ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု သန်း ၂၀၀ ပြည့်၊ မြန်မာမှာ သေဆုံးသူ တစ်သောင်းကျော်

ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် သြဂုတ်လ ၅ ရက်နေ့တွင် သန်း ၂၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 07 Aug 2021

DMG ၊ သြဂုတ် ၇

ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် သြဂုတ်လ ၅ ရက်နေ့တွင် သန်း ၂၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကူးစက်မြန် ဒဲလ်တာမျိုးကွဲအား ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအများစုတွင် အတွေ့ရများလာပြီးနောက် ၂၀၂၁ ဇွန်လလယ်ခန့်မှ စတင်၍ နေ့စဉ်ကူးစက်မှုနှုန်းသည် ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိသည်။

သို့သော်လည်း နိုင်ငံအချို့၊ အထူးသဖြင့် ချမ်းသာ ကြွယ်ဝသည့်နိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု ပိုများလာသဖြင့် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းမှာ ဇူလိုင်လမှ စတင်၍ ၂၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားသည်ဟု အေအက်ဖ်ပီသတင်းဌာန၏ တွက်ချက်မှုများအရ သိရသည်။

ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သေဆုံးသူဦးရေသည် ၂၀၂၁ သြဂုတ်လ ၇ ရက်နေ့အထိ ၄.၃ သန်းနီးပါး ရှိနေပြီဖြစ်သည်။

နိုင်ငံအလိုက် သေဆုံးသူ အရေအတွက်တွင် အမေရိကန်ပြည်ထောင်စုက သေဆုံးသူဦးရေ ၆ သိန်းကျော်ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေသည်။ အမေရိကန်နောက်တွင် ဘရာဇီးက ၅ သိန်းခွဲ၊ အိန္ဒိယက ၄ သိန်းကျော်၊ မက္ကစီကိုက ၂ သိန်းခွဲနီးပါး၊ ပီရူးက ၂ သိန်းနီးပါး၊ ရုရှားကတစ်သိန်းခွဲတို့ အသီးသီး ရှိကြသည်။

ယူကေ၊ အီတလီ၊ ကိုလံဘီယာ၊ ပြင်သစ်၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ဂျာမနီနိုင်ငံများတွင် သေဆုံးသူဦးရေမှာ ၁ သိန်းဝန်းကျင် ရှိကြသည်။

ကူးစက်မှုအပိုင်းတွင်လည်း အမေရိကန်သည် ကူးစက်မှု ၃၆ သန်းဖြင့် ထိပ်ဆုံးတွင် ရှိနေသည်။ အမေရိကန်နောက်တွင် အိန္ဒိယက ၃၁ သန်း၊ ဘရာဇီးက သန်း ၂၀၊ ရုရှားက ၆.၄ သန်း၊ ပြင်သစ်က ၆.၂ သန်း၊ ယူကေက ၆ သန်း၊ တူရကီက ၅ သန်းခန့်စီဖြင့် ကူးစက်မှုအမြင့်ဆုံးနေရာတွင် ရှိနေကြသည်။

အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ကိုဗစ်ကူးစက်မှုသည် တစ်ကျော့ပြန် မြင့်တက်လျှက်ရှိသည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့များ၌ တစ်ရက်တာ ကူးစက်မှုပမာဏသည် ၂ သောင်းခန့်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

အင်ဒိုနီးရှားတွင်လည်း ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်သည် သြဂုတ်လ ၄ ရက်နေ့တွင် တစ်သိန်းကျော်သွားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်အတည်ပြုလူနာအား ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သည်။

လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးမှု ၃.၂ သန်းကျော် ပြုလုပ်ထားပြီးဖြစ်ကာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃ သိန်းကျော် ရှိပြီး သေဆုံးသူစုစုပေါင်း ၁၁၂၆၂ ဦးရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ၂၀၂၁ ခုနှစ် သြဂုတ်လ ၇ ရက် နေ့လယ်ပိုင်းက ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃၁၅၄ ဦးရှိပြီး သေဆုံးသူ ၂၆၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ပြည် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့သည်။

ဗီဒီယိုများ