မြန်မာမှထွက်တော့မည့် တိုတယ်နှင့် ချက်ဗရွန်အစုရှယ်ယာများ အားလုံးကို ထိုင်းဘက်က ဝယ်ယူရန် ကြိုးပမ်းနေ

မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ အားလုံး ရပ်ဆိုင်းပြီး ထွက်ခွာရန်ပြင်ဆင်နေကြသည့် တိုတယ်နှင့် ချက်ဗရွန်ကုမ္ပဏီတို့၏ အစုရှယ်ယာများအားလုံးကို ထိုင်းကုမ္ပဏီ PTT Pcl က ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 11 Feb 2022

ဓာတ်ပုံ - Total Energies

DMG ၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ အားလုံး ရပ်ဆိုင်းပြီး ထွက်ခွာရန်ပြင်ဆင်နေကြသည့် တိုတယ်နှင့် ချက်ဗရွန်ကုမ္ပဏီတို့၏ အစုရှယ်ယာများအားလုံးကို ထိုင်းကုမ္ပဏီ PTT Pcl က ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တိုတယ်နှင့် ချက်ဗရွန် ကုမ္ပဏီနှစ်ခုပေါင်း အစုရှယ်ယာ ၅၉.၅ ရာခိုင်နှုန်းကို PTT ၏ ကုမ္ပဏီခွဲ PTTEP က ဝယ်ယူရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။

ပြည်တွင်း ကုမ္ပဏီအများအပြားကလည်း ရတနာစီမံကိန်းတွင် ပါဝင်ရန် စိတ်အားထက်သန်နေကြပြီး PTTEP အပါအဝင် အခြား ကမ်းလှမ်းထားသူများနှင့် အစိုးရအကြား ဆွေးနွေးမှုများ စတင်နေပြီဟု မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြထားသည်။

PTTEP က “တိုတယ်နဲ့ ချက်ဗရွန်တို့ရဲ့ ရှယ်ယာအားလုံးကို ဝယ်ယူလိုတဲ့ဆန္ဒ ရှိတယ်လို့ အသိပေးထားပါတယ်။ ဒါပေမဲ့ ဒီရှယ်ယာတွေအားလုံးကို သူတို့ကို ပိုင်ဆိုင်ခွင့်ပေးသင့် မပေးသင့်ဆိုတာ ကျွန်တော်တို့ မသေချာသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြာသပတေးနေ့တွင် ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်သဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းများအား အနောက်နိုင်ငံများမှ ကုမ္ပဏီများ ရုတ်သိမ်းနေကြချိန်၌ PTTEP ကဲ့သို့ ကုမ္ပဏီများသည် ပိုမိုအကျိုးဖြစ်ထွန်းမည့် အလားအလာ ရှိနေသည်။

ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းကို နှစ်ပေါင်း ၃၀ ခန့် လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီဖြစ်ကာ အစုရှယ်ယာ ၃၁.၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

ရတနာစီမံကိန်း၏ ရှယ်ယာ ၂၈.၃ ရာခိုင်နှုန်းကို အမေရိကန်ကုမ္ပဏီ ချက်ဗရွန်က ပိုင်ဆိုင်ထားပြီး ထိုင်းကုမ္ပဏီ PTTEP က ၂၅.၅ ရာခိုင်နှုန်း၊ မြန်မာအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

“PTTEP သည် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ စွမ်းအင်လုံခြုံရေးအတွက် အဓိကဦးစားပေး စဉ်းစားကာ နှစ်နိုင်ငံ ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းတွင် အရေးပါသော စွမ်းအင်လိုအပ်ချက်ကို အကာအကွယ်ပေးနိုင်ရန် ရတနာစီမံကိန်းနှင့် MGTC ပိုက်လိုင်းတို့၏ ဖြစ်လာနိုင်ခြေ အလားအလာများကို အထူးအလေးထား သုံးသပ်လျက်ရှိ” ကြောင်း ကုမ္ပဏီဘက်က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

PTT မှ အမှုဆောင်အရာရှိများသည် ရှယ်ယာဝယ်ယူရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ ယခုလအတွင်း သဘောတူညီချက် ရမည်ဟု မျှော်လင့်ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရတနာစီမံကိန်းမှ နှစ်စဉ် သဘာဝဓာတ်ငွေ့ ရ၀ ရာခိုင်နှုန်းဖြစ်သည့် ကုဗမီတာ ၆ ဘီလျံကို မုတ္တမ သဘာဝဓာတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့သည်။ ကျန်ရှိသော ပမာဏကို မြန်မာနိုင်ငံတွင် ရောင်းချကြောင်း တိုတယ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ