ရေငုပ်သင်္ဘောမျက်နှာနဲ့ အိန္ဒိယက တရုတ်ထက် နှာတစ်ဖျားသာ

နိုင်ငံခြားရေးမူဝါဒ လေ့လာသူတစ်ဦးဖြစ်သလို ယခင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်တစ်ဦးလည်း ဖြစ်သူ ရာဂျစ်ဘာတီယာကတော့ ရေငုပ်သင်္ဘော လက်ဆောင်ပေးတာ၊ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ရင်းဂလားနဲ့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးနာရာဗင်းတို့ရဲ့ ခရီးစဉ် အစရှိတဲ့ အိန္ဒိယရဲ့ ခြေလှမ်းတွေဟာ  ထူးခြားပြီး အရေးပါတဲ့လုပ်ရပ်တွေလို့ ဆိုပါတယ်။

By ရာဗီချန်ဒရာကူးမား 24 Oct 2020

၂၀၂၀ အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့ရေတပ် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းမှာ တွေ့မြင့်ရတဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘော။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဆိုက်)


အိန္ဒိယဟာ မြန်မာကို ရေငုပ်သင်္ဘောတစ်စီး လက်ဆောင်ပေးလိုက်နိုင်တဲ့ အတွက် တရုတ်ထက် နှာတစ်ဖျား သာသွားပါပြီ။

ဆင်ဒူးဗီယာ (INS Sindhuvir) လို့ အမည်ပေးထားတဲ့ ဒီရေငုပ်သင်္ဘောဟာ ၁၉၈၀ ကျော်ကာလတွေမှာ အိန္ဒိယက ဆိုဗီယက်ပြည်ထောင်စုဆီက ဝယ်ယူခဲ့ပြီး ကီလိုအဆင့် ဒီဇယ်လျှပ်စစ်ရေငုပ်သင်္ဘောဖြစ်ပါတယ်။

ဒီသင်္ဘောကို အိန္ဒိယက အဆင့်မြှင့်ပြီး ၂၀၂၀ မှာ မြန်မာဆီ လွှဲပြောင်းပေးအပ်တော့ မြန်မာ့ရေတပ်က မင်းရဲသိင်္ခသူလို့ အမည်ပြောင်းလိုက်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့ရေတပ် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းမှာ မင်းရဲသိင်္ခသူ ပါဝင်လေ့ကျင့်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယက မြန်မာကို ဒီရေငုပ်သင်္ဘော လက်ဆောင်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 “ဒီဇိုင်းကတော့ အဟောင်းပဲ။ ဒါပေမဲ့ ဒါပေမဲ့ မြန်မာဆီမလွှဲပေးခင် သေချာပြုပြင်ပြီး အဆင့်မြှင့်ထားတယ်။” လို့  အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
“တရုတ်ရေတပ်ရဲ့ လွှမ်းမိုးမှု မြင့်တက်လာနေလို့ ဒေသတွင်းနိုင်ငံတွေ ရေပြင်လုံခြုံရေးအတွက် မျက်စိဒေါက်ထောက် ကြည့်ဖို့လိုအပ်ချိန်မှာ အိန္ဒိယက သူ့ရဲ့ရေငုပ်သင်္ဘောတစ်စီး မြန်မာကို လက်ဆောင်ပေးတယ်ဆိုတာ တော်တော်အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်” လို့လည်း သူကဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား တရုတ်လက်နက်တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ စိတ်ပူမှုတွေ မြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြန်မာမှာ အပြောများတဲ့ “တရုတ်စက်-တစ်ရက်စုတ်” ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ “တရုတ်ဆီက ရတဲ့ လက်နက်တွေရဲ့ အရည်အသွေးကို သိပ်သဘောမကျကြတဲ့အတွက် မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အိန္ဒိယဘက် ခြေဦးလှည့်လာကြတဲ့ သဘောရှိတယ်။” လို့ အမည်မဖော်လိုသူ နောက်တစ်ဦးက ပြောပါတယ်။

တရုတ်လက်နက်တွေကို အေအေလို တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ တွေ့နေရတာဟာလည်း တပ်မတော်ခေါင်းဆောင်တွေအတွက် ဘဝင်မကျစရာ ဖြစ်နေပါတယ်။

တရုတ်ဟာ သူ့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ လှည့်လည်ရောင်းချနေတာပါ။
၂၀၁၇ ခုနှစ်မှာ ရေငုပ်သင်္ဘောနှစ်စီးကို ဒေါ်လာသန်း ၂၀၀ နဲ့ ပါကစ္စတန်ဆီ ရောင်းချခဲ့ပါတယ်။ ၁၉၇၀ ကျော်ကာလတွေက ထုတ်လုပ်ခဲ့တဲ့ ဒီနှစ်စီးဟာ အသုံးပြုရတဲ့အပိုင်းမှာ ပြဿနာတချို့ ရှိနေပါတယ်။

တရုတ်ဟာ ၂၀၂၀ မှာ ဘင်္ဂလားဒေ့ရှ်ကိုလည်း Type 053H3 အမျိုးအစား စစ်သင်္ဘောနှစ်စီး ပေးထားပါတယ်။ ဒီသင်္ဘောတွေမှာလည်း ရေဒါထိန်းကျောင်းရေးနဲ့ လက်နက်စနစ်တွေမှာ ပြဿနာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နီပေါမှာဆိုရင် နီပေါလေကြောင်းလိုင်းက တရုတ်လုပ် Y12e နဲ့ MA60 လေယာဉ်နှစ်စီးကို အသုံးမပြုဘဲ ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နီပေါရဲ့ မြေပြင်အနေအထားနဲ့ ဒီလေယာဉ်တွေကို အသုံးပြုဖို့ မသင့်လျော်ဘူးလို့ ဆိုပါတယ်

နိုင်ငံခြားရေးမူဝါဒ လေ့လာသူတစ်ဦးဖြစ်သလို ယခင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်တစ်ဦးလည်း ဖြစ်သူ ရာဂျစ်ဘာတီယာကတော့ ရေငုပ်သင်္ဘော လက်ဆောင်ပေးတာ၊ နိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ရင်းဂလားနဲ့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးနာရာဗင်းတို့ရဲ့ ခရီးစဉ် အစရှိတဲ့ အိန္ဒိယရဲ့ ခြေလှမ်းတွေဟာ  ထူးခြားပြီး အရေးပါတဲ့လုပ်ရပ်တွေလို့ ဆိုပါတယ်။

မြန်မာဟာ နိုင်ငံတကာမျက်နှာစာမှာ ကဲ့ရဲ့ပြစ်တင်ခံနေရသလို ငွေကြေးအခက်အခဲလည်း ရှိနေပါတယ်။ ဒီအချိန်မျိုးမှာ ရေငုပ်သင်္ဘောတစ်စီး ပေးလိုက်တာဟာ မြန်မာအတွက် ဖော်ပြပါ အခက်အခဲ နှစ်မျိုးလုံးကို ကျော်ဖြတ်ဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ တရုတ်လည်း ဒီအတိုင်းလုပ်နေတာပါပဲ။ ဒါပေမဲ့ ဒီတစ်ချီမှာတော့ အိန္ဒိယက အသာစီး ရသွားပါတယ်။ အထူးသဖြင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်ရဲ့ ခရီးစဉ်ဟာ မြန်မာခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးမှာ အထူးမျက်နှာပန်းလှစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်သွားတာကတော့ အသေအချာပါပဲ။

ရာဗီချန်ဒရာကူးမား မြန်မာပြန်သည်။
(ရည်ညွှန်း - India gifts a submarine to Myanmar, gains edge over China, HINDUSTAN TIMES)

ဗီဒီယိုများ