စစ်ဘေးရှောင်များအတွက် တစ်ပူပေါ်နှစ်ပူဆင့် ကိုရိုနာအရေး

နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားလာခဲ့သော ပဋိပက္ခများနှင့်အတူ အစိုးရနှင့် တပ်မတော်၏ မူဝါဒများကြားတွင် ဒုက္ခသည်များသည် လူထုကျန်းမာရေးအကူအညီ မရရှိဘဲ ဖြစ်နေရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) ၏ အာရှဒါရိုက်တာ ဘရက်အက်ဒမ်က ပြောကြားသည်။

By စောသန္တာအေး 13 Apr 2020

စောသန္တာအေး ရေးသားသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာမှုနှင့်အတူ သေဆုံးမှုများလည်း ရှိလာချိန်၌ လူ့အခွင့်အရေးအုပ်စုများနှင့် ကူညီထောက်ပံ့ရေး ဝန်ထမ်းများသည် နိုင်ငံတွင်း ကြုံလာရဖွယ်ရှိသည့် လူထုကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းများကို အစိုးရ၏ ကိုင်တွယ်နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများအား ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ဗိုင်းရပ်စ်ကူးစက်ခံရမည့် အလားအလာ အများဆုံး ရှိသူများတွင် ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်များရှိ ပဋိပက္ခများကြောင့် ထွက်ပြေးနေကြရသည့် ပြည်သူ ၃ သိန်းခွဲခန့် ပါဝင်သည်။

နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားလာခဲ့သော ပဋိပက္ခများနှင့်အတူ အစိုးရနှင့် တပ်မတော်၏ မူဝါဒများကြားတွင် ဒုက္ခသည်များသည် လူထုကျန်းမာရေးအကူအညီ မရရှိဘဲ ဖြစ်နေရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) ၏ အာရှဒါရိုက်တာ ဘရက်အက်ဒမ်က ပြောကြားသည်။

“အာဏာပိုင်တွေအနေနဲ့ ဒီဒုက္ခသည်တွေ သတင်းအချက်အလက် အချိန်မီသိနိုင်အောင်၊ ရောဂါရှာဖွေစစ်ဆေးရေးနဲ့ သီးသန့်ခွဲထားရေးတွေ အပါအဝင် ကျန်းမာရေးအကူအညီတွေနဲ့ ကယ်ဆယ်ရေးအထောက်အပံ့တွေ ရရှိအောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်” ဟု သူကဆိုသည်။

စစ်ဘေးရှောင် ၁ သိန်းခွဲခန့် ရှိနေပြီဖြစ်သည့် ရခိုင်ဒေသတွင် အင်တာနက်ပိတ်ဆို့ ခံထားရမှုသည်လည်း COVID-19 ကူးစက်မှု တုံ့ပြန်ရေးကို ပိုမိုအခက်အခဲဖြစ်စေသည့် အနေအထားတွင် ရှိနေသည်။

ရခိုင်ဒေသရှိ ချိန်ကိုက်မိုင်းတစ်လုံး

ရခိုင်ပြည်နယ်တွင် အခြေအနေမှာ လွန်စွာဆိုးဝါးနေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ လော်ရာဟိတ်က ဆိုသည်။

“ရခိုင်မှာက ဒေသတွင်းပဋိပက္ခတွေကြောင့် ရှောင်နေရတဲ့ ဒုက္ခသည် သိန်းချီရှိတယ်။ မွတ်ဆလင်တွေလည်း လွတ်လပ်စွာသွားလာခွင့်မရှိဘဲ သူတို့ရဲ့ကျေးရွာတွေ၊ စခန်းတွေမှာ ထိန်းသိမ်းခံထားရတယ်။” ဟု လောရာဟိတ်က ဆိုသည်။

“ဒီလိုလူအုပ်စုတွေကြားမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်းက အဆမတန်မြင့်တယ်။ ဒီအနေအထားက ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။” ဟု သူက ပြောကြားသည်။

မြန်မာအစိုးရသည် ရခိုင်ဒေသရှိ မြို့နယ် ၉ မြို့နယ်တွင်လည်း အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ထားသေးသည်။ ယခုဖြတ်တောက်မှုသည် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကြီး ဖြစ်သည်။ ၎င်းအပြင် အစိုးရသည် ဒေသတွင်းပဋိပက္ခများကို ရေးသားဖော်ပြနေသော သတင်းထောက်များအား ထိန်းသိမ်းမှုများလည်း ရှိနေသဖြင့် အရပ်သား သေကြေမှုများ၊ လူနေအိမ်ခြေပျက်စီးမှုသတင်းများသည် မွတ်ဆလင်အရေးအခင်းအချိန်က ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပေ။

အင်တာနက်ပိတ်ဆို့မှုအား ဖယ်ရှားပေးရေး တောင်းဆိုပေးကြရန် လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့၏ဒါရိုက်တာ မာ့ခ်ဖာမနာက နိုင်ငံတကာအား ထပ်မံတောင်းဆိုထားသည်။

“အင်တာနက်ပိတ်ဆို့မှုကြောင့် ခုတော့ လူတွေ ပိုဒုက္ခရောက်ဖို့ဖြစ်နေပြီ။ ဗိုင်းရပ်စ်မကူးအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အရေးပါတဲ့အချက်တွေကို လူတွေက မသိရတော့ဘူး။” ဟု သူကဆိုသည်။

မလေးရှားအခြေစိုက် စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Arakan Information Center ၏အဆိုအရ တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးသူဦးရေသည် မတ်လအတွင်း သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရသည်။ အဖွဲ့၏ စာရင်းဇယားများအရဆိုလျှင် ဖော်ဖော်ဝါရီလအတွင်း သေဆုံးသူ အရပ်သား ၁၈ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၁ ဦးရှိခဲ့သော်လည်း မတ်လတွင် သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၁၂၆ ဦး၊ ဖမ်းဆီးခံရသူ ၃၆ ဦးနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ ၃၂ ဦးအထိ ရှိလာခဲ့သည်။

အေအေ အပါအဝင် ညွန့်ပေါင်းအုပ်စုက ဧပြီလ ၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးကို တစ်ဘက်သတ်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပဋိပက္ခများမှာ အရှိန်မြင့်နေဆဲဖြစ်သလို နှစ်ဘက်တိုက်ပွဲများလည်း ရှိနေဆဲဖြစ်သည်။

အလုပ်လက်မဲ့ဖြစ်ပြီး ပြန်ဝင်လာနေသော ရခိုင်အလုပ်သမား အများအပြားကို ဦးတည်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြန်ဝင်လာသူများအနေဖြင့် ယာယီသီးသန့်ခွဲ နေထိုင်ပေးကြရန်၊ ရောဂါလက္ခဏာများ ရှိ မရှိ စစ်ဆေးပေးကြရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထိုင်းမြန်မာနယ်စပ်တွင် လူပေါင်းသောင်းချီရှိနေသည့် အလုပ်သမားအုပ်စုကြီးသည် မြန်မာပြည်တွင်းသို့ ပြန်ဝင်လာရန်ရှိနေသည်။ အလုပ်သမားများအား သီးသန့်ခွဲနေထိုင်ကြရန် အကြံပေးမှု ရှိနေသော်လည်း ဧရာမလူအုပ်ကြီးအတွက် ထိုသတိပေးချက်မှာ ဆင်ပါးစပ် နှမ်းပက်သကဲ့သို့သာ ရှိမည်ဖြစ်သည်။

ထောက်ပံ့ရေးအကူအညီများ

လူသားချင်းစာနာမှု ထောက်ပံ့ရေးအကူအညီများ ရရှိရေးသည် စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း လော်ရာဟိတ်က ထောက်ပြသည်။

“ရခိုင်မှာက ထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းခံထားရတာ နှစ်နဲ့ချီကြာနေပြီ။ လူမှုရေးအဖွဲ့အစည်းက ဝန်ထမ်းတွေ ဆိုရင်လည်း အကူအညီလိုအပ်နေတဲ့ နေရာတွေကို အရောက်သွားဖို့ အခက်အခဲတွေရှိကြတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တိုးလာနေတဲ့အနေအထားမှာ ဒီလိုပိတ်ပင်မှုတွေက လက်ခံနိုင်စရာမရှိဘူး။ ကမ္ဘာလုံးချီ ပျံ့နှံ့လာနေတဲ့ ကိုရိုနာအရေးမှာဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူး” ဟု သူကဆိုသည်။

ကုလသမဂ္ဂ၏ ရုံးတွင်းပေးပို့ချက် စာတစ်စောင်တွင်ဆိုလျှင် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်သွားသည့် ဘုတ်များ ပစ်ခတ်ခံရမှုများရှိကြောင်း ဖော်ပြထားသည်။ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေရန်အတွက် ထောက်ခံစာများအပါအဝင် စာရွက်စာတမ်းများ အများအပြား လိုအပ်ကြောင်းလည်း အဆိုပါစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရက စစ်ဘေးရှောင်စခန်းများအား ပိတ်ရန်ကြိုးစားနေမှုကြောင့်လည်း အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ရေးဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် အဆင်မပြေ ဖြစ်နေရသည်။

ကယ်ဆယ်ရေးဝန်ထမ်းများအနေဖြင့် ရေတိုရေရှည် အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို ကူညီထောက်ပံ့ရေးများ ဆက်လက်လုပ်ဆောင်နိုင်အောင် အစိုးရက အကူအညီပေးစေရေး အတွက် အစိုးရ၏ မူဝါဒများကိုလည်း တစ်ဘက်တစ်လမ်းက ထောက်ပံ့နိုင်ရန် လိုအပ်သည်ဟု ပညာရှင်များက ပြောကြသည်။

စခန်းများရှိ အခြေအနေ

“တစ်ကမ္ဘာလုံးကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကို စခန်းကလူတွေလည်း သဘောပေါက်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ကူးစက်ခံထားရသူ ၄၀ ကျော်ရှိနေပြီ။ (ဧပြီ ၁၂ ရက်အထိ အစိုးရ တရားဝင်ထုတ်ပြန်ထားသော အရေအတွက်မှာ ၃၈ ဦးဖြစ်သည်။) လူတွေလည်း ကြောက်နေကြတယ်။ ဒါပေမဲ့ ပြဿနာက စခန်းတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ မရှိသေးတာပဲ။” ဟု မွတ်ဆလင် ဘာသာပြန်တစ်ဦးက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူစုလူဝေးမပြုလုပ်ရန် အကြံပြုထားသော်လည်း စခန်းတွင် ရိက္ခာဝေသည့် စနစ်ကြောင့် လူစုလူဝေးရှိနေဆဲဖြစ်ကြောင်း သူကဆိုသည်။
“ဗိုင်းရပ်စ်က ကူးစက်ဖို့ အရမ်းလွယ်ကူတယ်ဆိုတော့ ဒီကိစ္စက တော်တော်အရေးကြီးတယ်” ဟု သူကဆိုသည်။

“ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်ချက်ဆိုလို့ အန်ဂျီအိုတွေပေးတဲ့ လက်ကမ်းစာစောင်လောက်ပဲ ရှိတယ်၊ သီးခန့်ခွဲထားဖို့နေရာတွေလည်း ကျွန်တော်သိသလောက်တော့ မရှိပါဘူး” ဟု သူက ထပ်လောင်းပြောဆိုသည်။

နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများက စောင့်ကြည့်လူနာများအား သီးသန့်ခွဲထားရေးအတွက် လုပ်ဆောင်ရန် အစီအစဉ်များ ရခိုင်ပြည်နယ်အစိုးရထံတင်ပြထားသော်လည်း ယခုဆောင်းပါးရေးသောအချိန်အထိ အစိုးရထံမှ အတည်ပြုချက် မရသေးကြောင်း အန်ဂျီအိုသတင်းရင်းမြစ်များထံမှ သိရသည်။ သို့သော်လည်း အစိုးရသည် ရခိုင် ၁၇ မြို့နယ်အသီးသီး၌ လူ ၅၀ စာ သီးသန့်ခွဲထားနိုင်သော အစီအစဉ်များ အကောင်အထည်ဖော်ရန် ရှိနေကြောင်း ပြည်တွင်းမီဒီယာတစ်ခု၏ သတင်းပေးပို့ချက်အရ သိရသည်။

အန်ဂျီအိုအဖွဲ့အစည်းများ သွားလာခွင့်ရှိသည့် စခန်းများနှင့် ကျေးရွာများတွင် WASH အဖွဲ့အစည်းက ဆောင်ရွက်နေသော ကျန်းမာရေး အသိပညာပေး အစီအစဉ်များရှိသော်လည်း အခက်အခဲများမှာ ရှိနေဆဲဖြစ်သည်။
“ကျောက်တော်က တစ်ချို့နေရာတွေမှာဆိုရင် ရေကို ဂါလံပုံးတွေနဲ့ သယ်ယူသုံးစွဲနေရတာ။ ဆပ်ပြာရှိတယ်ဆိုဦး၊ လက်ဆေးဖို့ရေမရှိဘူး” ဟု အမည်မဖော်လိုသည့် အန်ဂျီအိုဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ခရီးသွားခွင့် ပိတ်ပင်ထားမှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ မသွားရောက်နိုင်သည့် နေရာများသို့ သွားရောက်ကူညီပေးရန် စေတနာ့ဝန်ထမ်းများအား အရပ်ဘက်အဖွဲ့အစည်းများက စည်းရုံးဆော်သြမှုများ ရှိသည်။ သို့သော်လည်း ပြင်းထန်နေဆဲတိုက်ပွဲများနှင့်အတူ အရပ်သားများသည်လည်း ရက္ခိုင့်တပ်တော် အေအေနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံရမှုများ ရှိနေသဖြင့် စေတနာ့ဝန်ထမ်းများအတွက်လည်း အန္တရာယ်မကင်းသော အခြေအနေဖြစ်သည်။

ကြိုတင်ပြင်ဆင်မှု နှေးကွေး၊ အဆိုးဆုံးအနေအထား တွက်ချက်မှုမရှိ

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံသူများ ပြည့်ကျပ်နေသည့်နေရာများ၊ ညံ့ဖျင်းသည့် သန့်ရှင်းရေးစနစ်များက ရောဂါများ ကူးစက်မှု ပိုများအောင် ဖန်တီးနေသကဲ့သို့ရှိသည်။ လေ့လာချက်တစ်ခုအရဆိုလျှင် မွတ်ဆလင်စခန်းများတွင် တီဘီရောဂါဖြစ်ပွားမှုသည် အနီးအနားရှိကျေးရွာများတွင် ဖြစ်ပွားမှုထက် ကိုးဆ ပိုများကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ချို့တွင် ဆိုလျှင် လူဦးရေ ၈၃၀၀၀ လျှင် ဆရာဝန်တစ်ဦးကျသာ ထားပေးနိုင်သည့် အခြေအနေရှိသည်။ နိုင်ငံတော်၏ ယိုင်နဲ့နဲ့ကျန်းမာရေးစနစ်သည် ကူးစက်မှုအပြင်းထန်ဆုံး ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် မည်ကဲ့သို့ တွေ့ကြုံရမည် ဆိုသည့်အပေါ်တွင်လည်း မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။

ရန်ကုန်အခြေစိုက် Frontier သတင်းဌာန၏ ဖော်ပြချက်အရဆိုလျှင် မြန်မာတစ်နိုင်ငံလုံးတွင် အသက်ရှူအကူကိရိယာ (Ventilators) အလုံး ၂၀၀ အောက်သာရှိသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်တွင် အကြီးဆုံး ပြည်သူ့ဆေးရုံဖြစ်သည့် စစ်တွေဆေးရုံကြီးတွင် ခုတင် ၅၀၀ သာဆံ့ပြီး ဝန်ထမ်းအင်အားလည်း အလုံအလောက်မရှိပေ။

၂၀၁၈ ခုနှစ်တွင် စစ်တွေဆေးရုံကြီး၌ တက်ရောက်ကုသသော လူနာ ၁၀၀ လျှင် သေဆုံးသူ ၄ ဦးနှုန်းရှိကြောင်း အစိုးရအရာရှိများက ပြောကြားသည်။ မွတ်ဆလင်များအတွက် ဆိုလျှင်မူ စစ်တွေဆေးရုံကြီးသို့ တက်ရောက်ကုသခွင့် ရရှိရန်အတွက် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက် အများအပြားရှိပြီး ထိုစည်းကမ်းများကို ကျော်ဖြတ်ရန်မှာ မလွယ်ကူလှပေ။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ COVID -19 စစ်ဆေးမှု ၅၀၀၀၀ အကူအညီပေးရန် စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် COVID-19 စစ်ဆေးမှုပြုလုပ်နိုင်သော ဓာတ်ခွဲခန်းမှာ တစ်ခုသာရှိသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက စစ်ဆေးမှုများပြုလုပ်ကာ ကြေညာချက်များ ထုတ်ပြန်နေခြင်းဖြစ်သည်။

လူမှုကူညီရေး ဝန်ထမ်းတစ်ဦးကမူ အသင့်အနေအထား ရှိနေရန်မှာ အရေးပါသော်လည်း အမှန်တကယ် ဖြစ်လာလျှင် ရင်ဆိုင်ရန် စီစဉ်ထားခြင်းမရှိကြောင်း ညည်းတွားပြောဆိုသည်။

စောသန္တာအေး

(DEVEX.COM တွင်ဖော်ပြထားသည့် In Myanmar's Rakhine state, conflict and internet blackout mar COVID-19 response ကို ဆီလျှော်အောင် ကောက်နုတ်ပြန်ဆိုပါသည်။)

ဗီဒီယိုများ