မြန်မာနယ်စပ်ရှိ သူပုန်များအား တရုတ်ကူညီနေကြောင်း အိန္ဒိယစွပ်စွဲ

တရုတ်သည် မကြာသေးမီလများအတွင်း တရုတ်-မြန်မာနယ်စပ်တွင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့် သူပုန်အုပ်စုများအား ထောက်ပံ့ပေးနေကြောင်း အိန္ဒိယအရာရှိများက ပြောကြားလိုက်သည်။ အိန္ဒိယ၏ ပြောကြားချက်သည် အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား ဟိမဝန္တာတောင်တန်းဒေသတွင် ရှိနှင့်နေပြီးဖြစ်သည့် လိပ်ခဲတည်းလည်းအနေအထားအပြင်...

By ရာဗီချန်ဒရာကူးမား 08 Dec 2020

အိန္ဒိယစစ်ဘက်ရဟတ်ယာဉ်တစ်စီးအား အိန္ဒိယ-တရုတ်နယ်စပ် လာဒါ့ခ်ဒေသအနီးတွင် ၂၀၂၀ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AFP)

တရုတ်သည် မကြာသေးမီလများအတွင်း တရုတ်-မြန်မာနယ်စပ်တွင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့် သူပုန်အုပ်စုများအား ထောက်ပံ့ပေးနေကြောင်း အိန္ဒိယအရာရှိများက ပြောကြားလိုက်သည်။ အိန္ဒိယ၏ ပြောကြားချက်သည် အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား ဟိမဝန္တာတောင်တန်းဒေသတွင် ရှိနှင့်နေပြီးဖြစ်သည့် လိပ်ခဲတည်းလည်းအနေအထားအပြင် နောက်ထပ်မျက်နှာစာတစ်ခု ဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်သည် UWSA ‘ဝ’ တပ်ဖွဲ့နှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ရက္ခိုင့်တပ်တော် (အေအေ) တို့အား လက်နက်များ ထောက်ပံ့ထားသလို အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင်အုပ်စုများကိုလည်း ခိုလှုံခွင့်ပေးထားသည်ဟု အမည်မဖော်လိုသည့် အိန္ဒိယအရာရှိများက ပြောကြားသည်။

စစ်ရေးပြအခမ်းအနားတစ်ခုတွင် တွေ့ရသည့် အေအေတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

အိန္ဒိယက အလိုအရှိဆုံး လက်နက်ကိုင်ခေါင်းဆောင် ၄ ဦးထက်မနည်းသည် အောက်တိုဘာ လလယ်လောက်၌ တရုတ်တောင်ပိုင်း ကူမင်းမြို့တွင် သင်တန်းပေးခြင်း လက်နက်ထောက်ပံ့ခြင်းများ ပြုလုပ်ရန် ရောက်ရှိနေခဲ့ကြောင်း လုံခြုံရေးအေဂျင်စီများက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီအစိုးရအား သတိပေးခဲ့သည်ဟု အဆိုပါအရာရှိများ၏ ပြောကြားချက်များအရ သိရသည်။ အိန္ဒိယမြန်မာနယ်စပ်ဧရိယာတွင် ခွဲထွက်ရေးတိုက်ပွဲဝင်နေသည့် နာဂသူပုန်အုပ်စုသည် တရုတ်၏ လက်ရှိအရာရှိများ၊ အငြိမ်းစားအရာရှိများနှင့်သာမက ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ပေးသူ ကြားခံသမားများနှင့်ပါ တွေ့ဆုံခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောကြားသည်။

မြန်မာနယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် တရုတ်၊ ပါကစ္စတန်တို့နှင့်ပါ တင်းမာမှုများရှိနေသည့် အိန္ဒိယ၏ စစ်တပ်အင်အား ပြန့်ကြဲသွားမည်ကို အိန္ဒိယဘက်က စိုးရိမ်မှုများ ရှိနေသည်။ အောက်တိုဘာလ ၂၁ ရက်နေ့က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယသည် တပ်သား ၁၀၀၀ ခန့်ရှိမည့် တပ်ရင်းပေါင်းများစွာကို မြန်မာနယ်စပ်သို့ ရွေ့ပြောင်း နေရာချထားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ အိန္ဒိယ၏စွပ်စွဲချက်ကို ငြင်းဆိုသလို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို မိမိတို့ ဝင်မစွက်ဟုလည်း ဆိုသည်။ တရုတ်သည် လက်နက်တင်ပို့မှုကို သတိကြီးကြီးဖြင့် တာဝန်ယူဆောင်ရွက်ကြောင်း၊ လက်နက်များကို အချုပ်အခြာအာဏာပိုင် နိုင်ငံများသို့သာ ရောင်းချပြီး အစိုးရမဟုတ်သည့် အုပ်စုများကို ရောင်းချခြင်းမရှိကြောင်း ပြောကြားသည်။

UWSA ‘ဝ’ တပ်ဖွဲ့ကလည်း တရုတ်ကိုယ်စား အိန္ဒိယသူပုန်များအား လက်နက်ထောက်ပံ့ခြင်း မရှိကြောင်း ငြင်းဆိုပြီး ‘ဝ’ ဌာနချုပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်သည် မိုင်ပေါင်း ၅၀၀ ကျော် ကွာဝေးကြောင်းကိုပါ ထောက်ပြငြင်းဆိုထားသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၌ ကျင်းပသည့် (၇၃) ကြိမ်မြောက် နာဂလွတ်လပ်ရေးနေ့ အခမ်းအနားတွင် နာဂအလံအား ကိုင်ဆောင်ထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - အီဆက်နှင့် မူဗီယာ (NSCN-IM) တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ - AFP)

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ အိန္ဒိယလက်နက်ကိုင်များအတွက် ရည်ရွယ်သည့် လက်နက်များ အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့သလို လက်နက်မှောင်ခိုသမားဟု ယူဆရသူ ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့် နီးစပ်မှုရှိသူ အရာရှိတစ်ဦးထံမှ သိရသည်။

ဖမ်းခံရသူများ၏ ပြောကြားချက်များအရဆိုလျှင် အေအေတပ်ဖွဲ့သည် အိန္ဒိယလက်နက်ကိုင်များကို လက်နက်ထောက်ပံ့နေပြီး အပြန်အလှန်အားဖြင့် အေအေသည် စစ်တွေဆိပ်ကမ်းမှ ကူမင်းအထိရှည်လျားသည့် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ဂက်စ်ပိုက်လိုင်းများကို အကာအကွယ်ပေးရန် တရုတ်၏ထောက်ခံမှု ရရှိထားသည်ဟု ဆိုသည်။ တရုတ်သည် အိန္ဒိယသူပုန်များအား လက်နက်ထောက်ပံ့သလို အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ပုန်းခိုရာနေရာများ အပါအဝင် သယ်ယူပို့ဆောင်ရေးများလည်း ကူညီပေးနေကြောင်း နယူးဒေလီမှ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းတွင် အိန္ဒိယနှင့် မြန်မာတပ်ဖွဲ့ဝင်များသည် အိန္ဒိယလက်နက်ကိုင် အုပ်စုများကို ပစ်မှတ်ထားသည့် ပူးတွဲစစ်ဆင်ရေးများ ဆင်နွှဲခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် မြန်မာစစ်တပ်သည်လည်း မြန်မာဘက်ခြမ်းရှိ အေအေကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို ပစ်မှတ်ထား ခြေမှုန်းလျှက်ရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်ကူမင်းအထိ ချိတ်ဆက်မည့် စီးပွားရေးစင်္ကြံနှင့် မြန်မာဘက်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်များ (ဓာတ်ပုံ - Asian Nikkei)
အိန္ဒိယ-မြန်မာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း။ (ဓာတ်ပုံ - Wikipedia)

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးသည် မြန်မာပြည်တွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ ရှိနေကြသည်။ တရုတ်သည် ဂက်စ်ပိုက်လိုင်း၊ တရုတ်တောင်ပိုင်း ယူနန်ကို ဘင်္ဂလားပင်လယ်အော်ထိ ချိတ်ဆက်ပေးမည့် စီးပွားရေးစင်္ကလြမ်းမတို့ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်နေသည်။ အဆိုပါလမ်းမသည် မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့အကြား ရှိနေသည့် မလက္ကာရေလက်ကြားကို ရှောင်လွှဲနိုင်မည့် အဓိကလမ်းကြောင်းဖြစ်သည်။ အိန္ဒိယကလည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဖွံ့ဖြိုးမှုနိမ့်ကျသော ပြည်နယ်များကို ဘင်္ဂလားပင်လယ်အော်နှင့် ဆက်သွယ်ပေးနိုင်ရန်အတွက် ရခိုင်၌ အမေရိကန်ဒေါ်လာ ၂၉၂ သန်း ရင်းနှီးမြှုပ်နှံကာ ကုလားတန်ဘက်စုံစီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိသည်။

ရာဗီချန်ဒရာကူးမား
(ရည်ညွှန်း - India accuses China of helping rebel groups on Myanmar border, BLOOMBERG NEWS)

ဗီဒီယိုများ