ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအောက်က စိုးရိမ်ဖွယ်ရာ ပြည်သူတွေ

ကိုဗစ်ကပ်ဘေးကာလမှာ အွန်လိုင်းဆက်သွယ်ရေးဟာ ခါတိုင်းထက်ပို အရေးကြီးလာပါတယ်။ မိသားစုဆီ ဖုန်းဆက်တဲ့ အချိန်တိုင်း ကျွန်တော်ဟာ ကွာဟချက် ကြီးမားလွန်းတဲ့ နှစ်ဘက်အခြေအနေကြောင့် တအံ့တသြဖြစ်ရစမြဲပါ။ ရန်ကုန်မှာ အလွယ်တကူရတဲ့ နောက်ဆုံးရ သတင်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက သတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို ကျွန်တော့်မိသားစုကို ပြောပြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာက လူတွေဟာ ပါးစပ်စကားကိုပဲ မှီခိုနေရတာ ဖြစ်တဲ့အတွက် ကောလာဟလတွေဆိုရင် မြန်မြန် ပျံ့နှံ့လွယ်ပါတယ်။

By Foreign Desk 10 May 2021

ဓာတ်ပုံ - Shwe Paw Mya Tin—NurPhoto/Getty Images

DMG ၊ မေ ၁၀
(ဘာသာပြန်ဆောင်းပါး)

ကျွန်တော် အင်တာနက်ကို ပထမဆုံး စသုံးဖူးတာ ၂၀၁၄ ခုနှစ်မှာပါ။ အဲဒီတုန်းက ကျွန်တော့်အသက် ၁၈ နှစ်ပေါ့။ မြန်မာပြည် အနောက်စွန်း ရခိုင်ပြည်နယ်က မိဘအိမ်မှာ နေဆဲအချိန်မှာပါ။ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရာစုနှစ် ထက်ဝက်လောက် နေခဲ့ပြီးနောက်တော့ ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ်ပွင့်လင်းစ ပြုလာပါတယ်။

အဲဒီတုန်းက ကျွန်တော်ဟာ ကိုယ့်ရွာပတ်လည် မိုင် ၂၀ ဝန်းကျင်ကလွဲရင် ဘယ်မှမရောက်ဖူးပါဘူး။ ဒါပေမဲ့ ပထမဆုံး ကိုယ်ပိုင်ဖုန်းနဲ့ ဆင်းကတ် ရလာချိန်မှာတော့ ကျွန်တော်ဟာ ဝေးလံလှတဲ့ နေရာတွေက ရုပ်ပုံတွေ၊ နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်တွေကို ပထမဆုံး မြင်ဖူးရပါတော့တယ်။ ကမ္ဘာကြီးအကြောင်းကို ငါဘာမှ မသိသေးပါလား ဆိုပြီး ပထမဆုံး သဘောပေါက်လိုက်မိတဲ့ အချိန်ပါပဲ။

အင်တာနက်ရဲ့ ကျေးဇူးကြောင့်ပဲ ကျွန်တော့်ရဲ့ ငယ်ပေါင်းသူငယ်ချင်း ညီဌေးနဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ အခွင့်အလမ်းသစ်တွေ၊ အိပ်မက်သစ်တွေကို စိတ်ကူးယဉ်ခွင့် ရခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်၊ ပြီးရင် ကိုယ့်မြို့ကိုပြန်လာပြီး ကျောင်းတစ်ကျောင်း ဖွင့်မယ်လို့ သန္နိဌာန် ချခဲ့ကြပါတယ်။
၂၀၁၈ ဒီဇင်ဘာမှာ ကျွန်တော်ဟာ ပညာဆက်သင်ဖို့အတွက် မြန်မာ့အကြီးဆုံးမြို့တော် ရန်ကုန်ဆီ ထွက်လာခဲ့ပါတယ်။ အိမ်ကနေ ရန်ကုန်ထိ ၂၄ နာရီကြာ ကားစီးရပါတယ်။ လမ်းတစ်လျှောက် ချိုင့်တွေ ခွက်တွေနဲ့ပါ။ ညီဌေးကတော့ သူ့မိသားစုနဲ့အတူ လယ်လုပ်ဖို့ ကျန်ခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်လည်း ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကြောင့် အဲဒီအချိန်တည်းက ဘဝခြားကုန်တော့တာပါပဲ။

အခု ကျွန်တော် နိုင်ငံရေးသိပ္ပံကို ဆက်လေ့လာပြီး သင်ကြားမှုကို အဆင့်မြှင့်နေချိန်မှာ ညီဌေးကတော့ အစိုးရချမှတ်ထားတဲ့ အကန့်အသတ်တွေ အောက်မှာ၊ ပိုမိုပြင်းထန်လာနေတဲ့ ပဋိပက္ခတွေအောက်မှာ မျှော်လင့်ချက်တွေ မှေးသထက် မှေးမှိန်သွားရပါပြီ။

ကျွန်တော့်ရဲ့ ဇာတိမြေဟာ ခက်ထန်ကြမ်းကြုတ်နေခဲ့ရတာ ကြာခဲ့ပါပြီ။ ကျွန်တော် အထက်တန်းကျောင်းသား ဘဝမှာပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ရခိုင်အသိုင်းအဝိုင်းနဲ့ မွတ်ဆလင်ရိုဟင်ဂျာ အသိုင်းအဝိုင်းအကြား အဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူအများအပြားဟာ နေရပ်စွန့်ခွာ ခဲ့ရပါတယ်။ စွန့်ခွာရသူ အများစုကတော့ ရိုဟင်ဂျာတွေပါ။

၂၀၁၇ ခုနှစ်ကို ရောက်တော့ ရခိုင်ဒေသဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးရတဲ့ ရိုဟင်ဂျာစုစုပေါင်း ရ၄၀၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ မြန်မာလည်း ဒီလုပ်ရပ်ကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ အားထုတ်မှုနဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အခု တရားရင်ဆိုင်နေရပါပြီ။

၂၀၁၈ နှောင်းပိုင်းမှာတော့ ပဋိပက္ခ နောက်တစ်ခု အစပျိုးလာပါတယ်။ ဒီတစ်ခါတော့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲပါ။ အေအေဟာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ရခိုင်မှာ ဖြစ်တဲ့ ဒီလက်နက်ကိုင်ပဋိပက္ခဟာ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်လျက်ရှိတဲ့ နှစ်ပေါင်း ရ၀ ကျော်ကြာ မြန်မာ့ပြည်တွင်းစစ်ထဲက နောက်ဆုံး ဖြစ်ရပ်ပါ။ ပြီးခဲ့တဲ့ ၂ နှစ်တာကာလ အတွင်းမှာ ဒီပဋိပက္ခ တစ်ခုတည်းကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၂၄၀၀၀၀ ကျော်ရှိခဲ့ပြီး သေနတ်၊ မြေမြှုပ်မိုင်း၊ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံး ဒဏ်ရာရသူလည်း ရာပေါင်းများစွာ ရှိခဲ့တယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း တစ်ခုရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာ့တပ်မတော်ရဲ့ မျှားဦး ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆီ ဦးတည်လာချိန်မှာပဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရဟာ ရခိုင်က မြို့နယ်ကိုးခုမှာ အင်တာနက် ဖြတ်တောက်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်မှာ စတင်ခဲ့တဲ့ အင်တာနက် ဖြတ်တောက်မှုကို စစ်ရေးပဋိပက္ခတွေကြားက ထပ်ဆင့် ခံစားခဲ့ရသူပေါင်း ၁.၄ သန်းထက်မနည်း ရှိခဲ့ပါတယ်။

၂၀၂၀ သြဂုတ်လမှာ 2G ဝန်ဆောင်မှုတွေ ပြန်ဖွင့်ပေးပါတယ်။ ဒါပေမဲ့ 3G နဲ့ 4G ကွန်ရက်တွေကို တစ်မြို့မှာပဲ ဖွင့်ပေးပြီး ကျန်မြို့တွေ အကုန် ပိတ်ခံထားရဆဲ ဆိုတော့ အင်တာနက်ကို သာမန်အဆင့်တောင် သုံးမရကြပါဘူး။

အစိုးရကတော့ ဒီကန့်သတ်ချက်တွေဟာ အေအေရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အရပ်သားတွေရဲ့ လုံခြုံရေးကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။ အင်တာနက်မရတဲ့အတွက် လူထုဟာ အရေးပါတဲ့ သတင်းတွေကို မသိရတော့ပါဘူး။ ဒီအချက်ဟာ မေလအတွင်းက ကျွန်တော်တို့ရွာနဲ့ ခုနစ်မိုင်ခန့် ဝေးတဲ့ နေရာက အိမ်ခြေ ၁၉၀ ကျော် မီးလောင်မှု ဖြစ်တဲ့အချိန်မှာ သိပ်သိသာသွားပါတယ်။ မီးခိုးလုံးကြီးတွေ လှမ်းမြင်နေရပြီး ဘာဖြစ်မှန်းလည်း မြန်မြန်ဆန်ဆန် အတည်မပြုနိုင်တဲ့အတွက် ကျွန်တော့် မိသားစုဟာ ကျွန်တော့်ဆီ အလန့်တကြား ဖုန်းဆက်မေးကြပါတယ်။ ဘယ်ကိုသွားရင် လုံခြုံမလဲ သိချင်လို့ မေးကြတာပါ။

အင်တာနက်သာ ရှိမယ်ဆိုရင် ရွာသားတွေအချင်းချင်း သတိပေးစာပို့တာ၊ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြတာမျိုး လုပ်ပြီး အန္တရာယ်ရှိကြောင်း သတိပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီလို အသက်တမျှ အရေးပါတဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော့်ရွာက မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ခုထိ မရကြသေးပါဘူး။

ကိုဗစ်ကပ်ဘေးကာလမှာ အွန်လိုင်းဆက်သွယ်ရေးဟာ ခါတိုင်းထက်ပို အရေးကြီးလာပါတယ်။ မိသားစုဆီ ဖုန်းဆက်တဲ့ အချိန်တိုင်း ကျွန်တော်ဟာ ကွာဟချက် ကြီးမားလွန်းတဲ့ နှစ်ဘက်အခြေအနေကြောင့် တအံ့တသြဖြစ်ရစမြဲပါ။ ရန်ကုန်မှာ အလွယ်တကူရတဲ့ နောက်ဆုံးရ သတင်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက သတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို ကျွန်တော့်မိသားစုကို ပြောပြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာက လူတွေဟာ ပါးစပ်စကားကိုပဲ မှီခိုနေရတာ ဖြစ်တဲ့အတွက် ကောလာဟလတွေဆိုရင် မြန်မြန် ပျံ့နှံ့လွယ်ပါတယ်။

သိပ်မကြာသေးခင်ကပဲ ကျွန်တော့်ကို အရက်နဲ့ ကြက်သွန်ဖြူက ကိုဗစ်မကူးအောင် ကာကွယ်ပေးတယ်ဆိုတာ ဟုတ်သလားလို့ မေးခဲ့ကြပါသေးတယ်။ နိုင်ငံတစ်ဝန်း ပျံ့နှံ့နေတဲ့ ကိုဗစ်ရောဂါဆိုတာ စစ်တပ်က လူထုကြောက်အောင် တမင်ဖြန့်နေတဲ့ သတင်းတုမဟုတ်လား ဆိုပြီးတော့တောင် မေးကြပါတယ်။

ဒီနှစ်မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေး မဲဆွယ်စည်းရုံးမှုတွေဟာ ကိုဗစ်ကြောင့် အွန်လိုင်းပေါ်ကို ရောက်ကုန်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့ ရွေးကောက်ပွဲဟာ နိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က အာဏာကို အရပ်သားအစိုးရဆီ လွှဲအပ်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ကျွန်တော်က ကိုယ်စားလှယ်လောင်းတွေ အကြောင်းကို အနီးကပ် စောင့်ကြည့်နိုင်ပေမယ့် ကျွန်တော့်ရွာက လူတွေကတော့ ဂရုမစိုက်အားပါ။ သူတို့မှာ အင်တာနက် ရှိခဲ့မယ်ဆိုရင်တောင် သူတို့ဟာ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရုတ်သိမ်းခံထားရသူ ၁.၅ သန်းထဲမှာ ပါနေပါတယ်။ ဒီအထဲမှာ အများစုက လူနည်းစုတိုင်းရင်းသား တွေပါ။ ကျွန်တော်တို့ရွာ အပါအဝင် ရခိုင်က နေရာအများစုမှာ စစ်ရေးပဋိပက္ခကြောင့် ရွေးကောက်ပွဲ မကျင်းပပါဘူး။

အင်တာနက် ဖြတ်တောက်ခံရခြင်းရဲ့ ဆိုးကျိုးနောက်တစ်ခု ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ နှုတ်ပိတ်ခံထားရခြင်းပါ။ ဆိုရှယ်မီဒီယာပေါ်မှာ ဘာမှ မရေးနိုင်၊ ပုံ မတင်နိုင်၊ ဗီဒီယို မတင်နိုင် အစရှိသဖြင့် သူတို့ဟာ အဖြစ်အပျက်တွေကို ကမ္ဘာကြီးနဲ့ အပြည့်အဝမျှဝေခွင့် မရကြပါ။ ပိုဆိုးတာက ပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြခွင့်မရအောင် အာဏာပိုင်တွေ ကိုယ်တိုင်က ဟန့်တား နှောင့်ယှက်မှုတွေ လုပ်နေကြတဲ့အချက် ပါပဲ။ နိုင်ငံတကာ သတင်းဌာနတွေကို ခရီးသွားလာခွင့် ကန့်သတ်တာ၊ ဒေသခံ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ဒေသခံ သတင်းဝက်ဘ်ဆိုက်တွေကို ကြည့်မရအောင် ပိတ်ပင်ထားတာတွေအထိ အစိုးရရဲ့ လုပ်ရပ်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

တလောက ကျွန်တော့်သူငယ်ချင်း ညီဌေးနဲ့ စကားပြောဖြစ်ပါတယ်။ သူက ရွာမှာ နေရထိုင်ရတာ ပိုခက်ခဲလာတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော်တို့ တစ်ခါက စိတ်ကူးယဉ် အိပ်မက်ခဲ့သလို နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ဆိုတဲ့စိတ်ကူး သူ့ဆီမှာ ဘာမှမကျန်တော့ပါဘူး။ အသက်ရှင် ရပ်တည်ရေးအတွက်ပဲ လုံးပန်းနေရပါတယ်။ သေနတ်သံတွေ နေ့တိုင်း ကြားနေရပြီး အိမ်ပြင်ထွက်ဖို့တောင် ကြောက်လန့်နေရသလို ဒီနှစ် စပါးတွေ ရိတ်သိမ်းနိုင်ပါ့မလား ဆိုတာလည်း စိုးရိမ်နေရတဲ့အတွက် စားနပ်ရိက္ခာ အတွက်ပါ ထပ်တိုး စိုးရိမ်နေရတယ်လို့ ညီဌေးက ပြောပြပါတယ်။ အင်တာနက်မရှိတော့ သူ့အနေနဲ့ စပါးပေါက်ဈေး စုံစမ်းဖို့၊ မျိုးစေ့ဝယ်ဖို့ ဒါမှမဟုတ် လယ်ယာသုံးပစ္စည်တွေ ဝယ်ဖို့ဆိုတာ ပိုပို ခက်ခဲလာနေပါတယ်။ ဆက်ပြီး လယ်လုပ်နိုင်ဦးမယ် ဆိုရင်တောင် သူ့အတွက်က ရေရှည် လယ်ယာစိုက်ပျိုးရေး လုပ်နိုင်မယ့် အလားအလာက အားရစရာ ရှိမနေပါဘူး။
အင်တာနက် သုံးစွဲမှု ကန့်သတ်ခံထားရတော့ ငွေသွင်းငွေထုတ် ကိစ္စမျိုးမှာ အခက်ကြုံနေရတာကြောင့် ဒေသခံစီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေဟာ အကြီးအကျယ် ရုန်းကန်နေရပါတယ်။

ကျွန်တော်တို့ မျိုးဆက်မှာ  အွန်လိုင်း အင်တာနက်ဆိုတာ ပညာသင်ကြားရေးနဲ့ လုပ်ငန်းတိုးတက်ရေးအတွက် မရှိမဖြစ်ပါ။ အင်တာနက်ကြောင့်ပဲ ကျွန်တော်ဟာ ပညာသင်ဆု လျှောက်နိုင်ခဲ့တ၊ အွန်လိုင်းသင်တန်းတွေ တက်နိုင်ခဲ့၊ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို အလွတ်သတင်းထောက် အဖြစ် သတင်းပေးပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်က ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အမှောင်ထဲရောက်နေတာကို မြင်နေရတာ ကျွန်တော့်စိတ်ထဲမှာ နာကြင်လှပါတယ်။

 “အင်တာနက် ပိတ်ခံထားရတော့ ငါ့အိပ်မက်က သေသွားပြီ” လို့ ညီဌေးက ကျွန်တော့်ကို ပြောပါတယ်။
“ဘယ်လို ရှေ့ဆက်ရမလဲတောင် မသိတော့ပါဘူးကွာ” လို့ သူက ပြောပါတယ်။

သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မြန်မာအစိုးရဟာ အင်တာနက်တွေ အပြည့်အဝ ပြန်ဖွင့်ပေးပြီး ကျွန်တော့်ဇာတိမြေမှာ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုုးဖောက်မှုတွေကို ရှုတ်ချတဲ့နေ့ကို တစ်ချိန်ချိန် ရောက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒီအချိန်မတိုင်မီ အထိတော့ လူအများရဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေဟာ ဝေးသထက်ဝေးနေရဦးမှာပဲ ဖြစ်ပါတယ်။

၂၀၂၀ နိုဝင်ဘာလ ၁၆ ရက်နေ့က Time ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် “People in Parts of Myanmar Are Living Under the World's Longest Internet Shutdown. It's Putting Lives in Danger” ကို မြန်မာမှုပြုပါသည်။

မှတ်ချက် ။ ။ စာရေးသူ ကျော်ဆန်းလှိုင်သည် မြန်မာနိုင်ငံရှိ စစ်ရေးပဋိပက္ခများရှိရာ ရခိုင်ပြည်နယ်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ အဆိုပါဒေသတွင် အစိုးရ၏ ကာလရှည်ကြာ အင်တာနက်ဖြတ်တောက်မှုကို ခံစားနေကြရသူ ၁.၄ သန်းကျော် ရှိသည်။ မြန်မာအစိုးရသည် ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ နေရာအများအပြားတွင် အေအေ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုဒေသများတွင် ၂၀၁၉ ခုနှစ် ဇွန်လတည်းက အင်တာနက် ဖြတ်တောက်ထားသည်။ အင်တာနက် ဖြတ်တောက်မှုကြောင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အဟန့်အတား ဖြစ်နေပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှုများ ဆောင်ရွက်ရန်လည်း အခက်တွေ့နေရသဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။ ဤဆောင်းပါးအား ပူလစ်ဇာစင်တာမှ ထောက်ပံ့ကူညီပါသည်။

ဗီဒီယိုများ