မောင်တောမြို့နယ် ကြိမ်ချောင်းတွင်ဖမ်းဆီးခံရသည့် ကားသမားသုံးဦးပြန်လွတ်၊ တစ်ဦးကို ချုပ်ရမန်ယူ

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူလေးဦးထဲမှ ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်)ညပိုင်းတွင် သုံးဦးပြန်မြောက်လာပြီး ကျန်တစ်ဦးကို ချုပ်ရမန်ယူထားကြောင်း မိသားစုဝင်များထံမှသိရသည်။

03 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၃

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူလေးဦးထဲမှ ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်)ညပိုင်းတွင် သုံးဦးပြန်မြောက်လာပြီး ကျန်တစ်ဦးကို ချုပ်ရမန်ယူထားကြောင်း မိသားစုဝင်များထံမှသိရသည်။

၎င်းတို့လေးဦးထဲမှ လိုင်စင်ရှိကားတွင်ပါသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူ သုံးဦးတို့ကိုပြန်လွှတ်ပေးခဲ့သည်။ ကျန်ကားတစ်စီးတွင် လိုင်စင်မရှိဟုဆိုကာ ကားကိုသိမ်းဆည်းထားပြီး ယာဉ်မောင်းအား ချုပ်ရမန်ယူထားကြောင်း သိရသည်။

"ကြိမ်ချောင်းရဲစခန်းက ကျွန်မအိမ်ရှင်နဲ့ ကျွန်မမောင်အပါအဝင် သုံးဦးကို လွှတ်ပေးလိုက်ပါတယ်။ ကျွန်မတို့မှာ ကားလိုင်စင်ရှိလို့ပါ။ နောက်ကားတစ်စီးနဲ့ ဒရိုင်ဘာကိုတော့ မလွှတ်ဘဲ မောင်တောကိုခေါ်သွားကြပါတယ်"ဟု ပြန်လည်လွတ်မြောက်လာသည့် ယာဉ်မောင်းကိုစိုးဝင်းနိုင်၏ဇနီး မစံပယ်က DMG ကိုပြောသည်။

အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်လေးဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်ကို ကားနှစ်စီးဖြင့်ဖြတ်သန်းသည့် ယာဉ်ပေါ်လိုက်ပါလာသောလူငယ်များနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်လေးဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွှန့်ကျေးရွာမှ သုံးဦးနှင့် ရန်အောင်ပြင်ကျေးရွာ တစ်ဦးတို့ဖြစ်ကြသည်။

ယနေ့တွင် မင်္ဂလာညွှန့်ကျေးရွာမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့သုံးဦးနှင့် ကားကိုလွှတ်ပေးလိုက်ပြီး ရန်အောင်ပြင်ကျေးရွာမှ ယာဉ်မောင်းကိုသန်းဇော်အား မောင်တောမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားသည်။

"ကားလိုင်စင်မရှိလို့ လွှတ်မပေးတာလို့ပြောတယ်။ မောင်တောတရားရုံးမှာ ဒီနေ့ကျနော့်သားကိုချုပ်ရမန်ရယူထားတယ်။ ၁၅ ရက်နေ့ ရုံးချိန်းလိုက်တယ်"ဟု ဖမ်းဆီးခံထားသည့် ယာဉ်မောင်း၏ဖခင် ဦးဘညွှန့်ကပြောဆိုသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက "လိုင်စင်မရှိလို့သာ အပြစ်ပေးရမယ်ဆိုရင် မောင်တောမြို့မှာ စီးနေကြတဲ့ကားတွေက လိုင်စင်ရှိသလားလို့ မေးခွန်းထုတ်ရလိမ့်မယ်"ဟု ဆိုသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၃၁ ဦးကို ပြန်လွှတ်ပေးနေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် DMG သို့ ပြောဆိုထားသည်။

ဗီဒီယိုများ