ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ

လူအများ စိုးရိမ်ပူပန်ရတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုရှိလာတဲ့အခါ သတင်းမှား၊ သတင်းတုတွေ၊ ကာကွယ်နည်း အတုအယောင်တွေ၊ ယုံတမ်းစကားတွေ ပေါ်ထွက်လာတတ်တာ သဘာဝပါပဲ။ ယခုလတ်တလော ကမ္ဘာနဲ့အဝှမ်းစိုးရိမ်ပူပန်နေကြရတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့လည်း အဲဒီလိုပဲ သတင်းမှားတွေ၊ သိပ္ပံနည်းကျ အတည်မပြုထားတဲ့ ကာကွယ်နည်းအတုအယောင်တွေ ပေါ်ထွက်လို့နေပါတယ်။

By မောင်ဖြိုး 10 Mar 2020

တရုတ်ကအမျိုးသမီးတစ်ဦးဟာ ကြက်သွန်ဖြူအစိမ်းတွေ အလွန်အကျွံစားပြီးတဲ့နောက် ဆေးရုံတက်လိုက်ရပါတယ်။ (ဓာတ်ပုံ - Getty Images)

လူအများ စိုးရိမ်ပူပန်ရတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုရှိလာတဲ့အခါ သတင်းမှား၊ သတင်းတုတွေ၊ ကာကွယ်နည်း အတုအယောင်တွေ၊ ယုံတမ်းစကားတွေ ပေါ်ထွက်လာတတ်တာ သဘာဝပါပဲ။ ယခုလတ်တလော ကမ္ဘာနဲ့အဝှမ်းစိုးရိမ်ပူပန်နေကြရတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့လည်း အဲဒီလိုပဲ သတင်းမှားတွေ၊ သိပ္ပံနည်းကျ အတည်မပြုထားတဲ့ ကာကွယ်နည်းအတုအယောင်တွေ ပေါ်ထွက်လို့နေပါတယ်။ ဒါကြောင့် အယုံမမှားကြစေဖို့အတွက် လတ်တလော လူအများကြားပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်တွေအကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားတာကို ကိုးကားပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူစားတာဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုပြီး Facebook မှာရေးနေ၊ Share နေကြတာတွေ ကို မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားမှာ တင်မကဘဲ အခြားကမ္ဘာ့နိုင်ငံအသီးသီးက လူတွေကြားမှာလည်း အများကြီးတွေ့နေရပါတယ်။

ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအစာတစ်မျိုးဆိုပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်၊ ဒါမှမဟုတ် ဗိုင်းရပ်စ်တစ်မျိုးမျိုးကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရှိထားဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က တရားဝင်ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ကြက်သွန်ဖြူစားတဲ့အတွက် ခန္ဓာကိုယ်ကို မထိခိုက်နိုင်ဘူးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အလွန်အကျွံစားသုံးရင် ဒုက္ခဖြစ်နိုင်ချေရှိပါတယ်။ အမျိုးသမီးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်အောင် ဆိုပြီး ကြက်သွန်ဖြူအစိမ်း ၁.၅ ကီလိုဂရမ်လောက် စားပြီးတဲ့နောက်မှာ လည်ချောင်းတွေရောင်ရမ်းကာ ဆေးရုံတက်လိုက်ရတဲ့ အကြောင်း South China Morning Post မှာ သတင်းတစ်ပုဒ်တက်လာတာကို တွေ့လိုက်ရပါတယ်။

ဟင်းသီးဟင်းရွက်တွေစားတာနဲ့ ရေလုံလုံလောက်လောက် သောက်တာဟာ ယေဘူယျအားဖြင့် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အစားအစာတစ်မျိုးမျိုးက ဗိုင်းရပ်စ်တစ်မျိုးမျိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ လုံးဝတွေ့ရှိထားရခြင်း မရှိပါဘူး။

(၂) ၁၅ မိနစ်တစ်ကြိမ် ရေသောက်ပေးခြင်း

ဂျပန်ဆရာဝန်တစ်ယောက်က ၁၅ မိနစ်တစ်ကြိမ်ရေသောက်ပေးရင် ခန္ဓာကိုယ်ထဲကဗိုင်းရပ်စ်မှန်သမျှကို ဆေးကြောပေး နိုင်တယ်လို့ ပြောတယ်ဆိုပြီး Facebook မှာရေးသား၊ မျှဝေနေကြတာတွေကိုလည်း အများအပြားပဲ တွေ့နေရပါတယ်။

ရေမှန်မှန်သောက်ပြီး ရေဓာတ်မခမ်းခြောက်အောင် ကာကွယ်ပေးတာဟာ ကျန်းမာရေးအတွက်ကောင်းပေမယ့် ရေအများကြီးသောက်ပေးရုံနဲ့ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်တွေေ ပျာက်ကင်းသွားဖို့ ဒါမှမဟုတ် ဗိုင်းရပ်စ် မဝင်အောင်ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။

(၃) အပူခံခြင်း နဲ့ ရေခဲမုန့်ရှောင်ခြင်း

အပူချိန်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တာကြောင့် နေပူဆာလှုံပေးရမယ်၊ ရေခဲမုန့်အေးတဲ့ အစားအစာတွေ ရှောင်ရမယ်ဆိုပြီးတော့ ယုံကြည်နေကြသူတွေလည်း အများကြီးရှိနေတာကို တွေ့ရပါတယ်။

ရေခဲမုန့်နဲ့အခြား အေးတဲ့အစားအစာတွေကိုရှောင်ရင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်တယ် ဆိုတာဟာ လုံးဝကိုမှားယွင်းတဲ့ ကာကွယ်နည်းအတုအယောင်ပဲ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်တွေဟာ နွေရာသီကာလ ပူပြင်းတဲ့အချိန်မှာ လူ့ခန္ဓာကိုယ်ပြင်ပမှာ ကောင်းကောင်းမရှင်သန်နိုင်ဘူး ဆိုတာ မှန်ပေမယ့် လူ့ခန္ဓာကိုယ်ထဲရောက်ပြီးသား ဗိုင်းရပ်စ်ကို နေရောင်ခြည်က သေစေနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို နေပြပြီး အပူပေးရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းစေလိမ့်မယ် ဆိုတာဟာလည်း ယုံတမ်းစကားအဆင့်သာရှိပါတယ်။

အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါတို့လို အသုံးအဆောင်တွေကို ၆၀ ဒီဂရီလောက်နဲ့ အပူပေးပြီး လျှော်ဖွပ်တာဟာ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပေမယ့် ကိုယ့်အရေပြားကို အပူပေးတာကတော့ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘဲ အခန့်မသင့်ရင် အပူလောင်တာမျိုးဖြစ်နိုင်ပါတယ်။

(၄) အံ့ဖွယ်တွင်းထွက်သတ္ထုပစ္စည်းများ

မြန်မာနိုင်ငံမှာ သိပ်မကြားရပေမယ့် အနောက်နိုင်ငံတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အံ့ဖွယ်တွင်းထွက်သတ္ထုပစ္စည်း အမျိုးမျိုးအကြောင်း ပြောနေတာတွေ၊ ယုံကြည်နေကြတာတွေ အမျိုးမျိုးတွေ့ရနေရပါတယ်။ ကလိုရင်းဒိုင်အောက်ဆိုဒ် ဆိုတဲ့ဆန်းကြယ်သတ္ထုတစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ရုံသာမကဘဲ ကိုရိုနာဗိုင်းရပ်စ်ကိုပါ ပျောက်ကင်းစေပါတယ်ဆိုပြီး တွစ်တာနဲ့ အခြားဆိုရှယ်မီဒီယာတွေမှာ ပြောဆိုနေကြကာ ယုံကြည်သူတွေကလည်း ယုံကြည်လျက်ရှိပါတယ်။ တကယ်တမ်းမှာ MMS လို့ အတိုကောက်ခေါ်နေကြတဲ့ အံ့ဖွယ်တွင်းထွက်သတ္ထုပစ္စည်းတွေကို သောက်သုံးနေကြတာဟာ ကိုရိုနာနဲ့ ကင်ဆာတို့ကို မပျောက်ကင်းစေနိုင်ရုံ သာမကဘဲ ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း အမေရိကန် FDA က တရားဝင်ထုတ်ပြန်ထားပါတယ်။

(၅) အိမ်တွင်းကိုယ်တိုင်လုပ် လက်သန့်ဆေး

ပိုးမွှားသေစေနိုင်အောင် စနစ်တကျထုတ်လုပ်ထားတဲ့ လက်သန့်ဆေးနဲ့ လက်ကိုပုံမှန်ဆေးကြောပေးတာဟာ ကိုရိုနာနဲ့ အခြားဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတဲ့ နိုင်ငံတွေမှာ အဲဒီလို စနစ်တကျထုတ်လုပ်ထားတဲ့လက်သန့်ဆေးတွေဟာ ဝယ်ယူလို့မရအောင် ပစ္စည်းပြတ်လပ်လာတာကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ အိမ်မှာတင်ကိုယ်တိုင် လက်သန့်ဆေးလုပ်နိုင်မယ့် ပါဝင်ပစ္စည်းတွေနဲ့ လုပ်ပုံလုပ်နည်းတွေကို ရေးသားမျှဝေလာကြပါတယ်။

ဗော့ဒ်ကာအရက်လည်းပါဝင်တဲ့ ဒီအိမ်တွင်းလက်သန့်ဆေး လုပ်နည်းတွေအတိုင်း လုပ်ထားတဲ့ လက်သန့်ဆေးတွေဟာ ဗိုင်းရပ်စ်ကို အမှန်တကယ် ကာကွယ်နိုင်စွမ်းမရှိဘူးလို့ ပညာရှင်တွေက သတိပေးထောက်ပြလျက်ရှိပါတယ်။ စက်ရုံတွေကနေ စနစ်တကျထုတ်လုပ်ထားတဲ့ လက်သန့်ဆေးတွေဟာ အယ်လ်ကိုဟောကို အခြေပြုထားပြီး အယ်လ်ကိုဟော ၆၀ ကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ကာ အခြားဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်နိုင်တဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ အိမ်မှာတင် ကိုယ့်ဘာသာ လက်သန့်ဆေးလုပ်ဖို့အတွက် ဗော့ဒ်ကာ ဒါမှမဟုတ် သောက်သုံးနိုင်တဲ့ အရက်တစ်မျိုးမျိုးကို အသုံးပြုမယ်ဆိုရင် ယင်းအရက်မှာ အများဆုံး အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းသာ ပါဝင်မှာဖြစ်ပြီး ဒါဟာ ရောဂါပိုးမွှားတွေကိုကာကွယ်ဖို့ မလုံလောက်ဘူးလို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

ဒါတွေကတော့ လက်တလောကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကာကွယ်နည်း၊ ကုသနည်း အတုအယောင်တွေကို BBC သတင်းဌာနက လက်လှမ်းမီသမျှဖော်ပြထားတာကို ပြန်လည်ဖောက်သည်ချပေးတာပဲ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက အတော်ဆုံးပညာရှင်တွေဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ကုသဆေးတွေကို အပူတပြင်းရှာဖွေနေဆဲသာဖြစ်ပြီး လူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရအောင် လိုက်နာသင့်တဲ့အချက်တွေကိုလည်း သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေကနေတစ်ဆင့် ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒါကြောင့် တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေကိုသာ ယုံကြည်လိုက်နာကြဖို့နဲ့ အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားတွေကို အယုံမလွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မောင်ဖြိုး
(ကိုးကား - Coronavirus: The fake health advice you should ignore By Reality Check team, BBC)

ဗီဒီယိုများ