နာဂမျိုးနွယ်စု ဒါဇင်ပေါင်းများစွာထဲမှ တစ်ခုဖြစ်သော ခွန်ယက်မျိုးနွယ်စုများမှာ ၎င်းတို့၏ ကွဲကွာနေသော သွေးရင်းညီအစ်ကိုများဖြစ်သည့် အိန္ဒိယရှိမျိုးနွယ် ၃ သန်းနှင့် မြန်မာနိုင်ငံ မြောက်ဘက် အစွန်အဖျားပိုင်းမှ လွန်စွာဆင်းရဲပြီး အထီးကျန်စွာ နေထိုင်နေရသည့် ခွန်ယက်နွယ်ဖွား လေးသိန်းတို့ ပြန်လည်ပေါင်းစည်းနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။ (ဓာတ်ပုံ - AFP / ရဲအောင်သူ)

မေမိုး ဘာသာပြန်ဆိုသည်။

လောင်ဝရွာရှိ မြန်မာ-ခွန်ယက်မျိုးနွယ်စု၏ အကြီးအကဲသည် မြန်မာဘက်ခြမ်းတွင် ညအိပ်ပြီး အိန္ဒိယဘက်တွင် နေထိုင်စားသောက်သည်။ ၎င်း၏ နေအိမ်၊ ကျေးရွာနှင့် လူမျိုးစုများကို တောင်တန်းတစ်ခုက နှစ်နိုင်ငံအကြား အရေးပါလှသည့် နယ်နိမိတ်တစ်ခုအဖြစ် ပိုင်းခြားထားပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုပါ နယ်စပ် တောင်တန်းအား သွားလာမှု ကန့်သတ်ခံလိုက်ရပြီဖြစ်သည်။

နာဂမျိုးနွယ်စု ဒါဇင်ပေါင်းများစွာထဲမှ တစ်ခုဖြစ်သော ခွန်ယက်မျိုးနွယ်စုများမှာ ၎င်းတို့၏ ကွဲကွာနေသော သွေးရင်းညီအစ်ကိုများဖြစ်သည့် အိန္ဒိယရှိမျိုးနွယ် ၃ သန်းနှင့် မြန်မာနိုင်ငံ မြောက်ဘက် အစွန်အဖျားပိုင်းမှ လွန်စွာဆင်းရဲပြီး အထီးကျန်စွာ နေထိုင်နေရသည့် ခွန်ယက်နွယ်ဖွား လေးသိန်းတို့ ပြန်လည်ပေါင်းစည်းနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

မြန်မာနိုင်ငံမှ လူများသည် နယ်စပ်ကိုဖြတ်၍ ကျောင်းတက်ခြင်း၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း သို့မဟုတ် ဆေးရုံ တက်ခြင်းများ ပြုလုပ်ကြသည်။ အကြောင်းမှာ မြန်မာဘက်ခြမ်းရှိ အနီးဆုံးမြို့နှင့် ခြေလျင်ဆိုလျှင် တစ်ရက်ခရီးသာ ကြာမြင့်ခြင်းကြောင့် ဖြစ်သည်။
သာမန်ချိန်များတွင်ပင် ၎င်းတို့သည် မျိုးနွယ်စုပြန်လည်ပေါင်းစည်းရေးအတွက် တိုက်ပွဲဝင်နေကြသော ပြောက်ကျား တပ်များ၏ ခြိမ်းခြောက်မှုကို နှိမ်နင်းနေသည့် နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ကျ အိန္ဒိယစစ်သားများ ပြုသမျှ နုရသည်သာဖြစ်သည်။

မြန်မာဘက်ခြမ်းမှ နာဂနေအိမ်အချို့။ (ဓာတ်ပုံ - AFP / ရဲအောင်သူ)

တစ်ချိန်က ရန်သူ့ခေါင်းကို ဆုတံဆိပ်အဖြစ် အိမ်အပြန် ယူလာခဲ့ကြသည့် ပါးရဲထိုးလက်မရွံ့သူရဲ ကောင်းများကို ကြောက်ရွံ့စေခဲ့သူ တွန်ယေးဖွမ်မှာ ခွန်ယက်မျိုးနွယ်စုကို အုပ်ချုပ်မည့် ၁၂ ဆက်မြောက် မျိုးဆက်ဖြစ်လာခဲ့သည်။
၎င်း၏သားဖြစ်သူ အိမ်ရှေ့မင်းသားသည်လည်း တစ်နေ့တွင် မျိုးနွယ်စုတွင် အရိုက်အရာကို ခံယူရမည်ဖြစ်ပြီး သဘာဝလွန် စွမ်းအားများ ပိုင်ဆိုင်နေသည်ဟု လူအများက ယုံကြည်ကြသည်။

လောင်ဝကျေးရွာမှ အရပ်ဝတ် အားကစားဝတ်စုံ ဝတ်ဆင်ထားသည့် အသက် ၄၃ နှစ်အရွယ်  မျိုးနွယ်စု အကြီးအကဲက  မြန်မာဖက်ခြမ်းမှ ၎င်း၏ ညီအစ်ကိုများသည် နယ်စပ်တွင် မကြာခဏ တားဆီးခံရမှုများနှင့် ထိန်းသိမ်းခံရပုံများအား အေအက်ဖ်ပီကို ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့သည်။

 “သူတို့ရဲ့ အခွင့်အရေးတွေ ငြင်းပယ်ခံနေရတယ်” ဟု သူကဆိုသည်။

ရက်အနည်းငယ်ကြာပြီးနောက် နယ်စပ်အား ပိတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် အိန္ဒိယစစ်သားများကြောင့် မဟုတ်ဘဲ COVID-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်။

အိန္ဒိယအစိုးရမှ  အရေးပေါ် ရိက္ခာခွဲတမ်းအချို့ ထောက်ပံ့ပေးနေချိန်ထိ  မြန်မာအာဏာပိုင်များထံမှ မည်သည့်အထောက်အပံ့မျှ ရောက်မလာသေးကြောင်း ၃၄ နှစ်အရွယ် လောင်ဝရွာအခြေစိုက် ဧည့်လမ်းညွန် နာမိုင်ခွန်ရက်က အေအက်ဖ်ပီသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
"မြန်မာဘက်ခြမ်းမှာ နေထိုင်ကြတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအတွက်တော့ အရမ်း အခက်အခဲဖြစ်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အကူအညီမပေးနိုင်ဘူးလေ” ဟု သူက ပြောကြားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ခွလျက်ရှိနေသည့် ခွန်ယက်မျိုးနွယ်စု၏ အကြီးအကဲ၏နေအိမ်။ (ဓာတ်ပုံ - AFP / ရဲအောင်သူ)

ပုံစံသွင်းခံရသော သွေးချင်းညီအစ်ကိုများ

ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှ ဗြိတိသျှကိုလိုနီများ ဆုတ်ခွာသွားသည့်အချိန်တွင် ခွန်ယက်မျိုးနွယ်စုများ နေထိုင်သည့် ကျေးရွာ ၄၄ ရွာသည် အခြားမျိုးနွယ်များနည်းတူ နှစ်ပိုင်းခွဲခြင်း ခံလိုက်ရသည်။

နှစ်ဖက်လုံးရှိ နာဂလူမျိုးများသည်  အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့်အပေါ် ကျေနပ်ကြသော် လည်း ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင်မူ နှစ်ဖက်ကွာဟမှု ကြီးမားလာသည်။

အိန္ဒိယရှိ လမ်းမကြီးများသည် မြန်မာနယ်စပ်အထိပေါက်ပြီး စီးပွားရေးလုပ်ငန်းများ၊  ခံနိုင်ရည်ရှိသော ခရီးသွား ဧည့်သည်အချို့ကိုပင် ခေါ်ဆောင်လာသည်။ အိန္ဒိယနယ်စပ် အလွန်တွင်မူ စာသင်ကျောင်းအချို့ရှိပြီး လျပ်စစ်မီး မရှိသည့်ကျေးရွာလေးများ  သို့မဟုတ် သစ်တော ထူထပ်သည့် တောင်စောင်းလေးများက  မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသ ထဲမှတစ်ခုကို ရွှံ့ထူထူ လမ်းတွေနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထောင်နှင့်ချီသော နာဂလူမျိုးတို့သည် ၎င်းတို့အမိမြေ ပေါင်းစည်းရေးအတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

၁၉၈၀ နှောင်းပိုင်းတွင် နာဂတော်လှန်ရေးအဖွဲ့မှာ နှစ်ခြမ်း ကွဲသွားခဲ့သည်။ သို့ရာတွင် နယ်စပ်မျဉ်း တစ်ဖက်စီတွင် ရှိသော အဖွဲ့များအနေဖြင့် နာဂလူမျိုးများအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။ အရပ်သားများသည် အဆိုပါအဖွဲ့များ၏  ရန်ပုံငွေအတွက် အခွန်ပေးကြရပြီး မိသားစုအများအပြားမှာ ၎င်းတို့၏ သားယောက်ျားလေးကို တော်လှန်ရေးအတွက်  စတေးတတ်ကြောင်း မြန်မာနိုင်ငံမှ နာဂအရေး တက်ကြွလှုပ်ရှားသူ ဂျေကော့ဂန်စာက ဆိုသည်။

သို့သော်လည်း ဒေလီနှင့် ပတ်သက်နေသည့် ရင်းနှီးမြှုပ်နှံမှုများသည် နယ်စပ်ကိုလာတော့မည်မဟုတ်ကြောင်း အဆိုပါ ၂၃ နှစ်သားက စိတ်မကောင်းစွာဖြင့် ပြောကြားသည်။ “သူတို့တွေဟာ အိန္ဒိယအစိုးရရဲ့ အတွေးအခေါ်မှားတွေ သွတ်သွင်းခံထားရတယ်” ဟု သူကဆိုသည်။

နှစ်ဘက်လုံးရှိ နာဂမျိုးနွယ်စုများသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုလားကြရာ၌ အတိုင်းအထာတစ်ခုအထိ သဘောတူညီကြသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်း၌မူ အိန္ဒိယဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်းသည် အလွန်အမင်း ကွာဟချက်ကြီးမားသည်။ (ဓာတ်ပုံ - AFP / ရဲအောင်သူ)


အိန္ဒိယ-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာသည်နှင့်အမျှ နာဂအမျိုးသားရေးဝါဒီများ အတွက် အန္တရာယ် အငွေ့အသက်ခံစားလာနေရပြီဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် မွတ်ဆလင်အရေးကြောင့် အနောက်နိုင်ငံများ၏  ပစ်ပယ်ခြင်းခံရပြီးနောက် မဟာမိတ်အသစ်များ  လိုအပ်နေချိန်တွင် အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏  အိမ်နီးချင်းနိုင်ငံငယ်အပေါ် တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှုကို တန်ပြန်ရန် စိတ်အားထက်သန်လျက်ရှိသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မကြာသေးခင်က ဆောင်ရွက်ခဲ့ပြီး မြန်မာသမ္မတ၏ ဖေဖော်ဝါရီ လအတွင်း အိန္ဒိယခရီးစဉ်တွင် သဘောတူညီချက် အမြောက်အများ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ  သဘောတူညီ ချက်ထဲတွင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ မြင့်တက်လာစေသည့်  လက်နက်ကိုင် ပုန်ကန်သူများကို တားဆီး နှိမ်နင်း နိုင်မည့် စာချုပ်တစ်ခုကို ထပ်မံအတည်ပြုလိုက်ခြင်းလည်း ပါဝင်ခဲ့သည်။

လက်တွေကျသော အဖြေလော

အခြားသော နာဂပြည်ပေါင်းစည်းရေး လိုလားသူများကမူ လက်နက်ကိုင်လမ်းစဉ်ထက် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ကြသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နာဂအမျိုးသားပါတီ (NNP) သည် မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် နာဂလူမျိုးများ၏ မဲရရှိရန် ရည်မှန်းထားသည်။ ဥက္ကဋ္ဌရှုမောင်က ၎င်းတို့ အာဏာရသည့်ချိန်တွင် ဥပဒေဘောင်အတွင်းမှ အပြောင်းအလဲ ဖော်ဆောင်နိုင်ရေး ကြိုးပမ်း မည်ဖြစ်ကြောင်း ပြောကြားသည်။

“ပထွေးအိမ်မှာပဲ အမြဲတမ်း နေလို့မရဘူးလေ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

မဲရရှိရေးအတွင် အားပြိုင်မှုမှာ စတင်ခဲ့ပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ နာမည်တစ်လုံး တည်းရှိသော ခေးလ်မှာ နာဂလူမျိုးဖြစ်သည်။  သို့ရာတွင်  ၎င်း၏ လတ်တလော ဦးစားပေး ဆောင်ရွက်မှုများမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာဖူလုံရေးတို့ ဖြစ်သည်။

“ကျွန်တော်တို့မှာ အဲဒါတွေပြည့်စုံသွားရင်တော့ နောင်မျိုးဆက်တွေအနေနဲ့ အနာဂတ်အိပ်မက် အတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ပြီပေါ့” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။

မြန်မာနိုင်ငံမှ နာဂလူမျိုးစုအများအပြားသည် ကျောင်းတက်ရန်၊ ဟင်းသီးဟင်းရွက်များ ရောင်းချရန်၊ ဆေးဝါးကုသရန်အတွက် နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယဘက်ခြမ်းသို့ နေ့စဉ်သွားလာ ကူးသန်းလျက်ရှိသည်။ (ဓာတ်ပုံ - AFP / ရဲအောင်သူ)


လေ့လာသုံးသပ်သူ ဘားတေးလင့်တနာကမူ မြန်မာဖက်ခြမ်းရှိ နာဂများအတွက် အကောင်းဆုံး မျှော်လင့်နိုင်သည့် အခြေအနေမှာ  နိုင်ငံတွင်း  ပို၍လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးသာ ဖြစ်သည်ဟု ယုံကြည်နေသည်။

နာဂမြေပေါင်းစည်းရေးဆိုသည်မှာ  “ဘယ်တော့မှ  ဖြစ်လာမှာမဟုတ်” ဟု သူကဆိုသည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စုများ အချင်းချင်းကြားတွင် ကွဲနေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်သောကြောင့်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

လောင်ဝကျေးရွာ ရှုမျှော်ခင်းတွင် အဝတ်အစား သေသပ်စွာ ဝတ်ဆင်ထားသည့် ရိုဆန်အိုသည် နယ်စပ်မပိတ်မီ  ရောက်ရှိခဲ့သော ခရီးသွားဧည့်သည်များထဲမှ တစ်ဦးဖြစ်သည်။
နယ်ခြားမှတ်တိုင် တစ်ဖက်မှ အခြားတစ်ဖက်သို့ စိတ်လှုပ်ရှားစွာ ဖြတ်သန်းသွားလာနေသူ ၆၅ နှစ် အရွယ် အိန္ဒိယနာဂဆရာဝန်က နယ်စပ်ကို လူကိုယ်တိုင်မြင်ချင်သည့် သူ၏ ငယ်ဘဝအိပ်မက် ပြည့်ဝခဲ့ပြီဖြစ်ကြောင်း ပြောသည်။

နာဂလူမျိုးများ၏ အမိမြေရှာပုံတော်အကြောင်းကို မေးမြန်းရာတွင်တော့ သူ့အပြုံးများ ပျောက်ကွယ် သွားသည်။

“နယ်မြေပိုင်းခြားခံထားရတဲ့အပေါ် လူတိုင်း ခါးသီးစွာ ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာမှ မတတ်နိုင်ဘူးလေ” ဟု သူကဆိုလေသည်။

မေမိုး
(AFP သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော Finding Nagaland: Tribes on India-Myanmar frontier dream of unity ကို မြန်မာပြန်ဆိုသည်။)

Author: Admin