မြန်မာနိုင်ငံကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းရန်မှာ အချိန်ယူရန်လိုအပ်သော်လည်း ထိုရေရှည်တည်တံ့သော ဖြေရှင်းနည်းများသည် ရေတိုအလွယ်ဖြေရှင်းနည်းများထက် ပို၍အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုပြောကြားသည်။ / ဓာတ်ပုံ - Wataru Ito (Nikkei Asian Review)

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်မှုတွေရှိနေတယ်လို့ ပြောလို့ရပါတယ်။ ကျွန်မတို့ဆန္ဒရှိသလောက် မြန်မြန်ဆန်ဆန်တော့ ဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့ မျှော်မှန်းထားတာ ထက်တော့ နှေးကွေးမနေပါဘူး”

မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဘုရင်နရူဟီတို၏ နန်းတက်ပွဲကို တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး နန်းတက်ပွဲတက်ပြီးနောက်တစ်ရက်တွင် ဂျပန်သတင်းဌာန Nikkei Asian Review ကသူမနှင့် အင်တာဗျူးခွင့်ရရှိခဲ့ပါသည်။ ထိုအင်တာဗျူးမှ အမေးအဖြေအချို့ကို ကောက်နှုတ်ပြီး ဘာသာပြန်ဆိုဖော်ပြလိုက်ပါသည်။

မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အစိုးရအဖြစ်တာဝန်ယူလာခဲ့တာ အခုဆိုရင် ၃ နှစ်ခွဲရှိပြီပေါ့နော်။ ဒီတော့ အစ်မကြီးအနေနဲ့ ရရှိလာတဲ့ နိုင်ငံရေးအရအောင်မြင်မှုအတိုင်းအတာနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်မှုတို့ အပေါ် ဘယ်လိုများမြင်ပါသလဲ။

ဖြေ - နိုင်ငံရေးအောင်မြင်မှုဆိုတာကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ရှုမြင်နိုင်တာပေါ့လေ။ သိတဲ့အတိုင်း ကျွန်မတို့က တိုင်းရင်းသားတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတစ်ခုပါ။ ကျွန်မတို့နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ကြိုးစားနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေက ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်ကတည်းက ရှိနေခဲ့တာကိုး။
ဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ ၂၁ ရာစုပင်လုံ (ငြိမ်းချမ်းရေးညီလာခံ) ကျင်းပထားနိုင်ပြီးတော့ တိုးတက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်မတို့ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပထားနိုင်ခဲ့ပြီးတော့ အခက်အခဲတွေ ရှိပေမယ့်လည်း ဆွေးနွေးပွဲတိုင်းမှာ အနည်းဆုံးအနေနဲ့ နည်းနည်းပဲဖြစ်ဖြစ် ရှေ့ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ခက်ခဲလိမ့်မယ်လို့ ကျွန်မတို့တွေးထင်ထားတဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာတောင် တိုးတက်မှုရှိအောင် စီမံဆောင်ရွက်ထားနိုင်တုန်းပါပဲ။
ဒါကြောင့် ကျွန်မတို့နိုင်ငံရေးအစီအစဉ်ရဲ့ အရေးကြီးဆုံးကဏ္ဍဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်မှုတွေရှိနေတယ်လို့ ပြောလို့ရပါတယ်။ ကျွန်မတို့ဆန္ဒရှိသလောက် မြန်မြန်ဆန်ဆန်တော့ ဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့ မျှော်မှန်းထားတာ ထက်တော့ နှေးကွေးမနေပါဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၇၀ ကျော်တည်ရှိနေတဲ့ ပြဿနာကို ၃ နှစ်အတွင်း ဖြေရှင်းလို့မရနိုင်ပါဘူး။ အဲဒီလိုဖြေရှင်းနိုင်မယ်လို့ တွေးထင်တာဟာ အလွန့်အလွန်ကို အကောင်းမြင်ရာကျပါလိမ့်မယ်။

မြန်မာနိုင်ငံတွင် စစ်တပ်က အရေးပါသောအာဏာဆုပ်ကိုင်ထားမှု ရှိနေဆဲဖြစ်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်အရ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိနေခြင်းကလည်း ယင်းသို့ အာဏာဆုပ်ကိုင်ထားနိုင်ခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ / ဓာတ်ပုံ - AP

မေး - မြန်မာနိုင်ငံရဲ့ စည်းလုံးမှုပြိုကွဲနေတဲ့အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာဘယ်လိုနည်းလမ်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ - ငြိမ်းချမ်းရေးဆိုတာ လွယ်လွယ်နဲ့မရနိုင်ပါဘူး။ တကယ်လို့လူတွေသာ နိုင်ငံရေး အပြောင်းအလဲတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အလိုရှိကြတယ်ဆိုရင် သူတို့တွေ လက်နက်တောင်ကိုင်ခဲ့မှာ မဟုတ်ပါဘူး။
သိတဲ့အတိုင်း NLD ဟာ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း ၃၀ လောက်ဆောင်ရွက်ခဲ့ရာမှာ အကြမ်းမဖက်ရေးမူဝါဒကို တကယ့်ကို တင်းတင်းကြပ်ကြပ် လိုက်နာစောင့်ထိန်းခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အခြားနည်းလမ်းနဲ့ဆောင်ရွက် တာထက် အချိန်ပိုယူကောင်းပိုယူရနိုင်တယ်။ ဒါပေမဲ့ "အကြမ်းမဖက်ရေးဘက်က အမြဲရပ်တည်တယ်" လို့ ကျွန်မတို့ အမြဲတမ်းရပ်တည်ပြီး ပြောလာခဲ့တဲ့အတိုင်း ဆောင်ရွက်ခြင်းကြောင့် အလွန်အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ရရှိထားတယ်လို့ ကျွန်မယူဆတယ်။ နောက်ပြီး ကျွန်မတို့ဟာအကြမ်းမဖက်ရေးကိုယုံကြည်တဲ့အတွက် ပြည်သူတွေက ကျွန်မတို့ အပေါ် ယုံကြည်အားကိုးတာလို့လည်း ကျွန်မယူဆပါတယ်။

မေး - စီးပွားရေးဘက်ကိုကြည့်မယ်ဆိုရင် NLD အာဏာရရှိလာချိန်ကစပြီး တိုင်းပြည်ဟာစီးပွားရေးမှာအလွန်အောင်မြင် ထားပြီး စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းကျော်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့အချို့ကဏ္ဍတွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်နိုင်ငံအပေါ်မှာ အလွန်အမင်းမှီခိုနေရတာကို တွေ့ရတယ်။ တရုတ်နဲ့ကုန်သွယ်ရေးဟာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပြီးတော့ ပြည်ပကြွေးမြီရဲ့ ၄၀ ရာခိုင်နှုန်းကလည်း တရုတ်ထံက ချေးယူထားရတယ်။ ဒီတော့ တရုတ်နဲ့စီးပွားရေးအရ ဆက်ဆံရေးအပေါ်မှာ ဘယ်လိုများမြင်ပါသလဲ။ အခြားတိုင်းပြည်တွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတွေ ပိုပြီးဟန်ချက်ညီလာဖို့လိုတယ်လို့ ထင်ပါသလား။

ဖြေ - ကျွန်မတို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိထားပြီးတော့ ကမ္ဘာတဝန်းမှာရှိတဲ့ အခြားနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါတယ်။ဒါကြောင့် ရှင့်အနေနဲ့ အခြားရင်းနှီးမြုပ်နှံမှု အမျိုးအစားတွေ တွေ့မြင်လိုတယ်ဆိုရင် ဂျပန်စီးပွားရေးလုပ်ငန်းတွေကို ကျွန်မတို့ဆီမှာလာပြီး ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းသင့်တယ်လို့ ကျွန်မထင်တယ်။

မေး - တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမှုက တိုင်းပြည်အပေါ်လွှမ်းမိုးမှုကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - ကျွန်မတို့ ဂျပန်နိုင်ငံကို မိတ်ဆွေလို့မြင်သလိုပဲ တရုတ်နိုင်ငံကိုလည်း ကျွန်မတို့မိတ်ဆွေလို့မြင်ပါတယ်။ နောက်ပြီးမိတ်ဆွေတွေကြားမှာ ရွေးချယ်မှုလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျွန်မမထင်ပါဘူး။ ကျွန်မတို့တိုင်းပြည်ဟာ ဘက်မလိုက်ရေးကို စောင့်ထိန်းထားပါတယ်။ ကျွန်မအမြင်အရဆိုရင် လွတ်လပ်ရေးရတဲ့ အချိန်ကတည်းက ကျွန်မတို့နိုင်ငံဟာ ဘက်မလိုက်တဲ့ ယထာဘူတကျကျ နိုင်ငံခြားရေးမူဝါဒတစ်ရပ်ကိုပဲ ကိုင်စွဲလာခဲ့တာပါ။
ကျွန်မတို့ဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေမှာ ဘယ်ကိစ္စတွေကတော့ ဘယ်လိုဖြစ်သင့်တယ်လို့ ဝင်ပြီးပြောဆိုဆုံးဖြတ်တာမျိုး လုပ်နိုင်တဲ့အခြေအနေမှာ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင့်ဖျင် (တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာမှု၏ လွှမ်းမိုးမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိထားပြီးတော့ ကမ္ဘာတဝန်းမှာရှိတဲ့ အခြားနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါတယ်။" ဟုသာ လျှော့ပေါ့ ဖြေဆိုသွားခဲ့သည်။ / ဓာတ်ပုံ - AP

မေး - ရခိုင်ပြည်နယ်ပဋိပက္ခတွေအကြောင်း ဆက်ပြီးမေးမြန်းချင်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မြန်မာအစိုးရဟာ နိုင်ငံအနောက်ပိုင်းပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခံထားရပါတယ်။ နိုင်ငံမဲ့မူစလင်တွေ အရေးကို မဖြေရှင်းရသေးဘဲ ဒုက္ခသည်အနည်းငယ်သာ ပြန်လာနိုင်ခဲ့ပါတယ်။ ဒီပြဿနာကို ဘယ်လိုများဖြေရှင်းနေပါသလဲ။

ဖြေ - ကျွန်မတို့ကြိုးစားနေပါတယ်။ ကျွန်မတို့အစိုးရ တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ်မှာ ကာလရှည်ပြဿနာတွေ ရှိနေခဲ့တယ်ဆိုတာကို သတိပြုမိပါတယ်။ ကျွန်မတို့အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရယူတာ ၂၀၁၆ ခုနှစ်၊ မတ်လမှာပါ။ အဲဒီနှစ် မေလကုန်မှာပဲ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ဥပဒေစိုးမိုးရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မရှင်ကိုဖွဲ့စည်း ပြီးပါပြီ။ အဲဒီဒေသမှာ ဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းတို့ကနေ အရင်းခံလာတဲ့ ကာလရှည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေရှိနေတာကို သိတဲ့အတွက် အဲဒီလိုဖွဲ့စည်းခဲ့တာပါ။
ဒါဟာ တစ်ချို့လူတွေ တံဆိပ်ကပ်ချင်နေသလိုမျိုး ဘာသာရေးပြဿနာတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ အလွန်ကို စီးပွားရေးနဲ့လူမှုရေးဆန်တဲ့ အရေးကိစ္စတစ်ရပ်ပါ။ ဒါပေမဲ့ စီးပွားရေးနဲ့လူမှုရေးပြဿနာတွေဟာ စီးပွားရေးအရ ကျပ်တည်းမှုတွေကနေပဲ ပိုပြီး ပေါ်ပေါက်လာကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ ကျွန်မတို့နိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုပါ။ ဒါပေမဲ့ အလွန်ကြီးမားတဲ့ အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီပြည်နယ်ဟာ မှန်ကန်သင့်လျော်တဲ့နည်းလမ်းနဲ့ မဖွံ့ဖြိုးလာခဲ့တာပဲ ရှိတာပါ။ ဒါကြောင့် ကျွန်မတို့ မေလ (၂၀၁၆) မှာ ဒီကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး နောက်ထပ်လအနည်းငယ်အကြာမှာ ဒေါက်တာကိုဖီအာနန် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း) ကို ရခိုင်ပြည်နယ်ရဲ့ လူမှုရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းရာမှာ ကျွန်မတို့ကိုကူညီဖို့အတွက် ကော်မရှင်ကိုဦးဆောင်ပေးဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ကျွန်မတို့အဲဒီလိုအစီအစဉ်ချမှတ်ပြီး သိပ်မကြာမီမှာဆိုသလိုပဲ ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းမှာကိုမလိုလားတဲ့၊ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေအတွက် ဖြေရှင်းမှုတစ်ရပ်ကို မလိုချင်တဲ့ အကြမ်းဖက်အင်အားစုတွေ ရှိနေတယ်လို့ ကျွန်မတို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်သမားတွေဆိုတာ ပြဿနာတွေရှိနေမှ ရှင်သန်ရပ်တည်နိုင်တာဖြစ်လို့ပါ။
တကယ်လို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိမယ်၊ မတူညီတဲ့လူ့အဖွဲ့အစည်း နှစ်ရပ်ကြားမှာ နားလည် သဘောပေါက်မှုရှိမယ်ဆိုရင် အကြမ်းဖက်ဝါဒအတွက် ရပ်တည်စရာနေရာ ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်ကျွန်မတို့ အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရခိုင်ပြည်နယ်က အကြမ်းဖက်အင်အားစုတွေရဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အနည်းငယ်သာ အာရုံစိုက်တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်တာကို ကျွန်မတို့နားလည်ပါတယ်။ နောက်ပြီး နိုင်ငံမဲ့တွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကပြည်သူတွေအတွက် သာမကဘဲ တစ်နိုင်ငံလုံးမှာ နေထိုင်သူတွေအတွက် ကမ်းလှမ်းထားတဲ့ဖြစ်နိုင်ချေတွေနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှင့်အနေနဲ့ ပိုပြီးနက်နက်နဲနဲ ဆက်ဆွေးနွေးရလိမ့်မယ်လို့ ကျွန်မထင်တယ်။ ရခိုင်ပြည်နယ်ကလူတွေအတွက် အထူးတလည် ရည်ရွယ်ထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေအကြောင်း ပြောဆိုနေကြတာတွေ ရှိပါတယ်။ အဲဒါတွေဟာလုံးဝမမှန်ပါဘူး။ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးတဲ့လုပ်ငန်းဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းပါ။ မြန်မာတိုင်းရင်းသားမိဘနှစ်ဦးက မွေးဖွားလာတဲ့ ကျွန်မတို့တွေ အားလုံးလည်း ဒီလုပ်ငန်းစဉ်အတိုင်းပဲ လုပ်ဆောင်ရမှာပါပဲ။ အသက် ၁၂ နှစ်ပြည့်တာနဲ့တစ်ကြိမ်၊ ၁၈ နှစ်ပြည့်ရင်တစ်ကြိမ် နဲ့ အသက် ၃၀ ပြည့်မှာတစ်ကြိမ် လုပ်ဆောင်ကြရမှာပါ။ ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ငန်းစဉ်တစ်ရပ်ပါပဲ။ အခြေအနေကို နားမလည်တဲ့သူတွေကတော့ သီးခြားကိစ္စရပ်တွေအပေါ်မှာပဲ အာရုံစိုက်ကြမှာပေါ့။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ကျတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာရုံစိုက်အလေးထားရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရင်ဆိုင်နေရတဲ့ အလုံးစုံသောစိန်ခေါ်မှုတွေ မဟုတ်ပါဘူး။

မူစလင်လူနည်းစု (ရိုဟင်ဂျာဟု မူရင်းတွင်ဖော်ပြသည်) များအပေါ် ဖြိုခွင်းမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောကြားသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုဖြစ်သည်ဟု ပြောကြားသည်။ / ဓာတ်ပုံ - Reuters

မေး - အစ်မကြီးရဲ့အနေအထားကို နားလည်ပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဥရောပတို့နဲ့ စီးပွားရေးအရပူးပေါင်း ဆက်ဆံမှုတွေ တိုးချဲ့ဖို့ဆိုရင် ဒီပြဿနာကိုဖြေရှင်းဖို့ လိုအပ်ကောင်းလိုအပ်မှာပေါ့။ ဟုတ်တယ်မဟုတ်လား။

ဖြေ - ကျွန်မတို့ ဒီပြဿနာကိုဖြေရှင်းချင်ပါတယ်။ အခြားတိုင်းပြည်တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့တိုင်းပြည် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် မဖြစ်မနေလိုအပ်လို့ပဲ ဖြစ်ပါတယ်။ အဲဒါကမှ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေကို ဖြေရှင်းလိုရတဲ့ အဓိကအကြောင်းအရင်းပါ။ နောက်ပြီး အဲဒီလိုနည်းလမ်းနဲ့ပဲ ဒီပြဿနာတွေကို ဖြေရှင်းလိုပါတယ်။ ရေရှည်တည်တံ့ပြီး ရခိုင်နဲ့တိုင်းပြည်ရဲ့အခြားဒေသတွေမှာ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ သေချာတဲ့နည်းလမ်းနဲ့ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ တစ်စည်းတစ်လုံးတည်း အတူတကွဖြစ်တည်နေတဲ့ နိုင်ငံဖြစ်လို့ပါပဲ။ ကျွန်မတို့ အတူတကွဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ကိုခရီးဆက်ကြရပါမယ်။

မေး - လာမယ့်ရွေးကောက်ပွဲကို ၂၀၂၀၊ နိုဝင်ဘာမှာ ကျင်းပတော့မယ်ဆိုတော့ NLD ရဲ့ရှေ့ရေးမျှော်လင့်ချက်တွေက ဘာတွေများလဲ။ မဲဆန္ဒရှင်ပြည်သူတွေကို ဘယ်လိုအနာဂတ်ရည်မှန်းချက်မျိုးနဲ့ ကမ်းလှမ်းသွားမလဲ။

ဖြေ - သူတို့ရဲ့အနာဂတ်ကို ပြည်သူတွေကပဲ နောက်ဆုံးမှာဆုံးဖြတ်ကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ဘယ်ပါတီကမှ "ဒါကတော့ ခင်ဗျားတို့ရဲ့အနာဂတ်ပဲ" ဆိုတာမျိုးသွားပြောလို့ မရပါဘူး။ ကျွန်မတို့လုပ်နိုင်တာက ကျွန်မတို့အားလုံး ဆက်လက်လုပ်ကိုင်သွားကြဖို့အတွက် ဘယ်လိုအနာဂတ်မျိုးက အကောင်းဆုံးအနာဂတ်ဖြစ်နိုင်တယ် ဆိုတဲ့အပေါ်မှာ ကျွန်မတို့ရဲ့ စိတ်ကူးအကြံဥာဏ်တွေနဲ့ အကြံပြုချက်တွေကို တင်ပြတာပဲဖြစ်ပါတယ်။
နောက်ပြီး ရွေးကောက်ပွဲရလဒ်က ဘယ်လိုဖြစ်နိုင်ချေရှိတယ်ဆိုတာမျိုး ကျွန်မဘယ်တော့မှမပြောပါဘူး။ ကျွန်မက ဗေဒင်ဆရာမ မဟုတ်ဘူးလို့ ကျွန်မအမြဲပြောပါတယ်။ အနာဂတ်မှာဘာဖြစ်မယ်ဆိုပြီး ခန့်မှန်းတာဟာ ကျွန်မရဲ့ အလုပ်မဟုတ်ပါဘူး။ ကျွန်မရဲ့အလုပ်က ကျွန်မတို့ရဲ့ပါတီ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ကျွန်မတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ပါပဲ။

မေး - အနားယူဖို့ အစီအစဉ်များရှိပါသလား။

ဖြေ - လူတစ်ယောက်မှာ မတူညီတဲ့အစီအစဉ် အမျိုးမျိုးရှိရမယ်လို့ ကျွန်မထင်တယ်။ အနာဂတ်အတွက် အစီအစဉ်တစ်ခုတည်းပေါ်မှာပဲ မှီခိုနေလို့မရနိုင်ပါဘူး။ မတူညီတဲ့အစီအစဉ် အမျိုးမျိုး ရှိထားဖို့လိုပါတယ်။ ဒါမှ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် အစီအစဉ်ကိုရွေးချယ်နိုင်မှာပေါ့။

မေး - အစ်မကြီးရဲ့နေရာဆက်ခံမယ့်သူအတွက် အစီအစဉ်ကရောဘာများဖြစ်မလဲ။ အခုစိတ်ကူးထားတာတွေများ ရှိလား။

ဖြေ - ကျွန်မတို့ရဲ့ပါတီမှာ အလွန်တိကျတဲ့ ရာထူးအဆင့်ဆင့်သတ်မှတ်မှု ရှိတာပေါ့။ ရှင်လည်းသတိပြုမိမှာ သေချာပါတယ်။ ဒီအတိုင်းပဲ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ပါတီအတွင်းအဆင့်အတန်း သတ်မှတ်ချက်တွေမှာ တကယ့်ကို ပုံမှန်တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်မှုတွေ လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

မေး - ရေရှည်တိုင်းပြည်ခေါင်းဆောင်မှုအတွက် ဆက်ခံမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲမေးခွန်း တစ်ခုလောက်ပဲ ထပ်မေးပါရစေ။ အစ်မကြီးရဲ့ မြန်မာနိုင်ငံမှာ ၃ နှစ်ခွဲတာကာလ ခေါင်းဆောင်မှုကနေပြီး ဒီလိုရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ များလှတဲ့ နိုင်ငံတစ်နိုင်ငံကို ခေါင်းဆောင်နိုင်ဖို့အတွက် ဘယ်လိုစရိုက်လက္ခဏာမျိုးတွေ လိုအပ်လိမ့်မယ်လို့ ထင်ပါသလဲ။

ဖြေ - အလုပ်ပြင်းပြင်းထန်ထန်ကြိုးစားမှုလို့ ကျွန်မထင်ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားမှုအပေါ်မှာ ကျွန်မယုံကြည်မှုရှိပါတယ်။

Author: Admin