အန္တရာယ်ကြားက ဆော်ဒီလူငယ်တွေရဲ့ တိတ်တိတ်ပုန်းအချစ်ရေး

ရှေးရိုးစွဲ အစ္စလာမ်မစ်ကမ္ဘာမှာ တစ်ချိန်တုန်းကတော့ လက်မထပ်ဘဲ ချစ်ကျွမ်းဝင်ဖို့ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။ ရိုမီယို အလောင်းအလျာတွေဟာ အမျိုးသမီးတွေနဲ့ အဆက်အသွယ်ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ကားတံခါးမှာ ရေးကပ်ထားလေ့ရှိကြပါတယ်။

By စောသန္တာအေး 20 Feb 2020

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန် ဟာ လူမှုရေးဆိုင်ရာ အပြောင်းအလဲတွေ ဖော်ဆောင်လျက်ရှိပေမယ့် ရှေးရိုးစွဲအယူအဆတွေကတော့ ဆော်ဒီလူ့အဖွဲ့အစည်းအတွင်း ရှိနေဆဲပါ။ (ဓာတ်ပုံ - AFP)

“ချစ်တာအပြစ်မဟုတ်ဘူးဆိုပြီး လူရှေ့သူရှေ့ မေတ္တာဂုဏ်ဖော်ကျူးဖို့ မကြံလေနဲ့။ ဒုက္ခလှလှ တွေ့သွားနိုင်ပါတယ်။”

ဆော်ဒီအာရေဗျရဲ့ တင်းကြပ်လှတဲ့ အတိတ်ကာလမှာတော့ ဘာသာရေးအရာရှိ (Islamic Religious Police) တွေဟာ နှင်းဆီပန်းရောင်းချသူတွေကအစ ဗယ်လင်တိုင်းနေ့မှာ အနီရောင် တိုလီမုတ်စ ရောင်းသူတွေပါမကျန် လိုက်ဖမ်းဖူးပါတယ်။ ပိုမိုပွင့်လင်းလာတဲ့ ယခုအချိန်မှာတော့ အန္တရာယ်များလှတဲ့ ယဉ်ကျေးမှုတစ်ခု ဆော်ဒီမှာ အမြစ်တွယ်စပြုနေပါပြီ။ ဒါကတော့ လူငယ်တွေ ချိန်းတွေ့ကြတဲ့ အလေ့အထဖြစ်ပါတယ်။

ရှေးရိုးစွဲ အစ္စလာမ်မစ်ကမ္ဘာမှာ တစ်ချိန်တုန်းကတော့ လက်မထပ်ဘဲ ချစ်ကျွမ်းဝင်ဖို့ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။ ရိုမီယို အလောင်းအလျာတွေဟာ အမျိုးသမီးတွေနဲ့ အဆက်အသွယ်ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ကားတံခါးမှာ ရေးကပ်ထားလေ့ရှိကြပါတယ်။

ခုချိန်မှာတော့ တင်းကြပ်မှုတွေ လျှော့ချလာတာနဲ့အတူ ဘာသာရေးအရာရှိတွေဟာလည်း သြဇာအာဏာနဲ့ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘဲ ယခင်က မရှိခဲ့ဖူးတဲ့ ကျား၊မ ရောနှောမှုကို ခွင့်ပြုလာရပါတယ်။ လူငယ်စုံတွဲတွေဟာ ကဖီးဆိုင်တွေ စားသောက်ဆိုင်တွေမှာ အလွယ်တကူ တွေ့ဆုံနိုင်ကြပါပြီ။

ကြေးရတတ်တွေဆိုရင်လည်း Twitter ၊ Snapchat နဲ့ Swarm လို အက်ပလီကေးရှင်းတွေကတစ်ဆင့် ချစ်သူရှာလာကြပါပြီ။

“အရင်တုန်းကဆိုရင် နှင်းဆီပန်းရောင်းတယ်ဆိုတာ မူးယစ်ဆေးရောင်းသလိုမျိုးပဲ” လို ဆော်ဒီလူငယ်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 
“ဒီလိုမျိုး သူစိမ်းယောကျ်ားတစ်ယောက်နဲ့ အတူထိုင်ဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်လေနဲ့။” လို့ သူ့ချစ်သူမိန်းကလေးက ဆိုပါတယ်။

အစ္စလာမ်မစ်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို အလေးထားလွန်းတဲ့ နိုင်ငံတစ်ခုအဖို့တော့ အိမ်ထောင်မပြုခင် ချစ်ကျွမ်းဝင်ဖို့ ဆိုတာ ယဉ်ကျေးမှုထောင်ချောက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက လက်ထပ်ထိမ်းမြားမှုကို မိသားစုထဲက အရေးပါအရာရောက်သူ လူကြီးတွေကသာ စီစဉ်ကြီးကြပ်လေ့ရှိတဲ့အတွက်လည်း ချစ်သူစုံတွဲတွေဟာ သူတို့ရဲ့ တရားမဝင်ချစ်ဇာတ်လမ်းကို လူကြီးတွေမသိအောင် လျှို့ဝှက်ထားကြရပါတယ်။

ဆောဒီအာရေဗျရဲ့ လူငယ်အများစုဟာ နိုင်ငံရဲ့ ပြောင်းလဲနိုင်စွမ်းထက် ကျော်လွန်နေတဲ့ လူမှုရေးလွတ်လပ်ခွင့်အတွက် ဘဝနှစ်မျိုးနဲ့ ရှင်သန်ဖို့ ကြိုးစားနေရတယ် ဆိုတာကို ဒီလိုမျိုး တိတ်တိတ်ပုန်း ချိန်းတွေ့မှုတွေက ဖော်ပြနေပါတယ်။

ဆာမီရာလို့ခေါ်တဲ့ အသက် ၂၇ အရွယ် စာရင်းကိုင် မိန်းကလေးတစ်ယောက် ဆိုရင် တစ်ခါတုန်းက သူ့ရည်းစားကိုပေးလိုက်တဲ့ မွေးနေ့ကဒ်နဲ့ လက်ဆောင်တွေကို ရည်းစားရဲ့ မိခင်ဖြစ်သူ မြင်သွားလို့ အကြီးအကျယ် တုန်လှုပ်သွားဖူးပါတယ်။ မွေးနေ့ကဒ်မှာက သူ့လက်ရေးနဲ့ ရေးထားတာတွေလည်း ပါသွားတဲ့အတွက် သူ့မိသားစုအကြောင်းကို သိသွားနိုင်လို့ပါ။

မိသားစုတစ်စုရဲ့ ဂုဏ်သိက္ခာကို ထိုမိသားစုဝင် အမျိုးသမီးတစ်ယောက်ရဲ့အိမ်ထောင်မှုနဲ့ တွဲဖက်ဆုံးဖြတ်ကြတဲ့ အသိုင်းအဝိုင်းတစ်ခုအဖို့တော့ ဒီလိုဖြစ်ရပ်မျိုးကနေ မိသားစုဝင်တွေရဲ့ ဒေါသူပုန်ထခြင်း ခံရနိုင်ပါတယ်။ မိတ်ဆွေချင်း သာမန်ခင်မင်မှုကတစ်ဆင့် လနဲ့ချီတည်ဆောက်ခဲ့ရတဲ့ သူတို့ရဲ့ ချစ်ဇာတ်လမ်းလည်း ပျက်စီးသွားနိုင်ပါတယ်။

သူ့ရဲ့ရည်းစားကတော့ အမေဖြစ်သူကို ဖုံးဖိပြောနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြောက်တရားကတစ်ဆင့် သူတို့စုံတွဲဟာ လွတ်လပ်မှုကို မက်မောစိတ် ပိုများလာခဲ့ပါတယ်။ နောက်တော့ အလုပ်ကိစ္စကို အကြောင်းပြပြီး ဒူဘိုင်းမှာ သီတင်းပတ်နဲ့ချီကြာအောင် ချိန်းတွေ့ကြတဲ့အထိ ဖြစ်သွားပါတယ်။

“ဆော်ဒီက လူ့အသိုင်းအဝိုင်းမှာ ပိုမိုပွင့်လင်းလာကြပါပြီ။ ဒါပေမဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လူတိုင်းက မုသား သုံးနေကြတုန်းပဲ။ လူတွေက လွယ်လွယ်နဲ့ လက်ညှိုးထိုးတတ်ကြတယ်လေ။” လို့ ဆာမီရာက ပြောပါတယ်။

ဆော်ဒီရဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံမယ့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန် ဟာ သဘောထားတင်းမာတဲ့ အစ္စလာမ်အယူအဆတွေကို ဆန့်ကျင်ပြီး လူမှုရေးဆိုင်ရာ ကန့်သတ်တားမြစ်ချက် တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ ဗယ်လင်တိုင်းနေ့လို အထိမ်းအမှတ်မျိုးကို ဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ထိန်းချုပ်ပြီး မင်းသားဆာလ်မန်ဟာ ရုပ်ရှင်ရုံဖွင့်ပေးတာ၊ ပါတီပွဲတွေ ကျင်းပခွင့်ပေးတာမျိုး ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆော်ဒီမှာ ကျားမခွဲခြားမှုတံတိုင်းကြီး ယိုင်နဲ့လာတာနဲ့အမျှ ဂီတပွဲတော်တွေမှာ အမျိုးသားတွေရဲ့ ပုခုံးပေါ် လက်တင်ပြီး အမျိုးသမီးတွေ ကခုန်နေတဲ့မြင်ကွင်းမျိုးလည်း မြင်လာရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိ စိတ်ကူးထဲတောင် မထည့်နိုင်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။

သြဇာအာဏာ ကျဆင်းလာမှုနဲ့အတူ ဘာသာရေးအရာရှိတွေ အားပျော့သွားပေမယ့် ဆော်ဒီမိသားစုတွေနဲ့ ပြည်သူအများစုရဲ့ အယူအဆတွေကတော့ ရပ်မသွားပါဘူး။ ရှေးရိုးစွဲအယူအဆတွေ အမြစ်တွယ်နေတဲ့ နိုင်ငံတစ်ခုအဖို့ အနောက်တိုင်းစတိုင် ပြောင်းလဲချက်တွေကို ကန့်သတ်မှုတွေဟာ ရှိနေဆဲပါ။

ဈေးဆိုင်နဲ့ အများပြည်သူပိုင်နေရာတွေမှာ လှည့်လည်စစ်ဆေးနေတဲ့ ဘာသာရေးအရာရှိတွေ။ (ဓာတ်ပုံ - AFP)

ဆော်ဒီအာရေဗျရဲ့ တင်းကြပ်တဲ့ အုပ်ချုပ်ရေးစနစ်အရ အမျိုးသမီးတွေဟာ အုပ်ထိန်းခံ မှီခိုအဆင့်မှာသာရှိပြီး လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ခရီးသွားခြင်း၊ အလုပ်ရှာခြင်း၊ ခွဲစိတ်ကုသခြင်းလို ကိစ္စမျိုးတွေအစ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ သူတို့ရဲ့ အုပ်ထိန်းသူ အမျိုးသားတွေရဲ့ ခွင့်ပြုချက်ရမှ ဆောင်ရွက်ခွင့်ရှိပါတယ်။

အသက် ၂၀ ကျော် ဆော်ဒီမိန်းကလေးတစ်ယောက်ဆိုရင် သူ့အစ်ကိုဟာ သူ့ဖုန်းထဲမှာ ခြေရာခံဆော့ဖ်ဝဲ ထည့်ထားတယ်လို့တောင် သံသယရှိနေပါတယ်။ သူမရဲ့အစ်ကိုဟာ စည်းကမ်းတင်းကြပ်လွန်းသူ တစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။

“ဆော်ဒီလူငယ်တွေဟာ အဟောင်းနဲ့အသစ်ကြားမှာ ချောင်ပိတ်မိနေတယ်။” လို့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နိုအာဆိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 
“ချိန်းတွေ့တယ်ဆိုတိုင်း အကျင့်မကောင်းဘူးလို့ သတ်မှတ်လို့မှ မရတာ။” လို့ သူကဆိုပါတယ်။

ဆော်ဒီမှာ အိမ်ထောင်မပြုဘဲ၊ ဖခင်မပေါ်ဘဲ ကလေးမွေးရင်လည်း အပြစ်ဒဏ် ပေးခံရပါတယ်။ 
လက်မထပ်သေးတဲ့ အမျိုးသမီးတွေဟာ အပျိုစင်ဖြစ်ရမယ် ဆိုတဲ့ စာနဲ့ချမရေးထားတဲ့ လူမှုရေးသတ်မှတ်ချက်တွေလည်း ဆော်ဒီမှာ ရှိနေဆဲပါ။

ဒီအနေအထားတွေဟာ အိမ်ထောင်မပြုဘဲ တစ်ကိုယ်ရေတစ်ကာယ နေသူ အမျိုးသားတွေကိုလည်း အခက်တွေ့စေပါတယ်။ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားလိုတဲ့ ဆော်ဒီအမျိုးသမီးတွေဟာ အတူနေခြင်းကို ရှောင်ကြဉ်ပြီး တစ်ခြားနည်းလမ်း တစ်ခုခုနဲ့သာ အပျော်ရှာကြရတဲ့ အနေအထားကို ရောက်လာလို့ ဖြစ်ပါတယ်။

မြို့ကြီးပြကြီးတွေမှာ အပြောင်းအလဲတွေ ရှိလာတယ်ဆိုပေမယ့် ဒီအပြောင်းအလဲတွေဟာ သူတို့ရဲ့ ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်တည်မှုကို ကျဆင်းစေတယ်လို့ ယူဆကြတဲ့ ပတ်ဝန်းကျင်မှာ ဆော်ဒီအမျိုးသမီးတွေဟာ နေရာတကာ ကျား၊မ ခွဲခြားဆက်ဆံမှုအောက်မှာ ဇက်ကြိုးတပ်ခံထားရဆဲ ဖြစ်ပါတယ်။

အာရပ်ကမ္ဘာမှာတော့ အိမ်ထောင်မပြုဘဲ ချစ်ကျွမ်းဝင်တယ်ဆိုတာ ဥပဒေနဲ့ငြိစွန်းတဲ့ ပြစ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီကန့်သတ်ချက်တွေဟာ အခြားတစ်ဘက်မှာတော့ ခြိမ်းခြောက်ငွေညှစ်ခံရတဲ့ အန္တရာယ်မျိုး ပေါ်လာအောင် မီးမွှေးသလိုလည်း ဖြစ်နေပါတယ်။

တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာတာနဲ့အမျှ ဆော်ဒီအာရေဗျမှာ လူမြင်ကွင်းမှာ ရောထွေးယှက်တင် ရှိနေတဲ့ လူငယ်စုံတွေတွေ ပိုများလာနေပါတယ်။ အန္တရာယ်များပေမယ့် ဒီယဉ်ကျေးမှုဟာ စတင်အမြစ်တွယ်နေပါပြီ။ (ဓာတ်ပုံ - AFP)   

“စုံတွဲတွေ ပြဿနာတက်ပြီး လမ်းခွဲရတာမျိုးဆိုရင် အရမ်းစိုးရိမ်ရတယ်။ ကျွန်မကို ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ထားလိုက်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မအဖေကို ပြောလိုက်တာမျိုး၊ အိမ်ကို ရောက်လာတာမျိုး ဆိုရင် ဘယ်လိုလုပ်မလဲ။ အမျိုးသမီးတွေက အကြောက်တရားနဲ့ ရှင်သန်နေရတာ။” လို့ ဆာမီရာက ပြောပါတယ်။

ခေတ်သစ်အချစ်ဇာတ်လမ်းက အမျိုးသားတွေအတွက်လည်း အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အခန်းငှားတဲ့ စုံတွဲတွေကို ဟိုတယ်ကမသင်္ကာရင် လက်ထပ်ပြီးသားဖြစ်ကြောင်း သက်သေတွေ တောင်းလေ့ရှိပါတယ်။ ဟိုတယ်အခန်းလေးတစ်ခန်း ငှားဖို့အရေးကို စိုးရိမ်သောကအပြည့်နဲ့ စီစဉ်ရတာဖြစ်ပါတယ်။

“စိတ်ချလက်ချ ချိန်းတွေလို့ရတဲ့နေရာဆိုလို့ ကိုယ့်ကားပဲရှိမယ်ထင်တယ်။” လို့ အသက် ၂၅ နှစ်အရွယ် နက်ဆာဆိုတဲ့ ဆော်ဒီလူငယ်တစ်ဦးက ပြောပါတယ်။

ချစ်တာအပြစ်မဟုတ်ဘူးဆိုပြီး လူရှေ့သူရှေ့ မေတ္တာဂုဏ်ဖော်ကျူးဖို့ မကြံလေနဲ့။ ဒုက္ခလှလှ တွေ့သွားနိုင်ပါတယ်။

စောသန္တာအေး
(AFP, Independent, NBC သတင်းဆောင်းပါးများမှ ထုတ်နုတ်ဘာသာပြန်ဆိုပါသည်။)

ဗီဒီယိုများ