ANP ပါတီတွင် လက်ရှိတာဝန်မထမ်းဆောင်နိုင်ဟု အကြောင်းပြန်သူ တစ်ဦးသာရှိ

ရခိုင်အမျိုးသားပါတီ(ANP)တွင် ပါတီနှင့်အဆက်အသွယ်ပြတ်တောက်နေသူ များပြားလွန်းနေသောကြောင့် အဆိုပါပုဂ္ဂိုလ်များအား ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိ သဘောထားမေးမြန်းရာတွင် ဗဟိုကော်မတီဝင်တစ်ဦးတည်းသာ မူလတာဝန်အားထမ်းဆောင်နိုင်ခြင်းမရှိဟု အကြောင်းပြန်ကြားလာသည်ဟု သိရသည်။

21 Mar 2022

DMG ၊ မတ် ၂၁

ရခိုင်အမျိုးသားပါတီ(ANP)တွင် ပါတီနှင့်အဆက်အသွယ်ပြတ်တောက်နေသူ များပြားလွန်းနေသောကြောင့် အဆိုပါပုဂ္ဂိုလ်များအား ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိ သဘောထားမေးမြန်းရာတွင် ဗဟိုကော်မတီဝင်တစ်ဦးတည်းသာ မူလတာဝန်အားထမ်းဆောင်နိုင်ခြင်းမရှိဟု အကြောင်းပြန်ကြားလာသည်ဟု သိရသည်။

အခြားအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်များမှာ ပါတီနှင့်သက်ဆိုင်မှုမရှိတော့ဟု ANP က ထုတ်ဖော် ပြောကြားထားသည်။ သို့သော် စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့် ဒေါ်အေးနုစိန်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တွင် နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဦးလှစောတို့မှာ မည်သို့မျှ အကြောင်းပြန်ကြားခြင်းမရှိပေ။

ယခု ဗဟိုကော်မတီဝင်အဆင့်မှ နုတ်ထွက်သွားသူမှာ သံတွဲမြို့နယ်မှဖြစ်သည်။ ၎င်းမှာ ဗဟိုကော်မတီဝင်တာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိတော့ဟု အကြောင်းပြန်သော်လည်း ပါတီဝင်အဖြစ် ဆက်ရှိနေဦးမည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
“ဗဟိုကော်မတီတာဝန်ကိုတော့ ထမ်းဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုပြီး ဗဟိုကော်မတီဝင်ကနေအနားယူတာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပါတီနှင့်ကင်းကွာနေပြီး အဆက်အသွယ်ပြတ်တောက်နေသူ ၉ ဦးရှိကာ ၎င်းတို့အား ပါတီတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း ရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် ထပ်မံဆက်သွယ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“တခြားအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေဟာ ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် ပါတီနဲ့ပတ်သက်မှု တစ်စုံတစ်ရာမရှိလို့ ကျနော်တို့ဆုံးဖြတ်ထားပါတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

အဆိုပါပြောဆိုချက်မှာ မည်သည့်ပုဂ္ဂိုလ်များကို ရည်ညွှန်းထားသည်ကို ၎င်းကအသေးစိတ်ထုတ်မပြောပေ။ ထို့ပြင် အဆက်အသွယ်ပြတ်တောက်နေသည့် ပါတီဝင် ၉ ဦး၏အမည်ကိုလည်း ထုတ်ပြောရန် ဦးခိုင်ပြည်စိုးကငြင်းဆိုသည်။

ရခိုင်အမျိုးသားပါတီသည် မတ်လ ၈ ရက်နေ့က ပါတီဝင်များထံသို့ ပါတီတာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ခြင်းရှိ/မရှိကို သဘောထားမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ