အကြမ်းဖက်မှုတွေနဲ့ ကိုယ့်ဇာတ်ကိုယ်မနိုင် ဖြစ်နေတဲ့ မြန်မာစစ်တပ်

စစ်ကောင်စီသည် အိမ်နီးချင်းထိုင်းနိုင်ငံကို အားကျမခံဘဲ အတုခိုးဖို့ကြိုးစားနေသည်က ထင်ရှားပါသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကို ၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းသည် အာဏာရပါတီစုံ ညွှန့်ပေါင်းဖွဲ့မှုဖြင့် ၂၀၁၉ ခုနှစ် အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

By ကြည်ဖြူစံ 01 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၁

ဘာသာပြန်ဆောင်းပါး

ပြီးခဲ့သောဩဂုတ်လ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မကြာသေးခင်က ဆောင်ရွက်ခဲ့သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အလွန်စိတ်ဆိုးဒေါသထွက်နေပြီး အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့သည်။ “အာဆီယံအဖွဲ့ဝင်တွေအားလုံး အလွန်စိတ်ပျက်နေကြပါတယ်” ဟု အာဆီယံဥက္ကဌ ဟွန်ဆန်က အဖွင့်အမှာစကား ပြောခဲ့သည်။

ပြီးခဲ့သောနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းယူချိန်မှစပြီး မြန်မာစစ်တပ်က နိုင်ငံ၏အရပ်သားများအပေါ် အကြမ်းဖက်ဖြိုခွဲမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သော ဧပြီလတွင် မြန်မာစစ်ကောင်စီနှင့် အာဆီယံက အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရေးအပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် သဘောတူညီမှုရရှိထား သော်လည်း မြန်မာစစ်တပ်က အဆိုပါ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်းပင် လျစ်လျူရှုခဲ့ခြင်းကြောင့် ဩဂုတ် ၃ ရက် အစည်းအဝေးအပါအဝင် အာဆီယံ အထူးအစည်းအဝေးများသို့ တက်ရောက်ခွင့်ပိတ်ပင်ခံ ထားရသည်။

ယခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင်လည်း ဟွန်ဆန်အပါအဝင် အခြားရင်းမြစ်အမျိုးမျိုးထံမှ ကွပ်မျက်မှုကိုတားမြစ်သည့် တောင်းဆိုမှုများ ကြီးထွားလာခဲ့သည့်တိုင် တက်ကြွလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက ကွပ်မျက်ခဲ့သည်။

မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပေးပို့ခဲ့သောပေးစာတစ်စောင်တွင် ကွပ်မျက်မှုသည် မတည်ငြိမ်မှုများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသောအဖြေ ရရှိရန်ကြိုးပမ်းနေမှုများအပေါ် ဆိုးဆိုးရွားရွား ထိခိုက် စေလိမ့်မည်ဟု ဟွန်ဆန်က ဆိုထားသည်။ သို့သော် အရာမထင်ခဲ့ပေ။ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသတွင်းအစည်းအဝေး အပါအဝင် အခြားအရေးပါသော သံတမန်ရေးရာ အခမ်းအနားများ မစတင်ခင်မှာပဲ ကွပ်မျက်ခြင်းကို လုပ်ဆောင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ၁၉၈၉ ခုနှစ်တွင် သေဒဏ်ပေးခြင်းကို ဖျက်သိမ်းခဲ့သည်။ ပြစ်မှုဆိုင်ရာဥပဒေကို အသုံးချပြီး အတိုက်အခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပိုပေါ့အစိုးရ၏ ရက်စက်ယုတ်မာမှုများအား တုန့်ပြန်သည့်အနေဖြင့် လေးနှစ်အကြာတွင် ထိုသေဒဏ်တားမြစ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းခဲ့သည်။ မြန်မာစစ်ကောင်စီသည် ဟွန်ဆန်၏ ပန်ကြားချက်အား လျစ်လျူရှုခဲ့ခြင်းကြောင့် အာဆီယံဥက္ကဌအဖြစ်မှ မျက်နှာပျက်ခဲ့ရုံသာမက ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သူ၏ဂုဏ်သိက္ခာကိုပါ ထိခိုက်သွားခဲ့သည်။

ကွပ်မျက်မှုများပြီးဆုံးပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့သည်။ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ(CSIS)၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Lina Alexandra က အဆိုပါ ကွပ်မျက်မှုသည် အာဆီယံနှင့် သဘောတူညီချက်များကို မြန်မာစစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်မှုများတွင်  “လက်ခံနိုင်စရာမရှိဆုံး” နှင့် “ရိုင်းစိုင်းသောလုပ်ရပ်” အဖြစ် ခေါ်ဆိုခဲ့သည်။

သို့သော်လည်း မြန်မာစစ်ကောင်စီသည် လူပေါင်း ၂၁၀၀ ကျော်ကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ နောက်ဆုံးရက်စက်ယုတ်မာမှုများက အခြားရိုင်းစိုင်းယုတ်မာမှုများထက် ပို၍ ရိုင်းစိုင်းယုတ်မာသည်ဟု မဆိုနိုင်ပေ။

ကွပ်မျက်ခံခဲ့ရသူ လေးဦအနက်မှနှစ်ဦးမှာ ထင်ရှားကျော်ကြားသူများ ဖြစ်သောကြောင့် အဆိုပါကွပ်မျက်မှုက လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုသူနှစ်ဦးအနက်တစ်ဦးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်ဖြစ်သည်။ ၎င်းသည် တစ်ချိန်တုန်းက ပြည်တွင်းဂီတလောက၏ ထိပ်ဆုံးမှာရပ်တည်ခဲ့သော နာမည်ကြီးဂီတသမားဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သော ဖြိုးဇေယျာသော်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပါဝင်ခဲ့သည်။

နောက်တစ်ဦးမှာ ဂျင်မီဟု လူသိများကျော်ကြားသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျော်မင်းယု ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ကွပ်မျက်ခြင်းသတင်းက တုန်လှုပ်စရာဖြစ်ခဲ့သလို အံ့အားသင့်စရာလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သေဒဏ် အပြစ်ဒဏ်ကို လျှော့ပေါ့ပေးလေ့ရှိသည်။ ၁၉၇၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ခြင်းမရှိဘဲ နောက်ဆုံးကွပ်မျက်မှုကို ၁၉၉၀ ပြည့်နှစ်တွင် ဆောင်ရွက်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၁၇ ဦးကို သေဒဏ်ချမှတ်သော်ငြား မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ အများအပြားကတော့ ၎င်းသေဒဏ်ကျခံရသူများကို အမှန်တကယ် သေဒဏ်ပေးလိမ့်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။

ကွပ်မျက်ခြင်းက တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းလာစရာ မရှိသောကြောင့် ဖြစ်လာလိမ့်မည်မဟုတ်ဟု ပညာရှင် အချို့က ယူဆခဲ့ကြသည်။ တက်ကြွလှုပ်ရှားသူများအား သေဒဏ်ပေးခြင်းသည် စစ်အုပ်စု ဆန့်ကျင်သူများအား ခြိမ်းခြောက်မှုဖြစ်လာနိုင်သော်လည်း ထိုသို့သော ကွပ်မျက်မှုများကပင် ပြည်တွင်းပြည်ပ စိတ်ဆိုးဒေါသထွက်မှုများနှင့် ထိုက်တန်မှုရှိရန် ခက်ခဲပေသည်။ သို့သော် မြန်မာစစ်ကောင်စီက ရှေ့ဆက်လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “သူတို့က အကြမ်းဖက်မှုနဲ့ရှေ့ဆက်ဖို့ပဲ သိတယ်။ ကျန်တာဘာမျှမသိဘူး” ဟု ကျိုတိုတက္ကသိုလ်မှတွဲဖက် ပါမောက္ခ Yoshihiro Nakanishi ကပြောသည်။  “သူတို့ စစ်တိုက်နေတယ်လို့ပဲ ထင်နေကြတယ်။ အဲဒါက သူတို့ အတွက် နောက်ထပ်အရာတွေ အားလုံးကို သတိမပြုစေခဲ့တဲ့ အချက်ပဲ။”

အဆိုပါ နောက်ဆုံးကွပ်မျက်မှုက်ု မြန်မာစစ်ကောင်စီက ကတိပေးထားသော အထွေထွေရွေးကောက်ပွဲ မကျင်းပမီ တစ်နှစ်အလိုတွင် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုလုပ်ရပ်သည် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် တင်းမာမှုများကို သေချာပေါက် ဆက်လက်တောက်လောင်စေမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းအား ပို၍ပင် မတည်မငြိမ် ဖြစ်လာစေပေလိမ့်မည်။ လာမည့် ဩဂုတ်လတွင် စီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပရန် ပို၍ ခက်ခဲလာလိမ့်မည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက မဲဆန္ဒရှင်စာရင်းများနှင့် အခြားပုံမှန်မဟုတ်သော လိမ်လည်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းကြောင့် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည် ဟူသောအချက်ကို စစ်တပ်က ဆက်လက်ကိုင်စွဲထားသည်။ သို့သော် ပုံမှန်အခြေအနေများအောက်တွင် ၎င်းတို့ အနေဖြင့် NLD နှင့်မယှဉ်နိုင်ကြောင်း စစ်အုပ်စုက ကောင်းစွာသဘောပေါက်ထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုအပါအဝင် အခြားရာဇဝတ်မှုများဖြင့် စွဲချက်တင်ပြီး အကျဉ်းထောင် ပို့ထားသည်။ စစ်တပ်က ကျောထောက်နောက်ခံပြုထားသော USDP  ကိုပင် ယခုတစ်ကြိမ်တွင်လည်း အယောင် ဆောင်လူထုထောက်ခံမှုဖြင့် နိုင်ငံအား ဆက်ပြီးအုပ်ချုပ်နိုင်ရန် ထိုပါတီအနိုင်ရနိုင်မည့် မတရားမှုများဖြင့် ရွေး ကောက်ပွဲစနစ်များကို ပြောင်းလဲ လုပ်ကိုင်လျက်ရှိနေသည်။

စစ်ကောင်စီသည် အိမ်နီးချင်းထိုင်းနိုင်ငံကို အားကျမခံဘဲ အတုခိုးဖို့ကြိုးစားနေသည်က ထင်ရှားပါသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကို ၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းသည် အာဏာရပါတီစုံ ညွှန့်ပေါင်းဖွဲ့မှုဖြင့် ၂၀၁၉ ခုနှစ် အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံ၏ အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲစနစ်တွင် ကိုယ်စားလှယ်တစ်နေရာစီရှိ မဲဆန္ဒနယ်များ နှင့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် ဆက်နွယ်နေသော Pheu Thai ပါတီ ပြန်လည်ဝင်ရောက်လာခြင်းအား တားဆီးနိုင်ရန် အတွက် ကိုယ်စားလှယ်တစ်နေရာစီရှိသည့် မဲဆန္ဒနယ်များတွင် ပိုမိုအားကောင်းသည့် ပါတီများအား စစ်တပ်ကပြုပြင်ပြောင်းလဲခဲ့သည်။ ၎င်းအပြင် ရွေးကောက်ပွဲ၌ စစ်အုပ်စုက ခန့်အပ်ထားသော အထက်လွှတ်တော်မှ ကိုယ်စားလှယ်များအား ရွေးကောက်ခံ အောက်လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ ဝန်ကြီးချုပ်များအား မဲပေးရွေးချယ်ခွင့်ရှိသော စနစ်သို့ ပြောင်းလဲခဲ့သည်။ Pheu Thai ပါတီက အောက်လွှတ်တော်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာ အများဆုံး ရရှိခဲ့သော်လည်း ပရာယွတ် ကသာ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီးတည်ရှိနေခဲ့သည်။

မြန်မာစစ်ကောင်စီသည်လည်း ကိုယ်စားလှယ်နေရာတစ်ခုစီရှိ မဲဆန္ဒနယ်များအပေါ် အခြေခံသည့်စနစ်မှ အချိုး ကျကိုယ်စားပြုစနစ်သို့ ပြောင်းလဲရန် အကွက်ချစီစဉ်နေသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲတွင် NLD က နေရာအားလုံး၏ ၈၃ ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး USDP ၏ ရ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ သို့ရာတွင် ရရှိခဲ့သော စုစုပေါင်းမဲအရေအတွက်အရ NLD က ၆၈ ရာခိုင်နှုန်း၊ USDP က ၂၂ ရာခိုင်နှုန်း ဖြစ်နေသည်။ အကယ်၍ ကိုယ်စားလှယ်နေရာ တစ်ခုတည်းဖြင့် မဲဆန္ဒနယ်စနစ်ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် အစားထိုးလိုက်လျှင်မူ USDP ၏ အနေအထားက ပို၍ကောင်းမွန်လာလိမ့်မည်ဟု စစ်အုပ်စုက ယုံကြည်နေပုံပေါ်သည်။

အမှန်တကယ်တွင်တော့ USDP ပါတီက အနိုင်ရရန် NLD ထက်မဲပို၍ မလိုအပ်ပေ။ ထိုင်းနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံ၏သမ္မတကို လွှတ်တော်က ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။ အမတ်နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်များက ရရှိထားပြီးဖြစ်သောကြောင့် အများစုအနိုင်ရရှိရေး အတွက်မူ USDP က ဝင်ရောက်ယှဉ်ပြိုင်သည့် နေရာအားလုံး၏ ၃၃ ရာခိုင်နှုန်းကျော် ရရှိရန်သာ လိုအပ်ပေသည်။ ပြီးခဲ့သောရွေးကောက်ပွဲ၌ USDP သည် မဲအရေအတွက် အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ရရှိခဲ့သော်ငြား ရွေးကောက်ပွဲစနစ်သစ်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာရန် လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ ပါတီငယ်များနှင့် ပူးပေါင်းမှုအပါအဝင် အခြားသော နည်းပေါင်းစုံကို အသုံးပြုနိုင်ပေလိမ့်မည်။ စစ်တပ်ကထိန်းချုပ်ထားသော ရွေးကောက်ပွဲတွင် “ဘာမဆိုဖြစ်နိုင်သည်” ဆိုသည်ကို မြင်တွေ့နေရပါသည်။

အလွန်အရေးပါလှသည့် ထိုင်းနှင့် မြန်မာအကြား ခြားနားချက်တစ်ခုမှာ အစိုးရအာဏာကို သိမ်းယူပြီးနောက် ဆက်လက်ဖော်ဆောင်သော စစ်တပ်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ထိုင်းဗိုလ်ချုပ်များက အတိုက်အခံအင်အားစုများနှင့် ဆက်ဆံရာတွင် အင်အားအလွန်အကျွံ သုံးစွဲတာမျိုး ရှောင်ရှားလေ့ရှိသော်လည်း မြန်မာစစ်တပ်ကတော့ ထိုသို့လုပ်ဆောင်ခြင်းမျိုး မရှိပါ။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား မြန်မာနိုင်ငံတွင် ကွပ်မျက်ခဲ့ပြီးနောက် ထိုင်းသတင်းစာ Khaosod ပရာယွတ်အစိုးရက ဖိနှပ်မှုများအား “သကြားအချိုဖြင့် ဖုံးအုပ်ခြင်း” ပြုရာတွင် ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ပါက အတော်အသင့်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည် ဟုဖော်ပြခဲ့သည်။ ထိုင်းစစ်တပ် အနေဖြင့် အတိုက်အခံများအား နှိမ်နင်းခဲ့သော်လည်း သွေးထွက်သံယိုဖြစ်မှုများကိုတော့ ရှောင်ရှားနိုင်ခဲ့သည်။ ၎င်းတို့ အာဏာသိမ်းပြီးနောက် ထိုင်းစစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများဖြင့် ပြည်သူများအပေါ် ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် ပရာယွတ်အစိုးရအပေါ် နိုင်ငံတကာက လက်သင့်ခံခဲ့ကြသည်။

မြန်မာစစ်အုပ်စု အာဏာသိမ်းပြီးနောက် အစပိုင်းမှာတော့ စစ်ဆပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စောင့်ကြည့်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပြင်းထန်ရက်စက်သော နည်းလမ်းများဖြင့် နှိမ်နင်းခဲ့သည်။ “ထိုင်းနဲ့မတူတာက မြန်မာစစ်တပ်ဟာ သူ့ရဲ့နည်းလမ်းဟောင်းတွေကို ပြောင်းလဲမပစ်ဘဲ သူ့အာဏာကို အတင်းအဓမ္မပြဌာန်းနိုင်ဖို့ အကြမ်းဖက် နည်းလမ်းတွေကိုပဲ အမြဲအသုံးချဖို့ ကြိုးစားလေ့ရှိတတ်တာပဲ” ဟု ထိုင်းစစ်တပ်မှ အရာရှိတစ်ဦးက ပြောသည်။ “အဲဒါက မျောက်ကိုခြိမ်းခြောက်နိုင်ဖို့ ကြက်သတ်ပြလိုက်တာမျိုးပဲ” ဟု ထိုင်းစကားပုံတစ်ခုကို ကိုးကားပြီး စစ်အုပ်စု၏ လုပ်ရပ်များကို ရှင်းပြခဲ့သည်။

စစ်တပ်၏ ဖိနှိပ်မှုများကြောင့် စစ်အုပ်စုအပေါ် လူထုအမုန်းတရား ကြီးထွားလာတာကတော့ သေချာပါသည်။ ထို့ကြောင့် လာမည့်နှစ်တွင် စီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ဆိုသည်က ပို၍ပို၍သာ မရေရာမှုများ တိုးလာနေသည်။ ကျင်းပနိုင်ခဲ့ပြန်လျှင်လည်း မဲဆန္ဒရှင်များက မဲမှလာပေးကြပါမည်လား။ ရွေးကောက်ပွဲရလဒ်ကိုရော နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံနိုင်ပါမည်လား စသည်တို့မှာ အများကစဉ်းစားစရာပင်။

မည်သို့မျှ အကောင်းဘက်သို့ ပြောင်းလဲခြင်းမရှိလျှင် အာဆီယံကိုယ်တိုင်ကပင် ရွေးကောက်ပွဲရလဒ်အား လက်ခံမည်မဟုတ်ဘဲ အမေရိကန်နှင့် ဥရောပနိုင်ငံတို့အတွက်မူ ပြောစရာပင်မလိုပေ။ အကယ်၍ ရွေးကောက်ပွဲရလဒ်များကို မည်သူကမှ အသိအမှတ်မပြုခဲ့လျှင် စစ်တပ်က ၎င်းတို့၏တရားဝင်မှုအား မည်ကဲ့သို့ တောင်းဆိုနိုင်မည်နည်း ဟူသည့်မေးခွန်း ရှိလာသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အတိအလင်းပြောဆိုထားသော NLD အတွက်လည်း အကျပ်ရိုက်စရာဖြစ်နေသည်။ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံအာဏာသိမ်းမှုတွင် အစိုးရအဖြစ်မှ ဖယ်ရှားခံခဲ့ရသော Pheu Thai ပါတီသည် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင်ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိအနေအထားအား ပြောင်းလဲပစ်နိုင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ လွှတ်တော်ကို ပြန်လည်အသက်သွင်းရန်နှင့် ထိုနေရာတွင် ပြောဆိုခွင်ရဖို့ Pheu Thai က ဆုံးဖြတ်ခဲ့ပုံပေါ်သည်။

NLD အနေဖြင့် ရွေးကောက်ပွဲသပိတ်မှောက်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရုံမျှဖြင့် စစ်အုပ်စုကို မဖယ်ရှားနိုင်ပေ။

ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီ၏ အတင်းအကျပ်တွန်းအားပေးမှု သို့မဟုတ် ရွေးကောက်ပွဲဝင်ရန် အတိုက်အခံများက ငြင်းဆိုနေမှု ထိုနှစ်ခုစလုံးက လက်ရှိတိုင်းပြည် မတည်ငြိမ်မှုများမှ လွတ်မြောက်ရာ ထွက်ရပ်ပေါက်လမ်းကို ပြသနိုင်လိမ့်မည်မဟုတ်ပေ။

အကြမ်းဖက်မှုက နောက်ထပ်အကြမ်းဖက်မှုတစ်ခုကို မွေးဖွားပေးနေချိန်မျိုးတွင် အဖွဲ့အစည်းနှစ်ခုအကြား ရှေ့မတိုးသာ နောက်မဆုတ်သာ ထွက်ပေါက်မရှိသောအခြအနေများအား ရင်ဆိုင်နေရခြင်းသည် နိုင်ငံ၏ နက်ရှိုင်းသော စိုးရိမ်သောကကို ဖော်ပြနေပါတော့သည်။

ကြည်ဖြူစံ

“Nikkei Asia” တွင်ဖော်ပြထားသော “Toru Takahashi” ၏ “Myanmar Military drives itself into corner on violent crackdowns” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ