ဖြေရှင်းရခက်ပြီး ပိုမိုခေတ်မီလာသည့် ကမ္ဘာ့အာဏာသိမ်းမှုများ

အာဏာသိမ်းမှုများ ကြာရှည်တည်မြဲစေနိုင်သည့် အကြောင်းရင်း အများအပြားရှိသည်။ အချို့နိုင်ငံများတွင် စစ်တပ်များသည် အရပ်သားအဖွဲ့အစည်း အားကောင်းအောင် ကူညီပေးသည့် ပုံစံမျိုးဖြင့် နိုင်ငံရေးကို ဝင်စွက်ခြင်းမျိုး၊ သူတို့သည်သာ နိုင်ငံတည်ဆောက်ရေးအတွက် အဓိကကျသည့် အင်စတီကျူးရှင်းများဖြစ်ကြောင်း ယုံကြည်နေခြင်းမျိုး ရှိတတ်သည်။

By ရာဗီချန်ဒရာကူးမား 18 Mar 2021

ရာဗီချန်ဒရာကူးမား ဘာသာပြန်ဆိုသည်

မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူလိုက်သည်။ ညတွင်းချင်းပင် ဦးဆောင်နိုင်ငံရေးသမားများနှင့် အရပ်ဘက်လှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးခြင်း၊ လမ်းများကို ပိတ်ဆို့ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ လုပ်ပြီး အာဏာသိမ်းကြောင်းကို အစိုးရပိုင် ရုပ်သံမှ ကြေညာခဲ့သည်။

နောက်ပိုင်းသီတင်းပတ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း၊ ဆိုရှယ်မီဒီယာများအား အသုံးပြုခွင့် ဖြတ်တောက်ခြင်း၊ လူစုလူဝေး မလုပ်ရန် တားမြန်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်ခြင်းများ ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့ကာ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟုလည်း ပြောသည်။ စစ်တပ်က နောက်ဆုံးအာဏာသိမ်းမှုမှာ ၁၉၈၈ ခုနှစ်တွင်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ခန့် ကြာခဲ့သည်။

စစ်အာဏာရှင် လက်သစ်များသည် စစ်အေးတိုက်ပွဲကာလအတွင်းက ပုံစံများနှင့် ဆောင်ရွက်ပုံချင်း မတူကြတော့ပေ။ ယနေ့၌ သူတို့သည် တရားရေးစနစ်များကို ကပြောင်းကပြန် လုပ်ခြင်း၊ မဲပေးမှုကန့်သတ်ခြင်းနှင့် သူတို့ကိုအားကောင်းအောင် ထောက်ပံ့ပေးမည့် အင်စတီကျူးရှင်းများ ထူထောင်ခြင်းစသည့် အကြံအစည်ကြီးများဖြင့်  ဒီမိုကရေစီကို နောက်ပြန်လှည့်ခိုင်းနေကြသည်။

ဤနည်းလမ်းများသည် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘင်၊ တူရကီသမ္မတ အာဒိုဂန်၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး တို့ကဲ့သို့ သဘောထားတင်းမာသူများ လျှောက်လှမ်းနေကျ လမ်းကြောင်းဖြစ်သည်။ သူတို့သည် လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်နိုင်ရေးအတွက် စည်းမျှဉ်းစည်းကမ်းများနှင့် အင်စတီကျူးရှင်းများကို လုံးပါးပါးသွားအောင် စီစဉ်ဆောင်ရွက်ကြသည်။ ဒီမိုကရေစီအား အောက်ခြေကနေ လှိုက်စားပျက်စီးသွားအောင် စိတ်ရှည်လက်ရှည်နှင့် တဖြည်းဖြည်း လည်ပင်းညှစ်နိုင်စွမ်း ရှိသူများ ဖြစ်သည်။

အာဏာသိမ်းမှုများသည် သက်ဆိုးရှည်ကြရုံသာမက ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ပိုမို ထိရောက် အားကောင်းလာကြသည်။ အီဂျစ်စစ်တပ်သည် ၂၀၁၃ တွင် အစိုးရကို ဖြုတ်ချခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထိုင်း၊ ၂၀၁၇ ခုနှစ်တွင် ဇင်ဘာဘွေ၊ ၂၀၁၉ ခုနှစ်တွင် ဆူဒန်နှင့် အယ်လ်ဂျီးရီးယား၊ ၂၀၂၀ ၌ မာလီတို့တွင် အာဏာသိမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

အောင်မြင်သော အာဏာသိမ်းမှုများသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ အလွန်ကာလများအတွင်း ပိုများလာခဲ့သည်။ မြန်မာနိုင်ငံ၌လည်း လက်ရှိ၌ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်ကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် သက္ကရာဇ် ၂၀၀၀ ကျော် ကာလများ၌ အာဏာသိမ်းမှုနှင့် အာဏာသိမ်းရန်ကြိုးပမ်းမှု စုစုပေါင်း ၇၆ ခုရှိခဲ့သော်လည်း ၂၀၁၀ အလွန်ကာလများ၌ ၄၇ ခုသာရှိခဲ့သည်။ သို့သော် အီလီနွိုက်တက္ကသိုလ်မှ လူမှုရေးသုတေသနအဖွဲ့ Cline Center for Advanced Social Research က ပြုစုထားသည့် အချက်အလက်စာရင်းတစ်ခုအရဆိုလျှင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခု ဝန်းကျင်ကာလအတွင်း အာဏာသိမ်းမှုများသည် သူ့ရှေ့ကာလများတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုများထက် ပိုမိုအောင်မြင်ကြသည်ဟု သိရသည်။ အဆိုပါ စာရင်းတွင် ၂၀၂၀ နောက်ပိုင်း အာဏာသိမ်းမှုများ မပါသေးသော်လည်း လက်ရှိအထိ အာဏာသိမ်းမှု ၃ ခုရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ မာလီ၊ မြန်မာနှင့် အာမေးနီးယား နိုင်ငံများတွင် ဖြစ်သည်။

အာဏာသိမ်းမှုများ ကြာရှည်တည်မြဲစေနိုင်သည့် အကြောင်းရင်း အများအပြားရှိသည်။ အချို့နိုင်ငံများတွင် စစ်တပ်များသည် အရပ်သားအဖွဲ့အစည်း အားကောင်းအောင် ကူညီပေးသည့် ပုံစံမျိုးဖြင့် နိုင်ငံရေးကို ဝင်စွက်ခြင်းမျိုး၊ သူတို့သည်သာ နိုင်ငံတည်ဆောက်ရေးအတွက် အဓိကကျသည့် အင်စတီကျူးရှင်းများဖြစ်ကြောင်း ယုံကြည်နေခြင်းမျိုး ရှိတတ်သည်။

တစ်ချိန်တည်း၌ ပြီးခဲ့သည့် ၁၅ နှစ်တာအတွင်း ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီသည် ဆုတ်ယုတ်လာနေသည်။ အမေရိကန်ကဲ့သို့သော ဒီမိုကရေစီ နိုင်ငံကြီးများသည်လည်း အာဏာသိမ်းမှုများကို မဖြစ်စလောက် ဟန့်တားမှုများသာ ရှိသည်။ သူတို့၏ နှုတ်ဆိတ်မှုများက အာဏာသိမ်းပြီး ကမ္ဘာ့အလယ် ဝင်ဆန့်လိုသည့် အကြံသမားများကို အားတက်စေလျက်ရှိသည်။ ဒီမိုကရေစီ ဦးသျှောင်နိုင်ငံကြီးများအဖို့ အခြားနိုင်ငံများအရေးကို ဝင်စွက်ဖက်မည်ဆိုပါကလည်း သူတို့၏ နိုင်ငံတွင်း ဒီမိုကရေစီကျရှုံးမှုများက ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်သလို ဖြစ်နေပြန်သဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများကို ပြောဆိုရာတွင် အာနိသင် မရှိလှပေ။

နိုင်ငံအများအပြားတွင် စစ်တပ်များသည် သူတို့၏ အာဏာကို မည်သည့်အခါကမျှ အလျှော့မပေးခဲ့ကြသည်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။ ထိုင်းစစ်တပ်သည် ၁၉၉၀ အလွန်တွင် သွေးထွက်သံယို အာဏာသိမ်းမှုများကြောင့် အရှက်ရခဲ့သည်။ နောက်ပိုင်းကာလများတွင်မူ ထိုင်းတပ်သည် အစိုးရကို ဖြုတ်ချရန် အချိန်တိုင်း အသင့်ရှိနေပြီး အာဏာသိမ်းမှုများကို ပိုမို၍ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်စွမ်း ရှိလာခဲ့သည်။ ထိုင်းနိုင်ငံတွင် ၁၉၃၂ နောက်ပိုင်း လက်ရှိအချိန်ထိ အာဏာသိမ်းမှု စုစုပေါင်း ၂၂ ကြိမ် ရှိသည်။

ထိုင်းဗိုလ်ချုပ်ကြီးများသည် ပြည်သူများအား ကတိကဝတ်များပေးကာ နှစ်သိမ့်နေသော်လည်း တကယ်တမ်းတွင် ထိုင်းတပ်အနေဖြင့် အာဏာချုပ်ကိုင်မှုကို အပြည့်အဝ အလျှော့ပေးလိုစိတ် မည်သည့်အချိန်ကမျှ မရှိခဲ့ပေ။ မျိုးဆက်သစ် လူငယ်အရာရှိများသည်လည်း စစ်တပ်သည် နိုင်ငံရေးတွင် ဝင်ပါပြီး တိုးတက်သည့် အမြင်ရှိသည့် ပါတီများကို နှိမ်နင်းမှုများ ဆောင်ရွက်သင့်သည်ဟူသော အမြင်များဖြင့် ပေါ်ထွက်လာကြသည်။

သို့စေကာမူ ဗိုလ်ချုပ်ကြီးများသည် ဖယ်ရှားလိုက်သည့် ခေါင်းဆောင်များကဲ့သို့ နိုင်ငံရေးအမြင်များ မရှိကြပေ။ ဥပမာ ယခု ထိုင်းဝန်ကြီးချုပ် သက်ရှင်ဆင်နာဝပ်ကဲ့သို့ နိုင်ငံရေးအမြင်နှင့် ပေါ်ပြူလာဖြစ်မှု၊ သို့မဟုတ် ပြဿနာများကို ပြေလည်အောင် ဥပဒေဘောင်အတွင်း၌ ဒီမိုကရေစီနည်းကျ စိတ်ရှည်လက်ရှည် ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့်ပင် ထိုင်းစစ်တပ်သည် ၂၀၀၆ တွင် အာဏာသိမ်းသည်၊

၂၀၁၄ တွင်လည်း ထပ်သိမ်းပြီး စစ်တပ်ဖြင့် ငါးနှစ်တိုင်တိုင် တိုက်ရိုက်အုပ်ချုပ်ပြန်သည်။ ယခုလည်း ထိုင်းတွင် အရပ်သားအစိုးရအပေါ် စစ်တပ်က သြဇာလွှမ်းမိုးထားဆဲ ဖြစ်သည်။

မြန်မာ့ဖြစ်စဉ်သည်လည်း ထိုင်းပုံစံနှင့် ဆင်သည်။ မြန်မာစစ်တပ်သည် ၂၀၁၀ အလွန်နှစ်များတွင် အရပ်သားအစိုးရ အုပ်ချုပ်ရေးဘက်သို့ ကိုယ်တိုင်ကမကထ ပြုပြီး ပြောင်းလဲခဲ့သည်။ သို့သော် စစ်တပ်က ထိရောက်သော အာဏာကို ရယူထားဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းများသည် ပြောင်းလဲရေးကို အကောင်းဆုံး ဖော်ဆောင်ခဲ့သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားကြသည်။

သို့သော် ဗိုလ်ချုပ်ကြီးများ၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော နိုင်ငံခေါင်းဆောင်များ၏ သြဇာတိက္ကမမျိုး မရှိပေ။ စစ်တပ်သည် ကိုယ်ပိုင်ပါတီ ထောင်သည်။ သို့သော် ထိုပါတီသည် ရွေးကောက်ပွဲများတွင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်။ ဤသို့ဖြင့် စစ်တပ်သည် ရွေးကောက်ပွဲ မသမာမှုများရှိကြောင်း ကြေညာကာ ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းလိုက်တော့သည်။ လူထုကိုလည်း ပြင်းထန်သော ကန့်သတ်ချက်များထုတ်ပြန်ကာ ထိန်းချုပ်လိုက်သည်။

အမေရိကန်နှင့် အခြားသော ဒီမိုကရေစီနိုင်ငံများက မြန်မာ့အာဏာသိမ်းမှုကို ရှုတ်ချကြသော်လည်း အများစုက ပြီးခဲ့သောနှစ်များအတွင်း အာဏာသိမ်းမှုများအား ထိထိရောက်ရောက် ထုတ်ပြောမှုများ မရှိခဲ့ပေ။ နိုင်ငံများသည် ကိုယ့်အရှုပ်ထုပ်နှင့်ကိုယ် လုံးချာလည်၊ တရုတ်နှင့် ရုရှား သြဇာကြီးလာမှုကိုသာ အာရုံစိုက်နေခဲ့ကြသည်။ ပြီးခဲ့သော ၁၄ နှစ်အတွင်း နိုင်ငံရေးစနစ်သည် ဆက်တိုက် ကျဆင်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံများကလည်း အာဏာသိမ်းမှုများအပေါ် မဖြစ်စလောက် အာရုံစိုက်မှုသာရှိခဲ့ကြောင်း Freedom House စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။

အချင်းချင်း စုစည်းရိုင်းပင်းမှုဖြင့် အင်အားကြီးလာလျှင်တော့ အကျိုးသက်ရောက်မှုများ ရှိနိုင်သည်။ ဖိလစ်ပိုင်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ အားကောင်းလာပြီး ၁၉၈၆ တွင် အာဏာရှင် ဖာဒီနန်မားကို့စ် ပြုတ်ကျသွားချိန်၌ ဖိလစ်ပိုင်စစ်တပ်သည် ကိုရေဇွန်အကွီနိုဦးဆောင်သည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် အကြိမ်ကြိမ် ကြံစည်ခဲ့သည်။ အမေရိကန်သည် သမ္မတအကွီနို၏ အုပ်ချုပ်ရေးကို အားဖြည့်ပြီး လေကြောင်းအင်အား ထောက်ပံ့ခဲ့သလို အခြားကဏ္ဍများတွင် လက်ဦးမှုရအောင် ကူညီပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဘာကီနာဖာဆိုနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှု အပြီးတွင်လည်း အာဖရိကသမဂ္ဂသည် အာဏာသိမ်းသူများကို ရင်ဆိုင် တွန်းလှန်ခဲ့သည်။ အဆိုပါအာဏာသိမ်းမှုမှာ လုံးလုံးလျားလျား အရေးနိမ့်သွားခဲ့သည်။

ကိုဗစ်ကပ်ဘေးကြီးသည် ကမ္ဘာ့နိုင်ငံများအတွက် ပြည်ပအရေးကို လှည့်မကြည့်အားအောင် ဖန်တီးထားသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသော ခေါင်းဆောင်များ ကိုယ်တိုင်ပင် လူထုကျန်းမာရေး အကြောင်းပြချက်များဖြင့် လူထု၏လွတ်လပ်မှုကို လျှော့ချကာ လော့ဒေါင်းချခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ အားကစားနှင့် ပွဲလမ်းသဘင်များအား ပိတ်ပင်ရခြင်းများ ရှိလာသည်။ ကပ်ဘေးကြီးစတင်ချိန်တည်းက လူ့အခွင့်အရေးနှင့် လွတ်လပ်မှုများ ကျဆင်းသွားသော ကမ္ဘာနိုင်ငံပေါင်း ၈၀ ရှိသည်ဟု Freedom House အဖွဲ့ကြီးက ဆိုသည်။

အီဂျစ်အာဏာသိမ်းမှုအပြီးတွင် အမေရိကန်သည် ကိုင်ရိုနှင့် စီပွားဘက်ဆက်ဆံရေးကို အလျင်အမြန်ပင် တည်ဆောက်ခဲ့သလို အာဏာသိမ်းသည်ဟုပင် အမည်တပ်မပြောခဲ့ပေ။ ထိုင်းတွင်ဆိုလျှင်လည်း ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး၌ ထိုင်းဗိုလ်ချုပ်ကြီးများသည် စစ်တပ်ထောက်ခံသူ အုပ်စုများ အာဏာရရှိအောင် ကုလားဖန်ထိုးထားသည့် ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သည်။

သို့သော်လည်း အမေရိကန်၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂအပါအဝင် ထိုင်းနှင့် ဆက်စပ်နေသော နိုင်ငံများသည် ကနဦးက ဆက်ဆံရေး ဖြတ်တောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းအား ဒီမိုကရေစီနိုင်ငံကြီးကဲ့သို့ သဘောထားကာ ဆက်ဆံရေးအားလုံး ပြန်တည်ဆောက်ပြီး အလွမ်းသင့်ခဲ့ကြသည်။ မြန်မာနိုင်ငံအား လက်ရှိဖိအားပေးနေကြဟန်ရှိသော ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းအစရှိသည့် အိမ်နီးချင်းနိုင်ငံများ အားလုံးသည် သဘောထားတင်းမာသော ခေါင်းဆောင်များ ဦးဆောင်နေသည့် နိုင်ငံများချည်းဖြစ်သလို မြန်မာစစ်တပ်ဦးဆောင်သော အစိုးရကို တိတိပပ တောင်းဆိုဖိအားပေးရန် စိတ်မဝင်စားသူများချည်းဖြစ်သည်။

ဖိလစ်ပိုင်ခေါင်းဆောင်များသည် အာရှတွင် ဒီမိုကရေစီအရေးအတွက် ထုတ်ဖော်ပြောကြားခဲ့သည်များ ရှိသည်။ သို့သော် လက်ရှိ ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကမူ မြန်မာ့အရေးသည် “ပြည်တွင်းရေး” သာဖြစ်ကြောင်း ပြောထားသည်။ ထိုင်းခေါင်းဆောင်များသည်လည်း ထိုအတိုင်းသာ တစ်လေသံတည်း ထွက်ကြသည်။ ထိုင်းနှင့် ဖိလစ်ပိုင်တို့လောက် မတင်းမာသော အင်ဒိုနီးရှားအစိုးရကမူ မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲအသစ် ကျင်းပနိုင်မည့် လမ်းကြောင်းကို အားပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသတင်းများကို ငြင်းပယ်ခဲ့သည်။

အာဏာသိမ်းအပြီး စစ်တပ်ကိုယ်ယောင်ဖျောက်ကာ ဒီမိုကရေစီဘက်သို့ ဟန်ပြပြောင်းလဲခြင်းကို လက်ခံမှုများ ရှိနေသည်ကို မြင်လာရသည့်အတွက် စစ်တပ်များသည် အာဏာသိမ်းမှု အလွန်ကာလတွင် ကမ္ဘာ့အလယ် တင့်တယ်နိုင်ရေးအတွက် အချင်းချင်း လေ့လာသင်ယူမှုများ ရှိလာကြပုံပေါ်သည်။

မာလီတွင်ဆိုလျှင် စစ်အရာရှိများသည် အရပ်သားအုပ်ချုပ်ရေးပုံစံသို့ ပြောင်းကာ ရွေးကောက်ပွဲကျင်းပရန် ပြီးခဲ့သည့်နှစ်က ကတိပေးခဲ့ကြသည်။ ပြင်သစ်ကဲ့သို့ ပြည်ပ အင်အားစုများကလည်း ထိုစကားကို ယုံကြည်ခဲ့ကြဟန်ပေါ်သည်။ သို့သော် စစ်တပ်သည် ထိုအချိန်တည်းက အာဏာကို လက်မလွှတ်တော့ဘဲ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကိုလည်း ထိန်းချုပ်လိုက်တော့သည်။

ထို့နည်းတူစွာ အယ်လ်ဂျီးရီးယားနိုင်ငံတွင် စစ်တပ်က ကြိုးကိုင်ထားသည့် အစိုးရသည် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သော်လည်း စစ်တပ်ချုပ်ကိုင်မှုကို လျှော့ချရန် စတိသဘောလောက်သာ လုပ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းမှု အတွေ့အကြုံ ရှိပြီးသားဖြစ်သဖြင့် ထိုအတွက် အထူးတလည် သင်ယူနေစရာ မလိုတော့ပေ။ သို့သော်လည်း လူထုဆက်ဆံရေးကို မည်ကဲ့သို့ ကိုင်တွယ်မည်၊ ရွေးကောက်ပွဲ လမ်းကြောင်းကို ချပြထားပြီး မည်ကဲ့သို့ ထိန်းချုပ်မှုများ ဆောင်ရွက်မည်ကို အိမ်နီးချင်း ထိုင်းထံမှ သင်ခန်းစာ ယူထားပုံပေါ်သည်။

အနီးစပ်ဆုံး အားဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အရပ်သား အုပ်ချုပ်ရေးအာဏာ အားနည်းပြီး စစ်တပ်ထောက်ခံသည့် နိုင်ငံရေးသမားများ အုပ်ချုပ်ခွင့်ရမည့် ရွေးကောက်ပွဲစနစ်တစ်ခု အသစ်ဖန်တီးနိုင်ခြေရှိသည်။ ထိုင်းစစ်တပ်သည်လည်း ထိုပုံစံအတိုင်း ၂၀၁၄ တွင် အာဏာသိမ်းပြီး ၂၀၁၉ တွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ ဒီမိုကရေစီနိုင်ငံကြီးများက ကြံ့ကြံ့ခံ ရပ်တည်ပေးလျှင်တောင်မှ ထိုနိုင်ငံများသည် အာဏာသိမ်းမှုများကို အားကောင်းမောင်းသန် ရှုတ်ချနိုင်သည့် သြဇာနှင့် ယုံကြည်မှု အပြည့်အဝ ရှိကြသည်မဟုတ်ပေ။ ဘိုင်ဒန်ဦးဆောင်သည့် အစိုးရသည် မြန်မာဗိုလ်ချုပ်ကြီးများ၏ အမေရိကန်တွင်ရှိနေသည့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သည်။ အာဏာသိမ်းမှုနှင့် ဆက်စပ်နေသည့် စစ်ဘက် ထိပ်တန်းခေါင်းဆောင် အချို့ကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများလည်း ချမှတ်သည်။

သို့သော် လက်ရှိ အမေရိကန်၏ ဒီမိုကရေစီသည် အနာအဆာများရှိနေသည်။ ရုရှားကဲ့သို့ အာဏာရှင်ဆန်သည့် နိုင်ငံများကလည်း အမေရိကန်၏ ဒီမိုကရေစီ ကျဆုံးခန်းကို ရယ်သွမ်းသွေးနေပြန်သည်။

မြန်မာ့အာဏာသိမ်းမှုကို ရှုတ်ချပြီး တုံ့ပြန်မှုများ ပြုလုပ်ရန်အဆိုကို ဒီမိုကရက်တစ်နှင့် ရီပါပလစ်ကန် လွှတ်တော်အမတ်များ ပူးတွဲဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် အမေရိကန်အစိုးရ တစ်ရပ်လုံး၏ ခြုံငုံအလုပ်မဖြစ်မှုက နှစ်ပါတီ မူဝါဒချမှတ်မှုအတွက် အဟန့်အတားဖြစ်နေပြန်သည်။

အခြားနိုင်ငံတစ်ခု၏ အားကောင်းသည့်စစ်တပ်ကို ရပ်တန့်ရန် ခက်ခဲသည်ကတော့ အသေအချာပင်ဖြစ်သည်။ သို့သော်လည်း ထိုစစ်တပ်များအား ရပ်တန့်နိုင်ကြောင်းကို သမိုင်းတွင် သက်သေသာဓကများဖြင့် ရှိထားပြီးဖြစ်သည်။ ဖိလစ်ပိုင်တွင် ဒီမိုကရက်တစ် အပြောင်းအလဲများ ဖော်ဆောင်ပြီး သမ္မတအကွီနို တက်လာချိန်၌ စစ်တပ်က အာဏာရယူမှု အကြိမ်ကြိမ်ရှိခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံရေးခေါင်းဆောင်များသည် အာဏာသိမ်းရန် ကြံစည်မှုများကို အမေရိကန်ကဲ့သို့ ပြင်ပအင်အားများ၏ အကူအညီဖြင့် စုံစမ်းထောက်လှမ်းပြီး တားဆီးနိုင်ခဲ့သည်။ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်နှင့် အခြားနိုင်ငံ အများအပြား အတွက်ကတော့ ထိုအဆင့်လောက်ဖြင့် ဖြေရှင်းရန် မလွယ်ကူတော့သည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။
ရာဗီချန်ဒရာကူးမား ပြန်မာပြန်ဆိုသည်။

(မူရင်း - Why the tanks keep rolling By Joshua Kurlantzick)

ဗီဒီယိုများ