ဓာတ်ပုံ - Getty Images

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆီကနေ သူ့ရဲ့သန္ဓေသားဆီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သလား။ အဖြေကတော့ ကူးစက်နိုင်ပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဲဒါဘာကြောင့်လဲ ဆိုတဲ့အဖြေကို သိကြပါတယ်။

ဗိုင်းရပ်စ်အများစုဟာ အချင်းကိုဖြတ်ပြီး သားအိမ်တွင်းမှာရှိတဲ့ သန္ဓေသားဆီ ကူးစက်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လည်း အလားတူပဲ သန္ဓေသားဆီ ရံဖန်ရံခါကူးစက်နိုင်တဲ့ အထောက်အထားတွေ တွေ့လာနေရပါပြီ။

အီတလီသုတေသီတွေဟာ မတ်လနဲ့ဧပြီလမှာ မွေးဖွားခဲ့ကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ကိုယ်ဝန်ဆောင် ၃၁ ဦးကို လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာချက်အရ အချင်းတိုင်သွေးနဲ့ အချင်းမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ တွေ့ခဲ့ရပြီး လေ့လာချက်တစ်ခုမှာ မှာဆိုရင် မိခင်နို့ရည်မှာတောင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလို စမ်းသပ်မှုမျိုးက မျိုးဗီဇအနည်းငယ်ကိုသာ ပြုလုပ်နိုင်တာဖြစ်ပြီး အဲဒီနေရာတွေကတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ တထစ်ချဆိုလိုတာမျိုး မဟုတ်ပြန်ဘူး။

လေ့လာမှုတစ်ခုအရ မွေးကင်းစကလေးတွေရဲ့ ချက်ကြိုးနဲ့အချင်းသွေးမှာ ဗိုင်းရပ်စ်လက္ခဏာတွေ့ရှိရပါတယ်။ ဒါဟာ မွေးကတည်းက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။ နောက်လေ့လာမှု တစ်ခုမှာတော့ မွေးကင်းစကလေးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ ပဋိဇီဝပစ္စည်းတွေရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီပဋိဇီဝပစ္စည်းတွေဟာ အချင်းကတစ်ဆင့် ကလေးဆီမဝင်ရောက်နိုင်တာကြောင့် မိခင်ကတစ်ဆင့်ရတာ မဖြစ်နိုင်ပါဘူး။

ပြင်သစ်က အစီရင်ခံစာတစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး မွေးလာတဲ့ကလေးက မွေးပြီးစမှာ အပြင်းဖျားနေခဲ့ တယ်ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ်သားအိမ်တွင်း ကူးစက်တဲ့အထောက်အထားကို ဖော်ပြထားပါတယ်။

တစ်ဖက်ကလည်း အချင်းမှာရှိတဲ့ဆဲလ်တွေထဲက ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်လာနိုင်အောင် ကြားခံပေးတဲ့အရာ နှစ်မျိုးကို ပေါ်ထွက်စေဖို့ခဲယဉ်းတာကြောင့် သန္ဓေသားတွေဆီ ဗိုင်းရပ်စ်မကူးစက်နိုင်တာဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးသိပ္ပံက ဦးဆောင်ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ရှင်းပြထားတာကိုတွေ့ရပါတယ်။ ထူးခြားချက်က ဇီကာနဲ့ တခြားဗိုင်းရပ်စ်တွေမှာ အဲဒီကြားခံပေးတဲ့အရာတွေ အများကြီးတွေ့ရတတ်တာ ဖြစ်ပါတယ်။

သုတေသနအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မွေးဖွားခါနီးအမျိုးသမီးတွေကိုပဲ လေ့လာနေတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွေမှာ ရောဂါကူးစက်ခံရရင် သန္ဓေသားကို ဘယ်လိုသက်ရောက်နိုင်မလဲ ဆိုတဲ့ သုတေသနမျိုးကတော့ အများကြီးလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

ကိုယ်ဝန်ဆောင်တွေအတွက် လိုက်နာရမယ့်အချက်တွေကတော့ ပုံမှန်လူတွေနဲ့ မကွာခြားပါဘူး။ လူထူထပ်တဲ့ နေရာတွေသွားရင် နှာခေါင်းစည်းတပ်ဖို့၊ မကြာခဏ လက်ဆေးဖို့ ပြီးတော့ ရောဂါကူးစက်မှုရှောင်နိုင်ဖို့ အခြား လူတွေနဲ့ အနည်းဆုံး ၆ပေအကွာမှာနေဖို့ ဆိုတာတွေပဲဖြစ်ပါတယ်။

မေမိုး
(Can a pregnant woman spread the coronavirus to her fetus? ကို ဘာသာပြန်ဆိုပါသည်။)

Author: DMG