တကျော့ပြန်တိုက်ပွဲများကြောင့် နှောင့်နှေးနေရသည့် တရုတ်စီမံကိန်းများ

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ချိတ်ဆက်ပေးပြီး ထိုမှတဆင့် ရန်ကုန်၊ ရန်ကုန်မှတဆင့် ကျောက်ဖြူရေနက်စီမံကိန်းအထိ ချိတ်ဆက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံ စီမံကိန်းကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

By Foreign Desk 11 Oct 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီလက ဘေကျင်းတွင်တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Reuters)

"လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ချိတ်ဆက်ပေးပြီး ထိုမှတဆင့် ရန်ကုန်၊ ရန်ကုန်မှတဆင့် ကျောက်ဖြူရေနက်စီမံကိန်းအထိ ချိတ်ဆက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံ စီမံကိန်းကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။"

မကြာသေးမီက တပ်မတော်ကနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုတွင် ပါဝင်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်ရပ်ကာလကို သက်တမ်းမတိုးရန် ဆုံးဖြတ်လိုက်ရာ တရုတ်တို့၏ လမ်းနှင့်ရပ်ဝန်း (BRI) စီမံကိန်းများသည်လည်း ဆက်လက်၍နှောင့်နှေးမှုများနှင့် ရင်ဆိုင်ရမည့်အခြေသို့ ဆိုက်ရောက်သွားခဲ့သည်။

မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံရှိ စီမံကိန်းအတော်များများမှာ ဆိုင်းငံ့ထားရပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်အထက်ပိုင်းတွင် တည်ဆောက်မည့် မြစ်ဆုံဆည်စီမံကိန်းမှာမူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများကြောင့်မဟုတ်ဘဲ မြန်မာပြည်သူများ၏ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန့်ကျင်မှုများနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဖိအားပေးမှုကြောင့် ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

အခြားသော လုပ်ဆောင်ရန်ဖြစ်နိုင်ဖွယ်ရှိသည့် စီမံကိန်းများမှာလည်း တကျော့ပြန်လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆိုင်းငံ့ထားလိုက်ရပြီဖြစ်သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် တပ်မတော်က ကွတ်ခိုင်တွင် အခြေစိုက်သော မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) ကိုတိုက်ခိုက်ခဲ့ရာ ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံကဦးဆောင်သော မူဆယ်-လားရှိုး-မန္တလေး ရထားလမ်းစီမံကိန်းအတွက် အဆိုပြုထားသောနေရာ ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားပြီး နောက်တစ်ရက်မှာပင် စီမံကိန်းကို ဆိုင်းငံ့ထားလိုက်ရပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟုခေါ်ဆိုသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များကြား တရုတ်တို့၏ ကြားဝင်ညှိနှိုင်းပေးရန် ကြိုးပမ်းမှုမအောင်မြင်ကြောင်းကို ဖော်ပြရာရောက်လျက်ရှိသည်။

တိုက်ပွဲများမှာ ရခိုင်ပြည်နယ်တွင်လည်း ဖြစ်ပွားလျက်ရှိပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သော AA နှင့် တပ်မတော်တို့ကြား စစ်တွေမြို့အပြင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

တရုတ်တို့သည် ၎င်းတို့၏ လက်နက်ကိုင်ပဋိပက္ခ ၂ ခုလုံး၌ ၎င်း၏ကြားဝင်ညှိနှိုင်းပေးနိုင်စွမ်းကို ပိုတွက်ထားပုံရသည်ဟု သြစတြေးလျ Daekin တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ တစ်ဦးဖြစ်သူ ဟူပေါင်ကန် ကပြောကြားသည်။
"သူတို့က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အရေးတွေကို ကျိုင်းတုံမှာ တံခါးပိတ်ဆွေးနွေးပြီး ဖြေရှင်းလို့ရမယ်လို့ တွက်ထားခဲ့ပုံပါပဲ။ ဒါပေမဲ့ သူတို့မလုပ်နိုင်ခဲ့ပါဘူး။ တရုတ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့အတူတကွ တွေ့ဆုံအောင်လည်း ကြိုးစားနေခဲ့ပေမယ့် မအောင်မြင်ပါဘူး" ဟု ၎င်းက ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဂုတ်တွင်းတံတား။ (ဓာတ်ပုံ - AP)

တရုတ်သံတမန်များသည် စက်တင်ဘာလ ၁၇ ရက်နေ့ကပင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှတာဝန်ရှိသူများကို ကျိုင်းတုံမြို့သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းစေခဲ့သေးသည်။ သို့ရာတွင် တပ်မတော်ဘက်မှ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ နိုင်ငံရေးအရအသိအမှတ်ပြုမှု၊ နယ်မြေလုံခြုံရေး၊ ဒေသတွင်းစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများစသည့် တောင်းဆိုမှုများကို လိုက်လျောရန်ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ချိတ်ဆက်ပေးပြီး ထိုမှတဆင့် ရန်ကုန်၊ ရန်ကုန်မှတဆင့် ကျောက်ဖြူရေနက်စီမံကိန်းအထိ ချိတ်ဆက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြ ံ စီမံကိန်းကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

ပြီးခဲ့သောနွေရာသီက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သည် စီးပွားရေးစင်္ကြ ံ၏ အသက်သွေးကြောဖြစ်သော မူဆယ်-မန္တလေးလမ်းတလျှောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တံတားများနှင့် အခြားအခြေခံအဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။ တရုတ်နယ်စပ်ရှိ မူဆယ်မြို့တွင် နှစ်စဉ်ကုန်သွယ်မှုပမာဏမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ယခုနှစ်ဆန်းမှ စက်တင်ဘာလလယ်အထိ ကာလအတွင်းတွင် ၂၂.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလျံရှိခဲ့သည်ဟု မြန်မာ့ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာလည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ပေးချေရန်ကျန်ရှိနေသည့် ကြွေးမြီများနှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံဘက်မှ အားသွန်ခွန်စိုက်ကြိုးပမ်းမှု လျော့ကျလျက်ရှိပြီး တရုတ်ဘဏ်များဘက်ကလည်း ငွေထုတ်ရန် တုံ့ဆိုင်းမှုများရှိနေသည်။

စီးပွားရေးစင်္ကြ ံအတွက် မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်များ (ဓာတ်ပုံ - Asian Nikkei)

စီးပွားရေးစင်္ကြ ံစီမံကိန်းအတွက် တည်ဆောက်ရမည့် စက်မှုဇုံများနှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုအပေါ်တွင် တည်မီနေပြီး ရင်းနှီးမြုပ်နှံမှုအများစုကို ယူနန်ပြည်နယ်အစိုးရ ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့များက စိုက်ထုတ်ရမည်ဖြစ်သည်။ စီးပွားရေးစင်္ကြ ံစီမံကိန်းအရ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များအပါအဝင် စီမံကိန်းများစွာ ဖော်ဆောင်ရန်လျာထားချက်များ ရှိနေသော်လည်း တရုတ်နိုင်ငံ၏ လတ်တလော မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုမှာ လျော့ကျလျက်ရှိရာ ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရှိခဲ့ရာမှ ပြီးခဲ့သော သြဂုတ်လအထိ ၁၁ လတာ ကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၅၇၆ သန်းသာ ရှိသေးသည်ကို မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များအရ တွေ့ရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ရင်းနှီးမြုပ်နှံသူအဖြစ်နှင့် စင်္ကာပူနိုင်ငံ၏ နောက်တွင် ရပ်တည်လျက်ရှိနေသေးသော်လည်း ၎င်း၏ရင်းနှီးမြုပ်နှံမှုမှာ ခိုင်မာမှုမရှိသည့် အခြေအနေတွင် ရှိနေသည်ကို တွေ့ရသည်။

မြစ်ဆုံဆည်အရေးနှင့်ပတ်သက်၍မူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏လက်ရှိအာဏာရ NLD ပါတီအပေါ်တွင် ဖိအားပေး လျက်ရှိသော်လည်း မြစ်ဆုံကိုကာကွယ်ရေးမှာ တိုင်းပြည်၏ အချုပ်အခြာအာဏာကာကွယ်ရေး အရေးကိစ္စ ဖြစ်လာလျက် ရှိပြီး NLD ပါတီမှာ လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သဖြင့် အကျပ်အတည်း ဆိုက်ရောက် လျက်ရှိသည်။

မောင်ဖြိုး
(ကိုးကား - Renewed conflict in Myanmar slows China's Belt and Road projects, ASIAN NIKKEI)

ဗီဒီယိုများ