စစ်သုံ့ပန်းများအား ကိုယ်ကျိုးစီးပွားအတွက် အလဲအထပ် အသုံးချခြင်း

စစ်သားနှစ်ဦးလုံးသည် ယခုအခါ သည်ဟိဂ်သို့ ရောက်နေပြီး နိုင်ငံတကာတရားရုံးနှင့်လည်း အဆက်အသွယ် ရှိထားပြီဟု သိရသည်။ ၎င်းတို့နှစ်ဦး၏ ခံဝန်ချက်အား Fortify Rights အဖွဲ့က ‘တရားမျှတမှုအတွက် ကြီးကျယ်သောအခိုက်အတန့်’ ဟု တင်စားခဲ့သလို နယူးယောက်တိုင်းကလည်း ‘ပထမခြေလှမ်း (a first)’ ဟု ရည်ညွှန်းသည်။ 

By စောသန္တာအေး 30 Sep 2020

ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Facebook)

မြန်မာအပေါ် ကာလရှည်ကြာရှိနေခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူဆောင်ရွက်ချက်များ ခြေလှမ်းသွက်လာသည်နှင့်အမျှ တရားမျှတမှုအတွက် အာမခံပေးနိုင်ခြေရှိသည်ဟု အပေါ်ယံအားဖြင့် ယူဆရသည့် တိုးတက်မှုများသည် အနီးကပ်သေချာကြည့်ရှုပါက အဆိုပါစုံစမ်းစစ်ဆေးမှုများအား အဟန့်အတားဖြစ်စေနိုင်သည့် အလားအလာ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သောစက်တင်ဘာ ၈ ရက်နေ့က အမေရိကန်အခြေစိုက် Fortify Rights အဖွဲ့သည် New York Times သတင်းဌာနနှင့် ပူးပေါင်းပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၌ တပ်မတော်၏အမိန့်များအရ မွတ်ဆလင်များအားသတ်ဖြတ်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သည်ဆိုသော မြန်မာစစ်သားနှစ်ဦး၏ ခံဝန်ချက်များ ထိုထုတ်ပြန်ချက်၌ ပါဝင်သည်။

ထုတ်ပြန်ချက်နှင့် ဆောင်းပါး နှစ်ခုလုံးတွင် စစ်သားနှစ်ဦးအကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်သည်။ စစ်သားနှစ်ဦးသည် မေလတွင် ရက္ခိုင့်တပ်တော် (အေအေ) လက်ထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ အေအေက ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တွင် မွတ်ဆလင်အရပ်သားများအား သတ်ဖြတ်ရန် တပ်မတော်အရာရှိများက အဆင့်အဆင့် အမိန့်ပေးခဲ့သည်ဆိုသော အချက်အလက်များလည်း ပါဝင်သည်။

စစ်သားနှစ်ဦးလုံးသည် ယခုအခါ သည်ဟိဂ်သို့ ရောက်နေပြီး နိုင်ငံတကာတရားရုံးနှင့်လည်း အဆက်အသွယ် ရှိထားပြီဟု သိရသည်။ ၎င်းတို့နှစ်ဦး၏ ခံဝန်ချက်အား Fortify Rights အဖွဲ့က ‘တရားမျှတမှုအတွက် ကြီးကျယ်သောအခိုက်အတန့်’ ဟု တင်စားခဲ့သလို နယူးယောက်တိုင်းကလည်း ‘ပထမခြေလှမ်း (a first)’ ဟု ရည်ညွှန်းသည်။ သို့သော်ငြားလည်း ထိုဗီဒီယိုအင်တာဗျူးမှာ ဆိုခဲ့ပါ နှစ်ချက်လုံး မဖြစ်နိုင်ပေ။ တကယ်တမ်းတွင် ပုံကြီးချဲ့သကဲ့သို့ပင် ဖြစ်နေနိုင်သေးသည်။

မြန်မာစစ်တပ်က ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်များအပေါ် ၂၀၁၇ သြဂုတ်လမှစတင်ခဲ့သည့် ကျူးလွန်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် မီဒီယာများက ပြည့်စုံစေ့စပ်စွာ မှတ်တမ်းတင်ထားသော အချက်အလက်များမှာ ရှိနှင့်နေပြီးသားဖြစ်သည်။ မြန်မာအစိုးရကိုယ်တိုင်လည်း ရာဇဝတ်မှုကြီးအချို့အား ကျူးလွန်ခဲ့ကြောင်းကို ၂၀၂၀ အစောပိုင်းမှ စတင်ကာ ဝန်ခံမှုများ ရှိထားပြီးဖြစ်သည်။

နိုင်ငံတကာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၊ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းရေးယန္တရား (IIMM) တို့၏ စုံစမ်းမှုများနှင့် သက်သေစုဆောင်းမှုများ ရှိနေပြီးဖြစ်ရာ Fortify Rights နှင့် နယူးယောက်တိုင်းတို့၏ ယခုကဲ့သို့ အသေးစိတ်ထုတ်ပြန်ချက်သည် ရှိနှင့်ပြီးစစ်ဆေးမှုများကို အန္တရာယ်ပေးလာနိုင်သလား ဟူသည်ကို စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။

အချို့သော ရှေ့နေများနှင့် လေ့လာသူများသည် ဤအချက်အပေါ် အမြင်တူကြသည်။ အများပြည်သူ သိရှိအောင် လူသိရှင်ကြားထုတ်ပြမှုသည် ထိုစစ်သားနှစ်ယောက်အပါအဝင် မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်သော ၎င်းတို့၏ မိသားစုဝင်များ၊ အနီးကပ်မိတ်ဆွေများနှင့် အပေါင်းအသင်းများအတွက် လက်တုံ့ပြန်ခံရနိုင်သည့် အန္တရာယ် ရှိနေပေသည်။ သို့အတွက်ကြောင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မျက်မြင်သက်သေ ဖြစ်လာနိုင်ခြေရှိသော အခြားသူများကိုလည်း ရှေ့ထွက်လာရန် ဝန်လေးသွားစေနိုင်သည်။

လေ့လာရေးသားကြသည့် မီဒီယာကဏ္ဍနှင့် ဆက်စပ်၍ သတိပြုစရာအကြောင်းရင်း သုံးခုရှိသည်။

ပထမအကြောင်းရင်းမှာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် သတင်းမီဒီယာအကြား သဟဇာတ မရှိတတ်သည့် သဘောသဘာဝဖြစ်ကာ ယခုကဲ့သို့ ထိလွယ်ရှလွယ်သော အသေးစိတ်အချက်များအား ယခုအချိန်တွင်မှ အဘယ်ကြောင့် ထွက်ပေါ်လာရသနည်း ဟူသောအချက် ဖြစ်သည်။

Fortify Rights အဖွဲ့အနေဖြင့် ယခုဗီဒီယိုဖိုင် ထုတ်ပြန်လိုက်သော အေအေ လက်နက်ကိုင်အဖွဲ့နှင့် မည်မျှအတိုင်းအထာအထိ လက်လှမ်းမီခဲ့သနည်း၊ စစ်သားနှစ်ဦးသည် မည်မျှအတိုင်းအထာအထိ ဝန်ခံခဲ့ကြသနည်း။ ပထမဆုံးခံဝန်ချက်မှာ မေလတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သော်လည်း ဇူလိုင်လတွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ သက်သေအထောက်အထားများအား ပြန်လည်ပြင်ဆင်ရာတွင် ပူးပေါင်းပါဝင်မှု ရှိခဲ့သလား။

စစ်သားများ၏ ခံဝန်ချက်သည် လူသိရှင်ကြား ထွက်ပေါ်ခဲ့ပြီးဖြစ်ရာ တရားရုံးတွင် မည်ကဲ့သို့ ပုံစံဖြင့် တင်သွင်းနိုင်ဦးမည်နည်း။ မြန်မာစစ်သားနှစ်ဦးအား သည်ဟိဂ်သို့ ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မည်သည့်နေရာမှ ပါဝင်ခဲ့ကြသနည်း။

စစ်သားနှစ်ဦး ယခုကဲ့သို့ ခံဝန်ချက်ပေးရန်အတွက် လက်နက်ကိုင်အဖွဲ့က သော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရ သို့မဟုတ် တရားရုံးအရာရှိများကသော်လည်းကောင်း မည်သည့်မမာဏအထိ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားသနည်း။

ဤအချက်များသည် မေးခွန်းထုတ်ရမည့် အချက်များဖြစ်သည်။

မီဒီယာများ၏အသံ ကျယ်လောင်လာခြင်းနှင့် ပတ်သက်၌ နောက်ထပ်မေးခွန်းများလည်း ရှိနေသေးသည်။

ဝေဖန်သူများက ယခုထက်ပို နှုတ်လုံရန်လိုအပ်ကြောင်း ပြောဆိုကြသည်။ မွတ်ဆလင်များ ထွက်ပြေးခဲ့ရသည့် ရာဇဝတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသော ICC တရားလိုရှေ့နေရုံးက ၂၀၁၉ နိုဝင်ဘာတွင် သတိပေးချက်တစ်ရပ် ကြေညာခဲ့ရာ၌ “လက်ရှိစစ်ဆေးမှုများနှင့် ပတ်သက်၍ ခန့်မှန်းတွက်ချက် ရေးသားမှုများ ရှောင်ရှားကြရန် မီဒီယာများကို တိုက်တွန်းကြောင်း၊ ဤအချက်သည် စစ်ဆေးမှုများ၏ တည်ကြည်မှန်ကန်မှုကို အကာအကွယ်ပေးရန် အတွက်သာမက နစ်နာခဲ့ရသူများ၊ မျက်မြင်သက်သေများနှင့် တရားရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေသူများ၏ လုံခြုံရေးအတွက်ပါ အထူးအရေးပါကြောင်း” ထည့်သွင်းဖော်ပြထားသည်။

နယူးယောက်တိုင်း မီဒီယာအပါအဝင် အခြားသော သတင်းဌာနများနှင့် Fortify Rights အဖွဲ့တို့ ဖော်ပြရန်ပျက်ကွက်ခဲ့သည့် အချက်တစ်ချက်မှာ အေအေသည် ၎င်းတို့၏ လူထုဆက်ဆံရေးယန္တရား အသာစီးရစေရန်အတွက် စစ်သုံ့ပန်းများအား ပို့ဆောင်ပေးရာ၌ မည်မျှအတိုင်းအထာအထိ ပါဝင်ပတ်သက်မှု ရှိခဲ့သနည်း ဆိုသောအချက်ဖြစ်သည်။

၂၀၀၉ တွင် စတင်ဖွဲ့စည်းခဲ့သည့် အေအေသည် ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရခိုင်ဒေသရှိ နယ်မြေအများအပြားနှင့် ချင်းပြည်နယ်တို့တွင် ဝင်ရောက်လှုပ်ရှားကာ မြန်မာစစ်တပ်ကို အန္တရာယ်အပေးနိုင်ဆုံး လက်နက်ကိုင်တစ်ဖွဲ့ ဖြစ်လာခဲ့သည်။ အေအေ၏ လှုပ်ရှားမှုများကြောင့် မြန်မာစစ်သား ရာဂဏန်း၊ သို့မဟုတ် ထောင်ဂဏန်းအထိ ထိခိုက်သေဆုံးမှုများ ရှိသလို အေအေကိုယ်တိုင်သည်လည်း စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များ ကျူးလွန်ခြင်းမျိုး ရှိနေသည်။

အေအေသည် သတင်းထုတ်ပြန်ချက်များအား စနစ်တကျ လုပ်ဆောင်လေ့ရှိသလို  ၎င်းတို့ဖမ်းမိထားသည့် စစ်သား၊ ရဲသားများ၊ တပ်မတော်မှ ထွက်ပြေးလာသူများ၊ ၎င်းတို့ဘက်သို့ ဝင်ရောက်လာသူများအား အခါအားလျော်စွာ ထည့်သွင်းအသုံးပြုကာ မြန်မာစစ်တပ်၏ပုံရိပ် ကျဆင်းအောင် ဆောင်ရွက်မှုများလည်းရှိသည်။

ဥပမာတစ်ခု ပြရလျှင် အေအေ၏ တရားဝင်ဝက်ဆိုက်တွင် P.O.W ဆိုသည့် ကဏ္ဍတစ်ခု သီးသန့်ထားရှိပြီး စစ်သုံ့ပန်းများနှင့် ဆက်စပ်သည့် ဗီဒီယိုအင်တာဗျူးဖိုင်များ ဖော်ပြနေခြင်းမျိုး ဖြစ်သည်။

အေအေ၏ ဝက်ဆိုက်တွင် ၎င်းတို့ဖမ်းမိထားသူများ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်အမှတ်၊ သတင်းအချက်အလက်များနှင့် လုပ်ကိုင်ဆောင်ရွက်ချက်များကို စာရင်းနှင့်တကွ ဖော်ပြထားသည်။ သက်ကြီးပိုင်း မြန်မာစစ်သားအချို့အား လွတ်ငြိမ်းချမ်းသားပေးပြီး ပြန်လွှတ်လိုက်သည့် အကြောင်းများလည်း ဖော်ပြထားသည်။ အေအေတွင် Youtube နှင့် VK အကောင့်များရှိသလို Twitter တွင်လည်း အကောင့်အများအပြား ရှိသည်။

အေအေသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဗီဒီယိုဖိုင်အသစ် သုံးဖိုင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဖိုင်များတွင် လွန်ခဲ့သောတစ်နှစ်ခန့်တည်းက ဖမ်းမိခဲ့သည့် စစ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့သည် ၎င်းတို့၏ နေရပ်သို့ ပြန်ခွင့်အတွက် အသနားခံပြောကြားချက် အပါအဝင် အေအေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပေးရန် မြန်မာစစ်တပ်အား တောင်းဆိုသည့်အချက်များပါ ထည့်သွင်းပြောကြားထားသည်ကို တွေ့ရသည်။ အေအေ၏ ပြောကြားချက်အရ ရဲသား ၁၇ ဦးနှင့် တပ်မတော်သား ၃၀ ဦး ၎င်းတို့လက်ထဲတွင် ရှိသည်ဟုသိရသည်။

အေအေသည် ပြည်ပနိုင်ငံများနှင့် တိုက်ပွဲရင်ဆိုင်နေခြင်း မဟုတ်သဖြင့် မဟုတ်သဖြင့် စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗင်းရှင်းအရ လိုက်နာဆက်ဆံရမည့် စည်းကမ်းတွင် အကျုံးဝင်ခြင်းမရှိပေ။
သို့သော်လည်း ၎င်းတို့လက်ရ ဖမ်းမိထားသူများအား ဂျီနီဗာကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်အရ လိုက်နာရမည့် စည်းမျှဉ်းစည်းကမ်းများကို အလေးထားကျင့်သုံးသည်ဟု အေအေကဆိုသည်။

အေအေကထုတ်ပြန်သည့် မြန်မာစစ်သားတစ်ဦး၏ပုံ။ (ဓာတ်ပုံ - Arakan Army)

အေအေသည် ၎င်းတို့လက်ရဖမ်းဆီးမိသူများအား ၎င်းတို့၏ဝါဒဖြန့်ချိရေး ကိုယ်ကျိုးစီးပွားအတွက် အသုံးချရခြင်းကို အကြိုက်တွေ့ကြောင်း သိသာထင်ရှားနေသည်။ ဤအချက်သည် အများပြည်သူ၏သိလိုစိတ် (Public Curiosity) အတွက် ဖြန့်ဝေခြင်းမပြုရဟူသည့် စည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်သလို ဖမ်းဆီးခံပုဂ္ဂိုလ်များအား အရှက်တကွဲသိက္ခာကျစေသည့် လုပ်ရပ်လည်း ဖြစ်နေပေသည်။

နိုင်ငံတကာ မူးယစ်ဆေးကုန်သွယ်မှုနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် အေအေ လက်နက်ကိုင်အဖွဲ့သည် ကျင့်ဝတ်သိက္ခာအရ မြန်မာစစ်တပ်ထက် အသာစီးရအောင် အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။ အကျဉ်းသားများကို အသုံးချခြင်း၊ အရပ်သားများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ တိုးပွားလာနေခြင်း စသည့် အေအေ၏ လုပ်ရပ်များကို ကြည့်လျှင် အေအေသည် စစ်ပွဲဆိုင်ရာဥပဒေများ (Laws of War) ကို အကြီးအကျယ် ဖောက်ဖျက်မှု ရှိနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

အေအေအဖွဲ့သည် အရပ်သားများအား ဓားစာခံအဖြစ် ဖမ်းဆီးသည့် လုပ်ရပ်များလည်းရှိသည်။ ဖမ်းဆီးခံရသူများတွင် လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများ (အေအေက ထိန်းသိမ်းထားစဉ် တပ်မတော်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တစ်ဦး သေဆုံးခဲ့ရသည်။)၊ အစိုးရဝန်ထမ်းများ၊ မီးသတ်သမားများနှင့် အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာများကအစ ပါဝင်သည်။

လတ်တလောတွင်လည်း ချင်းလူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း အရပ်သား ၁၈ ဦးထက်မနည်း ပျောက်ဆုံးနေသည့် ကိစ္စအတွက် အေအေတွင် တာဝန်ရှိကြောင်း စွပ်စွဲထားသည်။

တပ်မတော်မှ ထွက်ပြေးသွားသူနှစ်ဦးနှင့် ပတ်သက်ပြီး မီဒီယာများက ဖော်ပြနေကြသည့် သတင်းဆောင်းပါး အများစု၌ လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအကြောင်း မပါသလို ၂၀၁၈ နှောင်းပိုင်းကာလများမှစတင်၍ ဒေသခံရခိုင်တိုင်းရင်းသားများ ခါးစည်းခံနေကြရသည့် အတိဒုက္ခများအကြောင်းလည်း မပါဝင်ပေ။

ရခိုင်အများစုပါဝင်သည့် အရပ်သား ၁ သိန်းခွဲခန့်သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ပြီးခဲ့သည့်နှစ်တွင် ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသူအရပ်သား ၃၀၀ ခန့်ရှိသည်။ အေအေကို ထောက်ခံသည်ဟု စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသူ အစုလိုက်အပြုံလိုက် ရှိသည်။ အေအေ၏ ဒဏ်ကို ခံရသည့် ချင်းအရပ်သားများလည်း ရှိသည်။

မြန်မာပြည်ရှိ အခြားသောဒေသများ၌ ခံစားနေကြရဆဲဖြစ်သည့် ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မီဒီယာများတွင် မွတ်ဆလင်အရေးလောက် ဖော်ပြခြင်းမခံရပေ။ ဗရမ်းပတာထွက်ပေါ်လာသည့် စစ်သားနှစ်ဦး၏ ခံဝန်ချက်သည် အခြားသောဒေသများ၌ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရသည့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများအား အရေးယူနိုင်ရေး ဆောင်ရွက်ချက်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်ပေသည်။

လူ့အခွင့်အရေးအတွက် တရားမျှတမှုကို ရှာဖွေရာ၌ မတော်တဆ လွဲချော်ပွတ်တိုက်မှုများကို ရှောင်ရှားနိုင်ရေးအတွက် ကျင့်ဝတ်နှင့်အညီလေ့လာရန် လိုအပ်သလို မီဒီယာများအနေဖြင့်လည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရေးသားရန် လိုအပ်သည်။

ထိလွယ်ရှလွယ် ဇာတ်လမ်းများကို မဆင်မခြင်ဖွင့်ချခြင်းသည် လော်ဘီအုပ်စုများနှင့် အကျိုးတော်ဆောင် အဖွဲ့များ (Advocacy Groups)၊ သတင်းထူးသတင်းဦးများအတွက် အမဲလိုက်နေသော မီဒီယာများအတွက် အကျိုးရှိနိုင်သော်လည်း နစ်နာသူများအတွက် တရားမျှတမှု ရှာဖွေရေးကို အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိနေသည်ကို အထူးသတိပြုရမည်ဖြစ်သည်။

စောသန္တာအေး
(David Scott Mathieson ၏ “Commodifying prisoners of war in Myanmar” ကို ဆီလျော်အောင် မြန်မာမှုပြုသည်။)

ဗီဒီယိုများ