ပြည်သူ့ကာကွယ်ရေးတပ်မတော် အောင်မြင်နိုင်သလား

NUG ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာစစ်တပ်နှင့် အပြိုင် အသိအမှတ်ပြုခံရရေးမှသည် ဒီမိုကရေစီကို ပြန်လည်အသက်သွင်းရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ ခွဲထုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ ဖြစ်သည်။ NUG ကြေညာချက်တွင် PDF ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေး ခြေလှမ်းအဖြစ် ဖော်ပြထားသည်။ NUG ညွှန်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု တစ်လှေကြီးအား ပေါင်းစုမည့် လမ်းကြောင်း ဖြစ်သည်။

By Foreign Desk 18 May 2021

ဓာတ်ပုံ - AP

ဘာသာပြန်ဆောင်းပါး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေး တပ်မတော် (People’s Defense Force – PDF) ကို ဖွဲ့ထားပြီဖြစ်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ NUG အစိုးရကို ထောက်ခံသူများအား အကာအကွယ်ပေးရန်နှင့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို စုပေါင်းတွန်းလှန်ရန် ဟုဆိုသည်။

PDF သည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအတွက် ရှေ့ပြေးခြေလှမ်းဖြစ်ပြီး “နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး” အတွက် မိမိတို့တွင် တာဝန်ရှိသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနေ့ မေလ ၅ ရက်နေ့မှာ PDF ကို ကျွန်မတို့ ဖွဲ့စည်းလိုက်ပါပြီ။ ဒီလိုထူထောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေတာ ကြာပါပြီ။ လေ့ကျင့်မှုအတွက် အချိန်အများကြီး ပေးထားပါတယ်” ဟု NUG ၏ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက RFA သတင်းဌာနသို့ ဖြေကြားထားသည်။

PDF သည် NUG ၏ လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် လှုပ်ရှားမည်ဖြစ်သည်။ NUG ကို NLD လွှတ်တော်အမတ်များ ပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် မြန်မာစစ်တပ်ကို ဆန့်ကျင်လှုပ်ရှားနေကြသော အဖွဲ့အစည်းများအား စုပေါင်း၍ ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

NUG ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာစစ်တပ်နှင့် အပြိုင် အသိအမှတ်ပြုခံရရေးမှသည် ဒီမိုကရေစီကို ပြန်လည်အသက်သွင်းရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးမှ ခွဲထုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ ဖြစ်သည်။ NUG ကြေညာချက်တွင် PDF ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေး ခြေလှမ်းအဖြစ် ဖော်ပြထားသည်။ NUG ညွှန်းဆိုသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု တစ်လှေကြီးအား ပေါင်းစုမည့် လမ်းကြောင်း ဖြစ်သည်။

ပြည်မကို ကာလရှည်ကြာ တော်လှန်လာကြသည့် မြန်မာ့နယ်စပ်ဒေသများရှိ လူနည်းစုတိုင်းရင်းသားများနှင့် တပ်မတော်အကြား ပဋိပက္ခများသည် စစ်တပ်၏ အာဏာထိန်းချုပ်မှုကြောင့် ပိုမိုဆိုးဝါးသွားသည်။ ကရင်နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည်။ မြန်မာစစ်တပ်၏ လေကြောင်းထိုးစစ်များကြောင့် ပြည်သူ ထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာ ထွက်ပြေးကြရသလို နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်သို့ ထွက်ပြေးရသူများလည်း ရှိသည်။ ယခုသီတင်းပတ် အစောပိုင်းက တပ်မတော်၏ လေကြောင်းထိုးစစ် တစ်ခုအတွင်း မိမိတို့ ပစ်ခတ်လိုက်သောကြောင့် တပ်မတော်၏ ရဟတ်ယာဉ်တစ်စီး ပျက်ကျသွားကြောင်း ကေအိုင်အိုက ကြေညာခဲ့သည်။

မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ပြည်မမှ ထွက်ပြေးလာသူများအား ကေအန်ယူအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့က ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် ခိုလှုံခွင့်ပေးထားသလို စစ်သင်တန်းများလည်းပေးသည်။ တစ်ချိန်တည်းတွင် နိုင်ငံ၏ အခြားနေရာများ၌ စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကို ခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းကာ မြန်မာစစ်သားများအပေါ် အသက်အန္တရာယ် ပြုနိုင်လောက်သည့် တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။

ခြုံကြည့်ရလျှင် အဆိုပါ လတ်တလော ဖြစ်ပေါ်ပြောင်းလဲမှုများသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်အား နိုင်ငံအနှံ့ ကနဦး လက်နက်ကိုင်တော်လှန်မှုများကို PDF က စုပေါင်းပေးမည့် ရည်ရွယ်ချက်ဖြစ်သည်။

သေချာသည့်အချက်မှာ မြန်မာ့တပ်မတော်သည် အာရှတွင် လက်နက်အင်အား အတောင့်တင်းဆုံး စစ်တပ်များအနက် တစ်ခုဖြစ်ပြီး နိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအားလုံးကို စုပေါင်းထားသည့် အရေအတွက်ထက် အဆပေါင်းများစွာ အင်အားပိုများသည်။ ခန့်မှန်းတွက်ချက်မှု တစ်ခုအရဆိုလျှင် မြန်မာစစ်တပ်တွင် တပ်ဖြန့်အင်အား ၃၅၀၀၀၀ ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်များတွင် စုစုပေါင်းအင်အား ၇၅၀၀၀ မှ ၇၈၀၀၀ အထိ ရှိနိုင်သည်။ သို့သော်လည်း နိုင်ငံပတ်ပတ်လည် နယ်စပ်များရှိ လက်နက်ကိုင်တပ်များ ပူးပေါင်းညှိနှိုင်းပြီး ထိုးစစ်ဆင်နိုင်ပါက မြန်မာစစ်တပ်သည် အင်အားပြန့်ကြဲနေမည် ဖြစ်သည်။ ဤအချက်နှင့်အတူ မြို့တွင်း ဧရာမဆန္ဒပြပွဲများ ဖန်တီးနိုင်မည်ဆိုလျှင် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရည်ရွယ်သည့် နိုင်ငံရေးမျှော်မှန်းချက်ကို အထူး အထောက်အကူဖြစ်မည်။

သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် မထူထောင်နိုင်သေးမီ သို့မဟုတ် တပ်မတော်ကို စစ်မြေပြင်တွင် ခြိမ်းခြောက်နိုင်သည်အထိ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ မရရှိသေးမီ၌ PDF သည် ခရီးရှည်ကြီး လျှောက်ရဦးမည် ဖြစ်သည်။ ပြီးခဲ့သည့် ၃ လတာအတွင်း မြန်မာစစ်တပ်နှင့် ၎င်း၏ လုပ်ရပ်အပေါ် ဆန့်ကျင်ရေးအတွက် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအများစုတွင် တူညီသည့် သဘောထားအမြင် ရှိနေကြောင်း မြင်သာခဲ့ပြီဖြစ်သည်။ သို့သော် ပန်းတိုင်ရောက်ရှိရေးအတွက် မည်မျှအထိ ပူးပေါင်းဆောင်ရွက်နိုင်မည်မှာမူ ထင်သလောက် မသေချာသေးပေ။

အဖွဲ့တိုင်း၏ ကိုယ်ပိုင် ပန်းတိုင်များ၊ အမူအကျင့်များ၊ ပြည်မနှင့် ဆက်ဆံရေးရာဇဝင်များသည် မတူညီကြပေ။ KIA နှင့် KNU တို့ဆိုလျှင် NUG နှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများကို ကူညီထောက်ပံ့မှုများ တက်တက်ကြွကြွ ဆောင်ရွက်နေကြသည်။ သို့သော် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဆိုလျှင် လေတစ်လုံးမိုးတစ်လုံး ထောက်ခံမှုများကို တောက်လျှောက် ပြောနေသော်လည်း လက်တွေ့တွင် သိသာသော လုပ်ရပ် ဘာမျှ မရှိသေးပေ။ အခြားအဖွဲ့များ (အထူးသဖြင့် မြန်မာပြည် အနောက်ပိုင်းမှ အေအေ လက်နက်ကိုင်တပ်) ဆိုလျှင်လည်း NUG နှင့် ယခင် NLD အစိုးရအပေါ် မယုံကြည်မှု ရှိနေဆဲဖြစ်သည်။

သို့အတွက်ကြောင့် ဤအုပ်စုပေါင်းစုံအား ဦးတည်ချက် တစ်ခုတည်းအောက်တွင် ပူးပေါင်းရေးအတွက် ဆိုလျှင် ညှိနိုင်းဆွေးနွေးမှုများကို ရှည်လျားကြာမြင့်စွာ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

NUG ၏ ကြေညာချက်သည် မြန်မာကို လက်နက်ရောင်းချမှု တားမြစ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား နိုင်ငံတကာ အဖွဲ့အစည်း ၂၀၀ ကျော်က တိုက်တွန်းချိန်၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စာနာစိတ်ကင်းမဲ့ပြီး လူ့အသက်ကို အလေးမထားသည့် လုပ်ရပ်များကြောင့် အာဏာရယူချိန်မှ ယခုအချိန်ထိ ကလေးငယ်များ၊ အဖြစ်အပျက်နှင့် မသက်ဆိုင်သူများ အပါအဝင် ပြည်သူ ၇၆၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီ ဖြစ်သဖြင့် “ဤအခြေအနေမျိုးတွင် မြန်မာစစ်တပ်အား မည်သည့်အစိုးရမှ ကျည်တစ်တောင့်တောင် မရောင်းသင့်” ဟု ထိုအဖွဲ့အစည်းများက ဖော်ပြသည်။ 

“မြန်မာနိုင်ငံအား တစ်ကမ္ဘာလုံးက လက်နက်ရောင်းချမှုကို တားမြစ်ခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ မြင့်တက်လာနေခြင်းအပေါ် တုံ့ပြန်ရေးအတွက် လုံခြုံရေးကောင်စီက အနိမ့်ဆုံး ဆောင်ရွက်ရန်လိုအပ်သည့် ခြေလှမ်းတစ်ရပ်” ဖြစ်ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

မူရင်း - “Can Myanmar’s New ‘People’s Defense Force’ Succeed?” By Sebastian Strangio, THE DIPLOMAT, ဓာတ်ပုံ - AP

ဗီဒီယိုများ