မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ တစ်သန်းအထိရှိလာကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်သည် တစ်သန်းအထိရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 02 Jun 2022

ဓာတ်ပုံ - (KAREN MEDICAL INFORMATION / AFP)

DMG ၊ ဇွန် ၂

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်သည် တစ်သန်းအထိရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်သည် ရ သိန်းနီးပါး ရှိသည်ဟု UNOCHA က ပြောကြားသည်။

အာဏာသိမ်းမှု မတိုင်မီက ဒုက္ခသည်အရေအတွက်သည် ၃၄၆၀၀၀ ခန့်ရှိခဲ့ပြီး အဆိုပါဒုက္ခသည်များတွင် ကာလရှည်ကြာ တိုက်ပွဲများကြောင့် ထိုင်းနှင့် တရုတ်နယ်စပ်တွင် တိမ်းရှောင်နေရသည့် ဒုက္ခသည်များ၊ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးခဲ့ရသော မူဆလင်များ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း အရပ်သားနေအိမ် ၁၂၀၀၀ ခန့် မီးသင့် သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မကြာမီ၌ မိုးရာသီ ဝင်တော့မည်ဖြစ်သဖြင့် ဒုက္ခသည်စခန်းများရှိ ပြည်သူများ၏ အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်းလည်း UNOCHA က ပြောသည်။

မကွေးနှင့် စစ်ကိုင်းရှိ နေရာအနှံ့အပြားတွင် မိုဘိုင်းအင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခွင့်ကိုလည်း ကန့်သတ်ခံထားရသည်။

“အဆိုပါနေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ အထောက်အပံ့များနှင့် အမိုးအကာများ လိုအပ်နေ” ကြောင်း UNOCHA က ပြောသည်။

အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် ၃ သိန်းကျော်ခန့်သည် PDF များနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း UNOCHA ၏ အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ