ဗုံးသံကြားတိုင်း ရယ်နိုင်ပါစေ ဖေ့သမီးရေ

“ကျွန်တော့်သမီး လန့်သွားတယ်။ ကျွန်တော် အပြင်ကို ချီသွားလိုက်ပြီး ရယ်ရယ်မောမောနဲ့ ကစားနေတဲ့ ကလေးတွေကို ပြလိုက်တော့မှ စိတ်သက်သာရာရသွားတယ်” လို့မိုဟာမက်က ပြန်ပြောင်းပြောပြပါတယ်။ အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲသံကို ရယ်သံတွေနဲ့ ကလေးတွေကစားနေတာနဲ့ ဆက်စပ်ဖို့နဲ့ ပေါက်ကွဲသံထွက်လာတဲ့အချိန်တိုင်း သမီးလေးနဲ့ရယ်မောနေပုံကို ကိုယ်တိုင်ဗီဒီယိုရိုက်ထားဖို့ စိတ်ကူးရလိုက်တာ ဖြစ်တယ်။

By မေမိုး 23 Aug 2020

အက်ဘ်ဒူလာမိုဟာမက်နဲ့ သုံးနှစ်အရွယ်သမီးဖြစ်သူ ဆာဝါ။ (ဓာတ်ပုံ - AP)

အဗ္ဗဒူလာမိုဟာမက်ဟာ သူ့သမီးအတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့် ဖခင်တစ်ဦးပါ။ ဗုံးသံတွေကြောင့် သမီးလေးရဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေကို ဖြေဖျောက်နိုင်အောင် သမီးနဲ့အတူ အတင်းလိုက်ပါ ရယ်မောပေးတဲ့အထိပါပဲ။

စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့ ဆီးရီးယားနိုင်ငံရဲ့  အနောက်မြောက်ပိုင်းဟာ အတိုက်အခံတွေ ခြေကုတ်ယူထားတဲ့ နောက်ဆုံးခံတပ်ဖြစ်ပါတယ်။ ဒီဇင်ဘာလ အစောပိုင်းကတည်းက ဒီဒေသမှာ ရှရှားကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားအစိုးရစစ်တပ်က အပြင်းအထန် တိုက်ပွဲဆင်နေတာ၊ တရစပ် ဗုံးကြဲတာတွေ လုပ်နေခဲ့တာပါ။ အဲဒီအချိန်တည်းက အရပ်သား ၉ သိန်းကျော်ဟာလည်း နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အခုတော့ ဆီးရီးယားပြည်သူတွေဟာ တူရကီနယ်စပ်အနီး ယာယီတဲတွေ၊ လူမနေတဲ့အဆောက်အအုံတွေ၊ ယာယီအမိုးအကာတွေနဲ့ လေဟာပြင်တွေမှာ နေထိုင်နေကြရပါတယ်။

၂၀၁၉ နှစ်ကုန်မှာ တပ်ဖွဲ့တွေက သူနေထိုင်ရာ ဆာရာကက်မြို့နား ရောက်လာတာကြောင့် မိုဟာမက်ဟာ သူ့ဇနီး၊ သမီးလေးနဲ့အတူ မြောက်ဘက်အစွန်က ဆာမာဒါမြို့ကို ထွက်ပြေးခဲ့ကြရပါတယ်။ သူတို့မိသားစုဟာ သူငယ်ချင်း ပေးထားတဲ့ အိမ်တစ်လုံးမှာ နေကြရပါတယ်။

မိုဟာမက်နဲ့သမီးဖြစ်သူ သုံးနှစ်အရွယ်ဆာဝါတို့ဟာ ဆီးရီးယားကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ ထိတ်လန့်ခြောက်ခြားစရာတွေကို အချက်ပေးသံတစ်ခုအဖြစ်ပြလိုက်တဲ့ ဗီဒီယိုတစ်ခုကို ရိုက်ပြီးနောက်မှာ လူမှုကွန်ရက်မှာ အတော်များများမျှဝေကြပြီး နေ့ချင်းညချင်းပဲ နာမည်ကျော်တွေဖြစ်သွားပါတယ်။

ဗီဒီယိုထဲမှာ ဆာဝါက ပန်းရောင်ဝတ်စုံလေးဝတ်ထားပြီး သူ့အဖေဘေးက ဆိုဖာပေါ်မှာ ရပ်နေပါတယ်။
မိုဟာမက်က ဆာဝါကို “အဲဒါ လေယာဉ်လား ဗုံးလား” လို့ မေးလိုက်ပါတယ်။
“ဗုံးလေ၊ ကျပြီးပေါက်ကွဲ တဲ့ချိန်ကျရင် ပြိုင်တူရယ်ကြမယ်နော်” လို့ သမီးဖြစ်သူက ပြန်ပြောပါတယ်။

အနီးအနားက ဗုံးပေါက်ကွဲသံ ကြားလိုက်ရတဲ့အချိန်မှာတော့ ကလေးမလေးဟာ ဗြုန်းစားကြီးဆိုသလိုပဲ ခွက်ထိုးခွက်လန် ရယ်ချလိုက်ပါတယ်၊ သူ့အဖေကလည်း လိုက်ရယ်နေပါတယ်။
“ရယ်ရတယ်နော် သမီး” လို့လည်း ပြောလိုက်ပါသေးတယ်။

မိုဟာမက်က သူ့သမီးလေးရဲ့ ထိတ်လန့်မှုကိုပြေပျောက်နိုင်ဖို့ ဒီလိုနည်းလမ်းနဲ့ကစားဖို့ စိတ်ကူးရတာလို့ ပြောပါတယ်။ ဆာဝါဟာ မွေးလာချိန်တည်းက ဗုံးသံတွေပဲကြားလာခဲ့ရတာပါ။ မွေးကင်းစအရွယ်လေးတုန်း ကတော့ ကြောက်ရကောင်းမှန်း မသိပေမဲ့ ဆာဝါ တစ်နှစ်သမီးအရွယ်မှာပဲ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

တစ်နေ့ ရာမာဒန်ဥပုသ်ကာလ သုံးရက်ကြာ အိဒ်အာလ်-ဖစ်တာပွဲတော်အတွင်း ဆာရာကဘ်က အိမ်မှာ ရှိနေတုန်းက ဖြစ်ပျက်ပုံကတော့ မှတ်မှတ်ရရပါပဲ။ ကလေးတွေက အိမ်အပြင်မှာ မီးရှူးမီးပန်းတွေဖောက်ပြီး ပျော်ရွှင်နေကြတုန်း အနီးမှာ ပေါက်ကွဲမှုအကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

“ကျွန်တော့်သမီး လန့်သွားတယ်။ ကျွန်တော် အပြင်ကို ချီသွားလိုက်ပြီး ရယ်ရယ်မောမောနဲ့ ကစားနေတဲ့ ကလေးတွေကို ပြလိုက်တော့မှ စိတ်သက်သာရာရသွားတယ်” လို့မိုဟာမက်က ပြန်ပြောင်းပြောပြပါတယ်။ အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲသံကို ရယ်သံတွေနဲ့ ကလေးတွေကစားနေတာနဲ့ ဆက်စပ်ဖို့နဲ့ ပေါက်ကွဲသံထွက်လာတဲ့အချိန်တိုင်း သမီးလေးနဲ့ရယ်မောနေပုံကို ကိုယ်တိုင်ဗီဒီယိုရိုက်ထားဖို့ စိတ်ကူးရလိုက်တာ ဖြစ်တယ်။

အခုဆိုရင်ဂျက်လေယာဉ်သံတွေနဲ့ လက်နက်ကြီးပစ်သံတွေကြားတိုင်း ဆာဝါဟာ သူ့အဖေဆီ လှည့်လာပြီး အကဲဖမ်းလေ့ရှိတယ်။ သူကဖုန်းထုတ်လိုက်ပြီး ဗီဒီယိုရိုက်ဖို့ ပြင်လိုက်တယ်၊ ခဏစောင့်နေလိုက်ပြီးတော့ ပြိုင်တူ ရယ်ချလိုက်ကြတယ်။

သိပ်မကြာသေးခင်တစ်ရက်က မိုဟာမက်ဟာ အရုပ်တွေနဲ့ဆော့နေတဲ့ ကျစ်ဆံမြီးလေးနဲ့ ဂါဝန်အပြာလေးဝတ်ထားတဲ့ ဆာဝါကို ထိုင်ကြည့်နေတယ်။ စစ်ပွဲဟာ သူတို့မျိုးဆက်တင်မက သူ့ကလေး မျိုးဆက်တွေရဲ့ အိပ်မက်နဲ့မျှော်လင့်ချက်တွေကိုပါ ရိုက်ချိုးပစ်လိုက်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်အခု အမျှော်လင့်ဆုံးအရာက သမီးနဲ့အတူ အသက်ဆက်ရှင်နေဖို့ပဲ၊ အခြားလူတွေအားလုံးနဲ့ရောပေါ့။ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကိုတော့ မေ့ထားလိုက်ပြီ၊ ဒါတွေမရှိတော့ပါဘူး” လို့သူကဆိုပါတယ်။

မိုဟာမက်တစ်ယောက် ဒါတွေပြောရင်းနဲ့ တော်တော် စိတ်မကောင်းဖြစ်လာပုံ ပေါ်ပါတယ်။ သူတို့ရယ်နေတဲ့ ဗုံးပေါက်ကွဲမှုတွေက တစ်ချိန်တည်းမှာပဲ တခြားလူတွေအတွက် နောက်ဆုံးအသက်ရှင်ချိန် ဖြစ်နေနိုင်တာကိုလည်း တွေးမိကြောင်း ပြောပါတယ်။

“အဲဒီဗုံးက ယာယီတဲ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ထိတာလည်းဖြစ်နိုင်တယ်။ ပျော်စရာတော့ မဟုတ်ဘူးပေါ့ဗျာ။ တော်တော် ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် သမီးလေး မထိတ်လန့်စေဖို့အတွက်တော့ ကျွန်တော်ရယ်စရာလုပ်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဗုံးက ကျွန်တော်တို့အပေါ် ကျလာတာ ဆိုရင်လည်း ကြောက်လန့်ပြီးသေရတာနဲ့စာရင် ရယ်မောပြီး သေရတာက ပိုကောင်းပါတယ်” လို့ မိုဟာမက်ကဆိုပါတယ်။

မေမိုး
(ကိုးကား - Syrian father teaches daughter to laugh when the bombs fall, AP)

ဗီဒီယိုများ