အဓမ္မခိုင်းစေမှုနှင့် ကျွန်ပြုခိုင်းစေမှုအမည်းစက်များ ရှိနေသော မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းမှ ရေထွက်ကုန်များ ဥရောပမြေပေါ် တင်သွင်းခွင့်မပြုရန် ဗြိတိသျှမီဒီယာတစ်ခုဖြစ်သော The Guardian ကဖော်ပြလိုက်သည်။
မကြာသေးမီနှစ်များအတွင်းတွင် ထိုင်းနိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများမှ ငါးဖမ်းလုပ်ငန်းများ၏ ကျွန်ပြုခိုင်းစေမှုများ အကြောင်းမှာ ကမ္ဘာ့မီဒီယာစာမျက်နှာများထက် ရောက်ရှိလာပြီး အာရုံစိုက်ခြင်းကို ခံခဲ့ရသော်လည်း မြန်မာ့ငါးဖမ်းလုပ်ငန်းမှာမူ သတိပြုခံရမှု နည်းပါးလျက်ရှိနေသေးသည်။
ထိုသို့ဖြစ်ရခြင်းမှာ မြန်မာ့ရေလုပ်ငန်းများမှထွက်သော ထွက်ကုန်အများစုကို ပြည်တွင်းဈေးကွက်တွင်သာ တင်ပို့ရောင်းချလျက်ရှိခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် မြန်မာ့ပင်လယ်စာလုပ်ငန်းသည် ယခုအခါ ဥရောပအပါအဝင် ပြည်ပဈေးကွက်များ အရှိန်မြှင့်ရှာဖွေလျက်ရှိရာ မြန်မာ့ရေလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်နေရသော ကျွန်ပြုခိုင်းစေမှုများနှင့် ရက်စက်ကြမ်းကြုတ်မှု အထောက်အထားများကို ဥရောပသမဂ္ဂမှ တုံ့ပြန်ခြင်းမရှိပါက ဥရောပသည် နောက်ထပ် ကျွန်လုပ်ငန်းအားပေးရာရောက်သည့် ကျော်မကောင်း၊ ကြားမကောင်းပြဿနာနှင့် ထပ်မံရင်ဆိုင်ရလိမ့်မည်ဟု Guardian ကရေးသားထားသည်။
မြန်မာနိုင်ငံ၏ မုတ္တမပင်လယ်ကွေ့ရှိ ငါးဖမ်းလုပ်ငန်းမှာ အန္တရာယ်များလှသောလုပ်ငန်း ဖြစ်ကြောင်းနှင့် လူအများအပြား အသက်ဆုံးရှုံးရလျက်ရှိသော လုပ်ငန်းဖြစ်ကြောင်း ဒေသခံငါးဖမ်းသမားများ၏ ပြောကြားမှုကိုကိုးကားပြီး Guardian က ဖော်ပြထားသည်။
သို့ရာတွင် မေလမှ စက်တင်ဘာလအတွင်းတွင် လုပ်သား ၅၀၀၀၀ ခန့်ဖြင့် ပုစွန်ဆိတ်အများစု ပါဝင်သော ရေသတ္တဝါ စုစုပေါင်း တန် ၁၀၀၀၀ ခန့်ထိ ဖမ်းဆီးရမိလေ့ရှိရာ အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုလည်း ဖြစ်လျက်ရှိသည်။
အထူးသဖြင့် လုပ်ငန်းရှင်များသည် ကျားဖောင်များပေါ်တွင် ကျွန်လုပ်သားများကို အသုံးပြုခိုင်းစေခြင်းကြောင့် အကျိုးအမြတ်ပို၍ ခံစားရလျက်ပင် ရှိသည်ဟုလည်း Guardian ဆောင်းပါးတွင် ရေးသားထားသည်။
ကျားဖောင်လုပ်သားများသည် တစ်ရက်လျှင် ၁၆ နာရီနှင့် နားရက်မရှိ ၉ လကြာ လုပ်ကိုင်ကြရသည်ဟု ကျားဖောင် လုပ်သားများက Guardian နှင့်အင်တာဗျူးတွင် ပြောကြားထားပြီး အကြမ်းဖက်ခံရမှုများ၊ ကြီးကြပ်သူများက သတ်ဖြတ်ကာ ပင်လယ်ထဲပစ်ချမှုများရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်တွင် မြန်မာအစိုးရသည် မြန်မာ့ရေထွက်ကုန်များကို ဥရောပသို့တင်ပို့ခွင့်ရရန်အတွက် ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အနေနှင့် စည်းမျဉ်း၊စည်းကမ်းများနှင့် ကိုက်ညီစေရေးအတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး မကြာမီမှာပင် မြန်မာနိုင်ငံမှပုစွန်ဆိတ်များမှာ ဥရောပသို့ တင်ပို့နိုင်တော့မည့်အခြေအနေ ရှိနေသည်။
ဥရောပသမဂ္ဂအနေဖြင့် ယခင်က ကျွန်လုပ်သားများအရေးနှင့် ပတ်သက်ပြီး အလေးဂရုမထားခဲ့မှုများရှိပြီး ယခုတစ်ကြိမ် မြန်မာနိုင်ငံနှင့် အနာဂတ်ကုန်သွယ်ရေးတွင် လူ့အခွင့်အရေးစံနှုန်းများကို အလေးထားရန် ထပ်မံအလေးမထားပါက အလွန်ဆိုးရွားသော ပျက်ကွက်မှုဖြစ်လာလိမ့်မည်ဟု Guardian ကရေးသားထားသည်။
ထို့ပြင် မြန်မာနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ရေပြင်များထက်မှ ကျွန်ပြုခံလုပ်သားများ၏ အရေးတွင် နည်းပါးလှသော လုပ်ခလစာနှင့် အကြွေးနွံနစ်ခြင်းက အရင်းခံဇစ်မြစ်ဖြစ်လျက်ရှိပြီး ထိုဇစ်မြစ်ကို မြေလှန်ပြောင်းလဲပြီး ကျွန်ပြုခိုင်းစေမှုများ နှင့် အဓမ္မခိုင်းစေမှုများကို အဆုံးသတ်ပစ်ရမည်ဖြစ်ကြောင်း၊ အတိုးကြီးယူ၍ ခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်လေ့ရှိသည့် ပုဂ္ဂလိကငွေချေးငှားမှုများကို မြန်မာအစိုးရက ဥပဒေနှင့်မညီကြောင်း ထုတ်ပြန်လိုက်ခြင်းကြောင့် အကြွေးနွံနစ်နေသူများကို လွတ်မြောက်လာစေနိုင်သော်လည်း ထိုအစီအမံတစ်ရပ်တည်းဖြင့် ကျွန်ပြုခိုင်းစေမှုများကို ရပ်တန့်ရန် မလုံလောက်နိုင်သေးကြောင်းလည်း Guardian ၏ဆောင်းပါးတွင် အကြံပြုဖော်ပြထားသည်။




