အာရှတွင် ၂၀၂၀ အတွင်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်သော ပဋိပက္ခများ

ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးသတင်းစာဖြစ်သော ဂျပန်အခြေစိုက် Nikkei Asian က ၂၀၂၀ ခုနှစ်အတွင်းတွင် အာရှဒေသ၌ အဆိုးဆုံးအခြေအနေအထိ ပေါက်ကွဲလာနိုင်ခြေရှိသော ပဋိပက္ခများကို ခန့်မှန်းသုံးသပ်ဖော်ပြထားရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများလည်း ပါဝင်လျက်ရှိသဖြင့် DMG စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဘာသာပြန်ကာ ဖော်ပြ..

By Foreign Desk 07 Jan 2020

(ဓာတ်ပုံ - Nikkei Asian)

ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးသတင်းစာဖြစ်သော ဂျပန်အခြေစိုက် Nikkei Asian က ၂၀၂၀ ခုနှစ်အတွင်းတွင် အာရှဒေသ၌ အဆိုးဆုံးအခြေအနေအထိ ပေါက်ကွဲလာနိုင်ခြေရှိသော ပဋိပက္ခများကို ခန့်မှန်းသုံးသပ်ဖော်ပြထားရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများလည်း ပါဝင်လျက်ရှိသဖြင့် DMG စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဘာသာပြန်ဆိုကာ ဖော်ပြလိုက်ပါသည်။

မြောက်ကိုရီးယားက အမေရိကန်စစ်အခြေစိုက်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း

(ဓာတ်ပုံ - Reuters)

အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ၎င်းတောင်းဆိုထားသည့်အတိုင်း အမေရိကန်တို့ဘက်မှ မလိုက်လျောသဖြင့် ပို၍ ရန်လိုလာဖွယ်ရှိနေသည်။

ထိုမှတစ်ဆင့် နောက်ဆက်တွဲအနေဖြင့် အဆင့်ဆင့် ဆက်လက်ဖြစ်ပွားလာနိုင်သည်မှာ - မြောက်ကိုရီးယားက ၎င်း၏ကတိကိုချိုးဖောက်ပြီး တိုက်ချင်းပစ်ဒုံးကျည်များ ပြန်လည်ပစ်လွှတ်လာပြီး အမေရိကန်တို့ဘက်မှလည်း ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့များချမှတ်ခြင်း၊ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများလုပ်ဆောင်ခြင်း နှင့် ဒေသတွင်း မဟာဗျူဟာမြောက်နေရာများသို့ ၎င်း၏တပ်များစေလွှတ်ခြင်း တို့ကို လုပ်ဆောင်လာမည်ဖြစ်သည်။

ထို့နောက်တွင်မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုများ လုပ်ဆောင်ခြင်းဖြစ်စေ၊ တောင်ကိုရီးယား အနောက်ဘက်ကမ်းခြေရှိ ကျွန်းတစ်ကျွန်းကို ဗုံးကြဲပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က ၎င်းလုပ်ဆောင်ခဲ့သည့်အတိုင်း အရပ်သားများနှင့် စစ်သားများကို သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်လာနိုင်သည်။ ယင်းအခြေအနေမှတစ်ဆင့် ပဋိပက္ခများ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ထရမ့်က တောင်ကိုရီးယားရှိ အမေရိကန်များကို အရေးပေါ်ပြန်လည်ကယ်ဆယ်ရာမှ တောင်ကိုးရီးယား စတော့ဈေးကွက် ထိုးကျလာဖွယ်ရှိသည်။ တောင်ကိုရီးယားသမ္မတက အထူးသံတမန်တစ်ဦး မြောက်ကိုရီးယားသို့ စေလွှတ်လျှင်လည်း ယင်းသံတမန်ကို မြောက်ကိုရီးယားက ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းလိုက်ဖွယ်သာ ရှိသည်။

နောက်ဆုံးအခြေအနေတွင် အမေရိကန်က မြောက်ကိုရီးယား နျူကလီးယားစခန်းကို တိုက်ခိုက်လာနိုင်ပြီး မြောက်ကိုရီးယားကလည်း ဂျပန်၊ သို့မဟုတ် တောင်ကိုရီးယားရှိ အမေရိကန်စစ်စခန်းတစ်ခုခုကို တိုက်ခိုက်ရန် ရွေးချယ်လာနိုင်ဖွယ်ရှိနေသည်။

အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ အခြေအနေအဆိုးဘက်သို့ ဦးတည်သွားခြင်း

(ဓာတ်ပုံ - Reuters)

အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးသဘောတူညီမှုအတွက် ပထမအဆင့်သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်သော်လည်း အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြေငြိမ်းမှုရတော့မည်ဟု တထစ်ချမှတ်ယူနိုင်ခြင်း မရှိသေးဘဲ အခြေအနေမှာ အဆိုးဘက်သို့ အချိန်မရွေးရောက်သွားနိုင်ဖွယ် ရှိနေသေးသည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း သဘောတူညီမှုများ ရရှိထားသော်လည်း ယင်းအပေါ် ရင်းနှီးမြုပ်နှံသူများက ယုံကြည်မှုမရှိသေးဘဲ သံသယဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်။ အရေးကြီးသည့် နိုင်ငံတော်ထောက်ပံ့ငွေနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုကဲ့သို့သော အရေးကိစ္စများအပေါ်တွင် ရင်းနှီးမြုပ်နှံသူများက အယုံအကြည်မရှိ ဖြစ်နေခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ကုန်သွယ်ရေးသဘောတူညီမှုဆိုင်ရာ ဆွေးနွေးမှုများသည် နောက်ကြောင်းပြန်လှည့်သွားပြီး ကုန်သွယ်ရေးစစ်ပွဲသို့ ဦးတည်သွားပြီး နှစ်နိုင်ငံစလုံးသာမက ကမ္ဘာ့စီးပွားရေးအထိပါ ပျက်ကပ်ကြုံလာနိုင်ဖွယ် ရှိနေခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုအတွင်း အမေရိကန်ပါဝင်လာခြင်း 

(ဓာတ်ပုံ - AP)

ထိုင်ဝမ်တွင် တရုတ်ပြည်မကြီးမှ ခွဲထွက်ရေးဘက်သို့ယိမ်းသော လက်ရှိသမ္မတ ဆိုင်ယိဝမ်သည် ဇန်နဝါရီရွေးကောက်ပွဲ၌ ပြန်လည်အနိုင်ရရန် အခြေအနေကောင်းနေသည်။ ၎င်း၏ဒုတိယသက်တမ်းတွင် တရုတ်တို့၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သော ခွဲထွက်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာပါက ထိုင်ဝမ်ကျွန်းဆွယ်ပဋိပက္ခမှာ အခြေအနေပိုဆိုးလာနိုင်ပြီး အဆိုးဆုံးအနေနှင့် ယင်းပဋိပက္ခတွင် အမေရိကန်က စစ်ရေးအရ ပါဝင်ပတ်သက်လာဖွယ်ပင် ရှိနေသည်။

တရုတ်၏ကြွေးမြီပြဿနာများမှ ဆင့်ကဲရိုက်ခတ်မှုများ ရှိလာနိုင်ခြင်း

(ဓာတ်ပုံ - Reuters)

စီးပွားရေးအရ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံတွင် ကြွေးမြီဆပ်ရန် ပျက်ကွက်မှုများမှာ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် အစိုးရနှင့်ချိတ်ဆက်နေသော စီးပွားရေးလုပ်ငန်းကြီးများမှ ကြွေးမြီဆပ်ရန် ပျက်ကွက်မှုများမှာ အနည်းဆုံး ၂၇ ခုအထိ ရှိခဲ့သည်။ ထိုကဲ့သို့ကြွေးမြီဆပ်ရန် ပျက်ကွက်မှုများက ဘဏ်များကို အကျပ်အတည်း ဆိုက်စေလျက်လည်းရှိသည်။

၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကြွေးမြီဆပ်ရန်ပျက်ကွက်မှုမှာ စံချိန်တင်မြင့်တက်သွားနိုင်ပြီး ထိုမှတစ်ဆင့် စီးပွားရေးအရ ဆင့်ကဲ ရိုက်ခတ်မှုများ ပြင်းထန်စွာဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသည်။

ထိုင်းနိုင်ငံတွင် ဆန္ဒပြသမားများက ဝန်ကြီးချုပ် ပရာယွတ်ကို ဖြုတ်ချရန်ကြိုးစားလာခြင်း

(ဓာတ်ပုံ - Nikkei Asian)

စစ်ခေါင်းဆောင်ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းဝန်ကြီးချုပ်ဖြစ်လာသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွင်း ပြိုင်ဘက်ကင်း ရပ်တည်လာနိုင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ယင်းအခြေအနေမှာ အပြောင်းအလဲဖြစ်လာနိုင်ဖွယ် ရှိနေသည်။

ဝန်ကြီးချုပ်ပရာရွတ်နှင့် ၎င်း၏မဟာမိတ်များက ဖိနှိပ်ထားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည့် ကြားမှ အတိုက်အခံပါတီမှာ လူထုကြား အင်အားကောင်းလာလျက်ရှိပြီး ပရာရွတ်၏ အာဏာသက်တမ်းအတွင်း အင်အားအကြီးဆုံး ဆန္ဒပြပွဲတစ်ခုပင် ဘန်ကောက်မြို့၌ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်မည့် အာဏာရှင်ဆန့်ကျင်ရေး ပြေးပွဲတွင် လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲဖွယ်ရာရှိနေသည်။ လူထုကြားတွင် လက်ရှိအစိုးရအပေါ် အမှန်တကယ်ဒေါသထွက်မှုများ ရှိနေကြောင်း အတိုက်အခံပါတီ ခေါင်းဆောင်က ပြောကြားထားသည်။

ပြင်းထန်လာသည့်ဆန္ဒပြပွဲများက အိန္ဒိယစီးပွားရေးကို ထိခိုက်လာခြင်း

(ဓာတ်ပုံ - Reuters)

အိန္ဒိယနိုင်ငံတွင် မွတ်ဆလင်များကို ခွဲခြားဆက်ဆံရာရောက်သော နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲအတည်ပြုလိုက်ပြီးနောက်တွင် ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ကာ ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့လာလျက် ရှိသည်။

ထိုဆန္ဒပြပွဲများကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍကို ထိခိုက်လျက်ရှိပြီဖြစ်သလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်မှုကိုလည်း တုံ့ဆိုင်းစေလျက်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အိန္ဒိယနိုင်ငံကို ဖိအားပေးနိုင်ရန် ပြင်ဆင်မှုများ ရှိလာနေပြီဖြစ်ခြင်းကြောင့် နိုင်ငံတကာအလယ်တွင် အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းသောပုံရိပ်မှာလည်း ထိခိုက်လာဖွယ်ရာရှိနေသည်။ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်း၊ ပြည်ပ အခြေအနေအရပ်ရပ်တွင် ထိခိုက်ကျဆင်းလာနိုင်ခြေ ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ပဋိပက္ခအသစ်များ ထပ်မံဖြစ်ပွားခြင်း

(ဓာတ်ပုံ - Reuters)

မြန်မာနိုင်ငံတွင် ၂၀၂၀ နိုဝင်ဘာ၌ ရွေးကောက်ပွဲများကျင်းပရန် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအာဏာရ NLD ပါတီသည် ပြည်တွင်း၌ လူထုထောက်ခံမှု မြင့်မားနေဆဲဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင်မူ ပြစ်တင်ရှုံချမှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် မွတ်ဆလင် (မူရင်းတွင် ရိုဟင်ဂျာ ဟုဖော်ပြ) များအပေါ် စစ်တပ်၏ ရက်ရက်စက်စက်သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး သူမ၏ရပ်တည်မှုကြောင့် ထိုကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝိုင်းဝန်းပြစ်တင်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေ၌ ပဋိပက္ခများ အဆိုးဆုံးအခြေအနေထိ ပေါက်ကွဲဖြစ်ပေါ်လာနိုင်ခြေရှိသည်မှာ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပြီး အကယ်၍ ရွေးကောက်ပွဲမတိုင်မီတွင် အဓိကရုဏ်းများနှင့် ပဋိပက္ခများ ဖြစ်ပွားနေမည်ဆိုပါက ယင်းဒေသတို့တွင် ရွေးကောက်ပွဲကို ဖျက်သိမ်းရလိမ့်မည်ဖြစ်သည်။ "အခြေအနေတွေက ပိုဆိုးလာဖို့ပဲ ရှိတယ်။ ရခိုင်တွေအားလုံးက ၂၀၂၀ မှာ ပဋိပက္ခတွေ ပေါက်ကွဲပေါ်ပေါက်လာနိုင်ခြေတိုးလာပြီး မရေရာတဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံမှတ်ထားကြပါတယ်" ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေးဗစ်မတ်သီယေဆင် က သုံးသပ်ထားသည်။

ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာပါက ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မှာ နိုင်ငံတကာအလယ်တွင် ထပ်မံကျဆင်းလာနိုင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ မွတ်ဆလင်ဒုက္ခသည် ၇၀၀၀၀၀ ကျော်၏ နေရပ်ပြန်ရေးတို့မှာလည်း ကြန့်ကြာဖွယ်ရာရှိနေသည်။

မောင်ဖြိုး
(Nikkei Asian Review တွင်ဖော်ပြထားသော Asia's flashpoints: What could go wrong in 2020 ဆောင်းပါးကို ကောက်နုတ်ဘာသာပြန်ပါသည်။)

ဗီဒီယိုများ