ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရမချင်း မြန်မာနိုင်ငံသို့ သွားတော့မည်မဟုတ်ဟု ကုလအထူးသံတမန် ပြောဆို


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်အစိုးရအနေဖြင့် သူမအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးလျှင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်တော့မည် မဟုတ်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 07 Sep 2022

ဓာတ်ပုံ - AP

DMG ၊ စက်တင်ဘာ ၇

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်အစိုးရအနေဖြင့် သူမအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးလျှင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်တော့မည် မဟုတ်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

စင်္ကာပူနိုင်ငံ၌ ISEAS-Yusof Ishak Institute ကကျင်းပသည့် ဟောပြောပွဲတစ်ခုတွင် သူမက “မြန်မာနိုင်ငံကို ထပ်သွားဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှပဲ ဖြစ်နိုင်ပါတော့မယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ လူအများအပြားသည် လုံခြုံရေးအတွက် နိုင်ငံကို စွန့်ခွာထွက်ပြေးနေရသည်ဟုလည်း နိုလင်းဟေဇာက ပြောကြားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့သင့်သည်ဟုလည်း သူမကပြောကြားသည်။

အသက် ရ၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်အပါအဝင် ထောင်ဒဏ်စုစုပေါင်း အနှစ် ၂၀ ချမှတ်ခံထားရသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီသည် မဲမသမာမှုများ ရှိခဲ့သည်ဟု မြန်မာစစ်တပ်က စွပ်စွဲခဲ့ပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းတာကို တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးက တွေ့ခွင့်ရနိုင်ခြေရှိတဲ့ အနေအထား ပြောခဲ့ပါတယ်။ အခုကျွန်မ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အလွန်စိုးရိမ်မိပါတယ်။ သူမအပေါ် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ချမှတ်လိုက်ခြင်းကိုလည်း ရှုတ်ချပါတယ်” ဟု နိုလင်းဟေဇာက ပြောကြားခဲ့သည်။

နိုလင်းဟေဇာသည် မြန်မာစစ်တပ်နှင့် အလွန်အမင်း နီးကပ်စွာ ဆောင်ရွက်မှုများ ရှိနေသည်ဟု အတိုက်အခံများက စွပ်စွဲသလို စစ်တပ်ဘက်ကလည်း သူ့ကို တရားမဝင်အသင်းအဖွဲ့များနှင့် ဆက်ဆံမှုများ ရှိသည်ဟု စွပ်စွဲထားသည်။

ဗီဒီယိုများ