ကိုရိုနာဗိုင်းရပ်စ် နှစ်ကြိမ်ကူးစက်ခံရနိုင်သလား

ဟောင်ကောင်က သုတေသီတွေကတော့ လူနာတစ်ဦးဟာ ပထမအကြိမ်ရောဂါကူးစက်ခံရပြီး လအတော် အကြာမှာ ဒုတိယအကြိမ် ထပ်မံကူးစက်ခံရတဲ့ အထောက်အထားတွေ့ရကြောင်း မကြာသေးမီက အစီရင်ခံထားပါတယ်။

By မေမိုး 12 Sep 2020



မေမိုး ဘာသာပြန်ဆိုသည်

ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အကြိမ်ရေဘယ်လောက်ထိ ကူးစက်ခံရနိုင်လဲဆိုတာတော့ မသိနိုင်ပါဘူး။

ဟောင်ကောင်က သုတေသီတွေကတော့ လူနာတစ်ဦးဟာ ပထမအကြိမ်ရောဂါကူးစက်ခံရပြီး လအတော် အကြာမှာ ဒုတိယအကြိမ် ထပ်မံကူးစက်ခံရတဲ့ အထောက်အထားတွေ့ရကြောင်း မကြာသေးမီက အစီရင်ခံထားပါတယ်။

အဲဒီတွေ့ရှိချက်ကိုတော့ သတင်းဂျာနယ်မှာ မဖော်ပြရသေးပါဘူး။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ အဲဒီ ၃၃ နှစ်အရွယ်အမျိုးသားဟာ ပထမအကြိမ်မှာ ရောဂါလက္ခဏာ မပြင်းထန်သလို ဒုတိယအကြိမ်မှာလည်း ရောဂါလက္ခဏာ လုံးဝမပြကြောင်းဆိုပါတယ်။ ဆိုလိုတာက လူနာရဲ့ခုခံအားက ရောဂါကူးစက်မှုကို မတားဆီး နိုင်ရင်တောင် အပြင်းအထန်မဖျားအောင်တော့ ကာကွယ်ပေးတာဖြစ်မယ်လို့ ဆိုပါတယ်။  
အဆိုပါ အမျိုးသား ဟာ နောက်တစ်ကြိမ် ရောဂါကူးစက်ခံရကြောင်းကို ဟောင်ကောင်လေဆိပ်မှာ စစ်ဆေးခံရစဉ် တွေ့ရှိခဲ့တာဖြစ် ပါတယ်။ မျိုးဗီဇဆိုင်ရာ စမ်းသပ်ချက်များတွင် ဗိုင်းရပ်စ်မျိုးကွဲတွေ တွေ့ရတယ်လို့ သုတေသီတွေရဲ့ ပြောဆို ချက်အရ သိရပါတယ်။

ပထမအကြိမ်ထက် ဒုတိယအကြိမ်ရောဂါကူးစက်ခံရမှုမှာ ပိုပြီးနာမကျန်းဖြစ်နေတဲ့ အမေရိကန်အမျိုးသား တစ်ဦးရဲ့ ဖြစ်စဉ်အပါအဝင် အခြားဖြစ်နိုင်တဲ့ပုံစံ အများအပြားလည်း တွေ့ရပါတယ်။

ရောဂါကူးစက်ခံပြီးသားလူတွေက ထပ်ကူးခံရမယ်ဆိုရင်တောင် ဒါကပုံသေကြီး ကူးစက်ခံရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ဆိုပါတယ်။

ကျန်းမာရေးပညာရှင်တွေ ကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့လူတွေဟာ နောက်ထပ် ကူးစက်မခံ ရအောင်ကာကွယ်ဖို့ ကိုယ်ခံအားအနည်းအကျဉ်းရှိကြတယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမဲ့ အဲဒီကိုယ်ခံ အားက ဘယ်လောက်ထိကာကွယ်ပေးနိုင်လဲ၊ ဒါမှမဟုတ် ဘယ်အချိန်ထိခံမလဲ ဆိုတာတော့ မသိကြပါဘူး။

ဒီကိစ္စက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအားမရှိတော့တဲ့ အခါကျရင် ကာကွယ်ဆေးထုတ် နိုင်ဖို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်လို့ပါ။ တစ်ချို့ကျွမ်းကျင်သူတွေကတော့ အဲဒီအချိန်ကျရင် ကိုယ်ခံအား မြှင့်တင်တဲ့ဆေး (Booster) ထိုးဖို့ လိုအပ်ကောင်းလိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

နောက်တစ်ကြိမ်ထပ်ပြီး ရောဂါကူးစက်ခံရတဲ့လူနာတွေကနေ အခြားသူများဆီ ဗိုင်းရပ်စ်ပျံ့နှံ့နိုင်လား ဆိုတာ လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါကြောင့်ပဲ လူတွေကို နှာခေါင်းစည်းဆက်တပ်ကြဖို့၊ လူအချင်းချင်း ခပ်ခွာခွာဆက်နေကြဖို့နဲ့ သန့်သန့်ရှင်းရှင်းနေကြဖို့ ပညာရှင်တွေက တိုက်တွန်းနေကြတာပါ။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၈ သန်းကျော်၊ သေဆုံးသူ ၉ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

မေမိုး
(မူရင်း - Can I get the coronavirus twice? By AP)

ဗီဒီယိုများ