ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မဖြစ်မနေသိထားရမယ့် အချက်တွေ

ဒီနောက်ပိုင်းမှာတော့ လူငယ်တွေဆီမှာ ကူးစက်နှုန်း မြင့်တက်လာပါတယ်။ အဓိကကတော့ ပြင်ပ သွားလာလည်ပတ်မှု များတာ၊ မကူးလောက်ဘူး ထင်ပြီး ဂရုမစိုက်တာ၊ ကျန်းမာရေး သတိပေးချက်တွေကို မလိုက်နာတာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

By အမရာ 28 Aug 2020

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ

သူ့ရဲ့ သရဖူပုံစံ (Crownlike Shape) အသွင်သဏ္ဍာန်ကြောင့် ကိုရိုနာ ဆိုတဲ့နာမည်ကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်မှာ မျိုးကွဲပေါင်း အမြောက်အများရှိပြီး တိရိစ္ဆာန်တွေဆီမှာ တွေ့ရများပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား အများအပြားဟာ လူတွေဆီကို ကူးစက်နိုင်ပါတယ်။

(ဓာတ်ပုံ - Reuters)

တစ်ခါတစ်လေမှာတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ အသွင်ပြောင်းပြီး လူအချင်းချင်း ကူးစက်တဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ ဆားစ်နဲ့ မားစ်ရောဂါတို့ဟာ ဒီကူးစက်မှုနမူနာတွေ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ ယခုနောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားကို နိုဗယ် ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်ပါတယ်။ နိုဗယ်ဆိုတာ မြန်မာလို အသစ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီဗိုင်းရပ်စ်အမျိုးအစားကို ပညာရှင်တွေ ယခင်က တစ်ခါမှ မတွေ့ဖူးသေးလို့ ဒီနာမည် မှည့်ထားတာဖြစ်ပါတယ်။

(ဓာတ်ပုံ - Reuters)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ဒီဇင်ဘာလအတွင်း တရုတ်ပြည် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ယခုဆောင်းပါး ရေးသားချိန် ၂၀၂၀ သြဂုတ်လ အထိ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ ကူးစက်မှုစုစုပေါင်း ၂၄ သန်းခွဲ (၂၄,၄၀၃,၂၂၃)၊ သေဆုံးသူစုစုပေါင်း ၈ သိန်းကျော် (၈၃၁,၀၄၅) ရှိနေပါပြီ။ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၁၇ သန်းနီးပါး (၁၆,၉၂၆,၂၂၃) ရှိပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၆၀၂၊ သေဆုံးသူ ၆ ဦး၊ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ၃၄၉ ဦးရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

(ဓာတ်ပုံ - Reuters)

ကိုရိုနာဗိုင်းရပ်စ် ရှိသူတစ်ဦး ခြောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းတို့ ပြုလုပ်ချိန် သူ့ဆီကထွက်လာတဲ့ တံတွေးစက်လေးတွေက တစ်ဆင့် အနီးကပ် ထိတွေ့မှုရှိသူဆီ ကူးပါတယ်။ နှာခေါင်း၊ ပါးစပ်တို့က ထွက်လာတဲ့ ဒီအစက်လေးတွေကို အနီးအနားက လူတွေ ရှူရှိုက်မိရာက ကူးစက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းလေ့လာချက်တွေအရ ဒီနည်းလမ်းထက် ကူးစက်မှု ပိုများတဲ့ နည်းတစ်ခု တွေ့လာရပါတယ်။ ဒါကတော့ ရောဂါလက္ခဏာမပြတဲ့ လူနာတွေဆီကတစ်ဆင့် တစ်ခြားသူတွေဆီ ကူးစက်မှုဖြစ်ပါတယ်။

ဒီအမှုန်အမွားလေးတွေဟာ အနီးတစ်ဝိုက်က တံခါးလက်ကိုင်၊ စားပွဲ၊ ဖန်ခွက် စတဲ့ အရာဝတ္ထုတွေမှာလည်း ကပ်နေနိုင်တာကြောင့် ဒါတွေကို ကိုယ်တွယ်ပြီးနောက် ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွေကို ကိုင်မိပြီး ဗိုင်းရပ်စ်ကူးစက်ဖို့ အရမ်းလွယ်ကူသွားပါတယ်။ ဒီအတွက် မျက်နှာဖုံး တပ်ဆင်ဖို့၊ လက် မကြာခဏဆေးကြောဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

ပိုးရှိသူတစ်ဦး အသက်ရှူစဉ်၊ စကားပြောစဉ်၊ ချောင်းဆိုး နှာချေစဉ်၌ တံတွေးစက်များအား အရွယ်အစားအမျိုးမျိုးဖြင့် ထုတ်လွှတ်သည်။ (ဓာတ်ပုံ - ISHN)

ဇူလိုင်လအတွင်း ကမ္ဘာတစ်ဝန်းက ပညာရှင် ၂၃၉ ဦးစုပေါင်းပြီး ထုတ်ပြန်ချက်မှာတော့ ပိုးရှိသူဆီက ထွက်တဲ့ တံတွေးစက်တွေထဲက အလွန်သေးငယ် ပေါ့ပါးတဲ့ အမှုန်တွေဟာ လေထုထဲမှာ ၁၀ မီတာ အကွာအဝေးထိ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုရင်းပြောရရင် လေထုထဲကနေ ၁၀ မီတာအထိ ပျံ့နှံ့ကူးစက်နိုင်ခြေ ရှိတဲ့သဘော ဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ အပြင်ထွက်တိုင်း မျက်နှာဖုံးတပ်ဆင်ဖို့၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး တို့ကို လက်ဆေးပြီးမှ ကိုင်တွယ်ဖို့၊ လက်ဆေးရင် ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောဖို့လိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာတွေ

ကိုဗစ်-၁၉ ရောဂါရှိနေရင် ၂ ရက်မှ ၁၄ ရက်အတွင်း အောက်ပါ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။
- အအေးမိ ဖျားနာခြင်း
- ခြောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲ့ခြင်း
- ခေါင်းကိုက်ခြင်း
- အနံ့ သို့မဟုတ် အရသာ ခံစားနိုင်စွမ်း ပျောက်ဆုံးခြင်း
- နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း
- အန်ခြင်း
- ဝမ်းလျှောခြင်း

သက်ကြီးပိုင်းတွေ ကူးစက်မခံရအောင် ဘယ်လိုနေထိုင်မလဲ

(ဓာတ်ပုံ - AFP)

သက်ကြီးပိုင်းတွေ၊ ကျန်းမာရေးအခံ မကောင်းသူတွေဟာ လူငယ်တွေထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ကူးစက်ခံရရင်လည်း ရောဂါကို ပြင်းထန်စွာ ခံစားရပါတယ်။

အမေရိကန်မှာ လေ့လာချက်တွေအရတော့ ကိုဗစ်-၁၉ နဲ့ သေဆုံး ၁၀ ယောက်မှာ ၈ ယောက်ဟာ အသက် ၆၅ နှစ်အထက်တွေ ဖြစ်ပါတယ်။

ကျန်းမာရေးကောင်းမွန်သူ ကိုဗစ်-၁၉ လူနာတွေထက် ကျန်းမာရေး မကောင်းသူနဲ့ သက်ကြီးပိုင်း ကိုဗစ်-၁၉ လူနာတွေဟာ သေဆုံးမှု ၁၂ ဆ ပိုများတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ လူငယ်တွေဆီမှာ ကူးစက်နှုန်း မြင့်တက်လာပါတယ်။ အဓိကကတော့ ပြင်ပ သွားလာလည်ပတ်မှု များတာ၊ မကူးလောက်ဘူး ထင်ပြီး ဂရုမစိုက်တာ၊ ကျန်းမာရေး သတိပေးချက်တွေကို မလိုက်နာတာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ အသွားအလာများတဲ့ လူငယ်တွေဆီကတစ်ဆင့် မိသားစုဝင်တွေဆီ ထပ်မံကူးစက်တာမျိုးလည်း အဖြစ်များပါတယ်။

ပုံမှန်ထက် ကူးစက်ခံရနိုင်ခြေ ပိုများသူတွေ

အောက်ဖော်ပြပါ ရောဂါလက္ခဏာရှိသူတွေဟာ အသက်အရွယ်မရွေး သာမန်လူတွေထက် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
- ပြင်းထန်နှလုံးရောဂါ
- ကင်ဆာ
- နာတာရှည်ကျောက်ကပ်ရောဂါ
- နာတာရှည်အဆုတ်ရောဂါ (COPD - Chronic Obstructive Pulmonary Disease)
- အဝလွန်ခြင်း
- သွေးနီဥပုံပျက်သော သွေးအားနည်းရောဂါ (Sickle Cell Disease)
- ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသမှု ခံယူထားခြင်း
- ဆီးချိုရောဂါ အမျိုးအစား - ၂ (Type 2 Diabetes)

အပေါ်ကလောက် မဟုတ်ပေမယ့် သာမန်လူထက် ကူးစက်နိုင်ခြေ များသူတွေ
- ပန်းနာရောဂါ
- လေဖြတ်လေငန်းရောဂါ (Cerebrovascular Disease)
- အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (Cystic Fibrosis)
- သွေးတိုး
- မှတ်ဉာဉ်ချို့ယွင်းမှုကဲ့သို့သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အခြေအနေများ
- အသည်းရောဂါ
- ကိုယ်ဝန်သည်
- အဆုတ်အသားမာတက်ခြင်း
- ဆေးလိပ်သောက်သုံးသူ
- သွေးအားနည်းရောဂါ Thalassemia
- ဆီးချိုရောဂါ အမျိုးအစား - ၁ (Type 1 Diabetes)

ဘယ်လိုကုသလဲ

လက်ရှိအချိန်ထိတော့ ကိုဗစ်-၁၉ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ဆေးဝါး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီရောဂါ ကူးစက်ခံနေရသူတွေအတွက် အရေးပေါ် ကုထုံးအချို့ အသုံးပြုနေကြတာတော့ ရှိပါတယ်။ အမေရိကန်မှာဆိုရင် အစိုးရက အသိအမှတ်ပြုထားတဲ့ Remdesivir လိုဆေးဝါးမျိုးကို အသုံးပြုနေပါတယ်။
ရောဂါပြင်းထန်တဲ့ လူနာတွေကို ဒီဆေးနဲ့ကုသရင် တခြားဆေးဝါးနဲ့ ကုသမှုတွေထက် မြန်မြန်ဆန်ဆန် သက်သာလာကြကြောင်း သုတေသီတွေ အတည်ပြု ပြောကြားထားပါတယ်။

အောက်စဖို့ တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ရပ်မှာတော့ ကိုဗစ်-၁၉ ရောဂါ အပြင်းအထန်ခံစားနေရသူတွေကို စတီးရွိုက်ဆေးဝါး တစ်မျိုးဖြစ်တဲ့ Dexamethasone နဲ့ ကုသရာမှာ သေဆုံးမှုအရေအတွက် သုံးပုံတစ်ပုံအထိ လျှော့ချနိုင်ခဲ့တယ် ဆိုတာ တွေ့ရပါတယ်။
အမေရိကန်အစိုးရဟာ နိုင်ငံတစ်ဝန်းက ပြည်နယ်တွေမှာ ကုသရေးအတွက် Remdesivir နဲ့ Ddexamethasone ဆေးနှစ်မျိုးလုံးကို ဖြန့်ဝေထားပါတယ်။

ကုသဆေး အလားအလာ

(ဓာတ်ပုံ - AFP)

ကမ္ဘာတစ်ဝန်းက ဆေးဝါးကုမ္ပဏီ အများအပြားဟာ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးကို အပြိုင်အဆိုင် ဖော်စပ်နေကြပါတယ်။ အမေရိကန်၊ တရုတ် နဲ့ ရုရှားက ကုမ္ပဏီအချို့ကတော့ ကုသဆေးထုတ်လုပ်မှု နောက်ဆုံးအဆင့်ဖြစ်တဲ့ လူနဲ့ စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။

ဒါပေမဲ့ ဒီဆေးက ကြာဦးမှာပါ။ စမ်းသပ်မှု အောင်မြင်ရင်တောင် အမေရိကန်လို နိုင်ငံကြီးအတွက်တောင်မှ အစောဆုံး ၂၀၂၀ နှစ်ကုန် လောက်မှ ကုသဆေး ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံငယ်တွေအတွက် ဒီထက် နောက်ကျနိုင်ပါတယ်။

ကိုဗစ်-၁၉ ဝေဒနာရှင်ကို ဘယ်လိုပြုစုစောင့်ရှောက်မလဲ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တစ်အိမ်တည်း အတူနေရရင် ဘယ်လို နေထိုင်မလဲ

မီမီနေထိုင်ရာ အိမ်အနီးတစ်ဝိုက်မှာ ဖျားနာသူတွေ ရှိနေရင် ဂရုစိုက် စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ စနစ်ကျလုံခြုံတဲ့ ကာကွယ်မှုမျိုးတော့ ဖြစ်ရပါလိမ့်မယ်။
အိမ်နီးချင်းကို အစားအစာ သွားပေးတာမျိုးဆိုရင် အထဲမဝင်ဘဲ တံခါးဝမှာ ထားခဲ့ပေးလို့ရပါတယ်။ သူ့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပေးလို့ရပါတယ်။ လက်တိုလက်တောင်းတွေ ကူညီလုပ်ကိုင်ပေးလို့ ရပါတယ်။

ကိုဗစ်-၁၉ လူနာကို အနီးကပ် ပြုစုနေရတာမျိုး ဆိုရင်တော့ ဒီထက်ပို သတိထားရပါမယ်။ လုံလောက်တဲ့ အကွာအဝေးနဲ့ နေထိုင်ပါ။ တံခါးလက်ကိုင်၊ ရေဖလား စတဲ့ အထိအတွေ့များတဲ့ ပစ္စည်းတွေကို ဆေးကြောသန့်ရှင်းပါ။ လက်ကို မကြာခဏဆေးပါ။ လူနာရှင်ကိုလည်း မျက်နှာဖုံး အမြဲတမ်း တပ်ဆင်ခိုင်းပါ၊ သင်ကိုယ်တိုင်လည်း ကိုယ့်အခန်းလိုမျိုး လုံခြုံသေချာတဲ့ နေရာမျိုးကလွဲရင် တခြားနေရာတိုင်းမှာ မျက်နှာဖုံး တပ်ထားရမှာဖြစ်ပါတယ်။

မျက်နှာဖုံးတွေနဲ့ ပတ်သက်လို့ အကြံပြုချက်

(ဓာတ်ပုံ - AMR Insights)

လူထူထပ်တဲ့နေရာတွေကို သွားလာရင်၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ နေထိုင်ဖို့ အခက်အခဲ ရှိတဲ့ အချိန်မျိုးတွေမှာ မျက်နှာဖုံးတပ်ဆင်ကြဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ မျက်နှာဖုံး တပ်ဆင်သွားလာခြင်းဖြင့် သူများဆီက မကူးစက်နိုင်ရုံသာမက ကိုယ့်ဆီက ကူးစက်မှုကိုလည်း တားဆီးနိုင်မှာဖြစ်ပါတယ်။
ရှူထုတ်လိုက်တဲ့ လေကို ပြင်ပကို ထုတ်ပေးဖို့ အပေါက်ပါဝင်တဲ့ မျက်နှာဖုံးမျိုးကိုလည်း မသုံးကြဖို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။
ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေကိုလည်း အသုံးမပြုကြဖို့ တိုက်တွန်းထားပါတယ်။ ဒီမျက်နှာဖုံးတွေကို စုပြုံဝယ်ကြလို့ ပစ္စည်းပြတ်လပ်ရင် ဆေးရုံတွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့အတွက်ပါ။

တစ်ခါသုံးမျက်နှာဖုံးတွေကို ချွတ်ပြီး ပြန်မတပ်ရပါ။ မဖြစ်မနေ လိုအပ်ပါက သန့်စင်ပြီးမှ အသုံးပြုပါ။ တစ်ခါသုံးမျက်နှာဖုံးကို ချွတ်ပြီးလျှင် အကာအကွယ်ရှိသော အမှိုက်ပုံးထဲသို့ ချက်ချင်းစွန့်ပစ်ရပါမယ်။ ခုံပေါ်တင်ထားခြင်းမျိုး၊ နှာခေါင်းဖော်ထားခြင်းမျိုး၊ မေးစေ့အောက် ခေါက်ထားခြင်းမျိုး လုံးဝ မပြုလုပ်ရပါ။

ခရီးသွားလို့ ရလား

(ဓာတ်ပုံ - AP)

ခရီးမသွားခင် သေချာစစ်ဆေးရမှာက သွားမယ့်နေရာက စည်းကမ်းနဲ့ ထုတ်ပြန်ချက်တွေ၊ သယ်ယူပို့ဆောင်ရေး အနေအထားတွေ ဖြစ်ပါတယ်။ နေရာအများအပြားမှာ သွားလာရေး ကန့်သတ်ချက်တွေ သူ့ပုံစံနဲ့သူ ရှိနေကြတဲ့အတွက် ကိုယ့်ရဲ့ ခရီးစဉ်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
ကိုယ်နေထိုင်တဲ့ဒေသနဲ့ ကိုယ်သွားမယ့်ဒေသရဲ့ ဗိုင်းရပ်စ် ပြန့်ပွားမှုအခြေအနေကို သိထားဖို့လိုပါတယ်။ပြင်ပမှာ သွားလာလှုပ်ရှားမှု များလေလေ ထိတွေ့မှုများပြီး ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ များလေလေဆိုတာကိုလည်း ထည့်တွက်ထားရပါမယ်။
နေအိမ်ကနေ အပြင်ကို မထွက်ရင် မိမိကိုယ်တိုင်နဲ့ သူများတွေအတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေအကွာကနေ ပြောဆိုဆက်ဆံဖို့ လိုပါတယ်။ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး တို့ကို လက်ဆေးပြီးမှ ကိုင်တွယ်ပါ။ လက်ဆေးရင် ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောဖို့လိုပါတယ်။ ဖျားနာနေသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။

ကိုဗစ်-၁၉ ကပ်ဘေး ရေရှည်အလားအလာ

(ဓာတ်ပုံ - Reuters)

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကုသဆေးတွေ အောင်မြင်ခဲ့မယ် ဆိုရင်တောင် ၂၀၂၁ အစောပိုင်းကာလထက် ပိုစောစရာ မရှိပါ။ တစ်ဘက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လုံးဝပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲမှာ ရေရှည် ရှိနေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောခဲ့တာမျိုး ရှိသလို သြဂုတ်လ နှောင်းပိုင်း ပြောကြားချက်မှာတော့ ဒီကပ်ဘေးကို ၂ နှစ်ခန့်ကြာအောင် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ပြောထားပါတယ်။

(ဓာတ်ပုံ - Ajith Perera/Xinhua)

နိုင်ငံအချို့မှာတော့ နိစ္စဓူဝလုပ်ငန်းပုံစံသစ် (New Normal) ဆိုတဲ့ နေထိုင်မှု ပုံစံသစ်တစ်မျိုးကို စီစဉ်ကျင့်သုံးနေကြတာ ရှိပါတယ်။ သဘောက အကြမ်းဖျင်း မြင်သာအောင်ပြောရရင် စာသင်ကျောင်းတွေကို မပိတ်ဘူး.. ဒါပေမဲ့ ကျောင်းမှာ ဗိုင်းရပ်စ်ကာကွယ်ရေးတွေ စနစ်တကျလုပ်မယ် ဒါမှမဟုတ် နေအိမ်ကနေ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ်၊ လက်ဖက်ရည်ဆိုင်တွေ ဖွင့်မယ်.. ဒါပေမဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး Social Distancing အကာအကွယ်တွေနဲ့၊ လူတွေပုံမှန် သွားလာလှုပ်ရှားမယ်.. ဒါပေမဲ့ မျက်နှာဖုံးနဲ့၊ အိမ်ကလုပ်လို့ အဆင်ပြေတဲ့ အလုပ်တွေဆိုရင် အိမ်ကိုရွှေ့မယ်.. ဒါမျိုးတွေဖြစ်ပါတယ်။

အမရာ
(ကိုးကား - WHO, Worldometer, CDC, MOHS, AARP)


ဆက်စပ်ဖတ်ရှုရန် -
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ
■ နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား
■ ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သလား

ဗီဒီယိုများ