဖမ်းခံရရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖွယ်ရှိပါတယ်။

ရခိုင်ပြည်နယ်ဟာ ပြဿနာတွေများပြီး ထိလွယ်ရှလွယ် ဒေသတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီဒေသမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မွတ်ဆလင် ၇၃၀,၀၀၀ ကျော်ဟာ နိုင်ငံက ထွက်ပြေးခဲ့ရပါတယ်။ ခုချိန်မှာတော့ ပဋိပက္ခအသစ်တစ်ခု ထပ်ပေါ်လာပါတယ်။ ဒီတစ်ခါတော့ အစိုးရတပ်နဲ့ အေအေလက်နက်ကိုင်တပ်အကြား လက်နက်ကိုင်ပဋိပက္ခပါ။

စာရေးသူအမည် မပါစေနဲ့

စစ်အုပ်ချုပ်ရေးလက်ထက်တုန်းကတော့ ဝါဒဖြန့်ချိရေးနဲ့ဖိနှိပ်ချုပ်ချယ်မှုအောက်က သတင်းသမားတွေဟာ ကိုယ့်နာမည်ကို လူသိမခံဘဲ ကလောင်နာမည်တွေ၊ ပြေးလွှားရှောင်တိမ်းဖို့ နေရာတွေ၊ သတင်းရေးဖို့ လျှို့ဝှက်ရိုက်ကူး မေးမြန်းစုံစမ်းချက်တွေ နဲ့အတူ ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီမိုကရေစီခေတ်ရောက်တော့ ဒါတွေ မလိုလောက်တော့ဘူးလို့ မျှော်လင့်ခဲ့ကြပေမယ့် တစ်ချို့သော သတင်းသမားတွေအတွက်ကတော့ ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားမှုသည်သာလျှင် အလုံခြုံဆုံးနည်းလမ်း ဖြစ်ရပြန်ပါတယ်။

DMG သတင်းဌာနဆိုရင် သတင်းဖြန့်ချိရေး အဆင်ပြေချောမွေ့ဖို့အတွက် သတင်းတွေကို  ဖေ့စ်ဘုတ်ပေါ်ကို တိုက်ရိုက်တင်နေရပါတယ်။ သူတို့ရဲ့သတင်းထောက်တွေဟာ သတင်းဓာတ်ပုံတွေအတွက် ဆိုရင် ပဋိပက္ခဇုန်ထဲက ဒေသခံ အရပ်သားသတင်းသမားတွေ လျှို့ဝှက်ရိုက်ကူး ပို့ပေးတာကို အားကိုးနေရပါတယ်။

အာဏာရပါတီ NLD ရဲ့ အကြီးတန်းပါတီဝင်တစ်ဦး ဖြစ်သလို ပါတီစာစောင်ဖြစ်တဲ့ ဒီလှိုင်းဂျာနယ်အယ်ဒီတာ ဖြစ်သူ မုံရွာအောင်ရှင်ကတော့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းလာတယ်ဆိုတာကို သဘောမတူပါဘူး။ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ် ဆိုတာထက် သတင်းတင်ဆက်မှုမှာ ကန့်သတ်ခံရတာတွေ ရှိနေတယ်လို့ပြောရင် ပိုမှန်မယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ လူထုကလည်း သတင်းသမားတွေအပေါ် မှန်ကန်တဲ့အမြင်ရှိဖို့ လိုအပ်ပြီး အာဏာပိုင်တွေအနေနဲ့လည်း လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်မှုနဲ့ သတင်းထောက်ကို အရေးယူမယ်ဆိုရင် ဒီသတင်းထောက်ရဲ့ မူလရည်ရွယ်ချက်ကို ဆန်းစစ်သင့်တယ်လို့ သူက ဝန်ခံပါတယ်။

သတင်းထောက်တစ်ယောက်အတွက် မျက်နှာမလိုက်၊ အကြောက်တရားမရှိဘဲ သတင်းရေးသားနိုင်မယ့် အလုံခြုံဆုံးနေရာဟာ နိုင်ငံပြင်ပပဲလို့ လဝီဝမ်က ပြောပါတယ်။ ဧရာဝတီသတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်တဲ့ လဝီဝမ်ဟာ ထိုင်းမှာ ဆယ်စုနှစ်နဲ့ကြာ နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ပြည်တွင်းကိုဝင်လာသူ ဖြစ်ပါတယ်။

“ကိုယ့်မျက်စိရှေ့မှာ ပဋိပက္ခတစ်ခု ဖြစ်နေတာကိုတောင် တကယ်တမ်း သတင်းရေးလို့မရဘူး” လို့ သူကဆိုပါတယ်။

“သတင်းထောက်တွေဟာ စစ်အုပ်ချုပ်ရေးကို တော်လှန်ရေးသားခဲ့ကြတဲ့အတွက် အရင်က အများပြည်သူက သူတို့ကို လေးစားကြတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အရမ်းပေါ်ပြူလာဖြစ်နေတော့ သူဦးဆောင်တဲ့ အစိုးရကို သွားဝေဖန်မိရင် လူထုက သတင်းထောက်တွေကို သံသယမျက်လုံးတွေနဲ့ ကြည့်ကြတယ်” လို့ လဝီဝမ်ကပြောပါတယ်။

အန္တရာယ်များတဲ့အလုပ်

စစ်အုပ်စုက အရပ်သားအုပ်ချုပ်ရေးဘက်ကို အပြောင်းအလဲမစခင်တုန်းက မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်မှာ အောက်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ကနေ ၂၀၁၆ အတွင်း အဆင့် ၂၀ ကျော် ပြန်လည်မြင့်တက်လာခဲ့ပြီးနောက်မှာ အခုတော့ တစ်ကျော့ပြန် ထိုးဆင်းသွားပါပြီ။

၂၀၁၇ ခုနှစ်တုန်းက ရိုက်တာသတင်းထောက်နှစ်ယောက် အဖမ်းခံရတဲ့ ဖြစ်စဉ်ဟာဆိုရင် သတင်းစာလွတ်လပ်ခွင့်နဲ့ ဆက်စပ်လို့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုပါ။ (ဓာတ်ပုံ - Reuters)

မွတ်ဆလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်ခဲ့လို့ ၂၀၁၇ ခုနှစ်တုန်းက ရိုက်တာသတင်းထောက်နှစ်ယောက် အဖမ်းခံရတဲ့ ဖြစ်စဉ်ဟာဆိုရင် သတင်းစာလွတ်လပ်ခွင့်နဲ့ ဆက်စပ်လို့ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုပါ။ ဒီနှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှု ဥပဒေ ကျူးလွန်တယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ရက်ပေါင်း ၅၀၀ အကျဉ်းကျခံခဲ့ရပြီးနောက် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားသတင်းထောက်တွေကို တရားစွဲဆိုမှုတွေကတော့ ရှိနေဆဲပါ။

Voice of Myanmar (VOM) သတင်းဌာနကိုတည်ထောင်သူ ဦးနေမျိုးလင်းဆိုရင် ပြည်ပကပြန်ဝင်လာသူတစ်ဦးပါ။ သူဆိုရင်လည်း အေအေပြောခွင့်ရ တစ်ဦးနဲ့ မေးမြန်းချက်ကို သူ့ဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့အတွက် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ မတ်လမှာ တရားစွဲခံခဲ့ရပါတယ်။ ဒီဥပဒေဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ဥပဒေ ဖြစ်ပါတယ်။

ဦးနေမျိုးလင်းကဟာ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲဒဏ်တွေ ခံစားနေရတုန်းပါ။

“သတင်းထောက်တစ်ဦးဖြစ်တဲ့ ကျွန်တော့်မိန်းမကတောင် ကျွန်တော့်ကို ရပ်သင့်ပြီလို့ပြောတယ်။” လို့ ဦးနေမျိုးလင်းက ပြောပါတယ်။
“အန္တရာယ်အရမ်းများတယ်၊ ကျွန်တော်တို့မှာ စုမိဆောင်းမိသမျှလည်း အကုန်ပါသွားပြီ။ ဒီအလုပ်လုပ်လို့  ဘာတစ်ခုမှ ကောင်းတာမရှိသေးဘူး” လို့ သူကဆိုပါတယ်။


စောသန္တာအေး မြန်မာပြန်သည်။
(မူရင်းဆောင်းပါး - Refusing to be silenced, Myanmar journalists work from shadows, REUTERS)

ဗီဒီယိုများ