ပလက်ဝ စစ်ဘေးရှောင်ကျောင်းသား ၁၂၀၀ ကျော် ပညာသင်ကြားရန် နေရာလိုအပ်

မကြာမီကာလတွင် ကျောင်းဖွင့်တော့မည်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ နေထိုင်ရန်နေရာအခက်အခဲဖြစ်နေကြပြီး ယင်းအထဲမှ ကျောင်းသား/သူ ၁၂၀၀ ကျော်မှာလည်း ပညာဆက်လက်သင်ကြားရန် ကျောင်းဆောင်သစ်များ လိုအပ်နေခြင်းဖြစ်ကြောင်း ပလက်ဝမြို့ပေါ်ကူညီရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

By နှင်းနွယ် 12 Jun 2020

ပလက်ဝမြို့မှ စစ်ဘေးရှောင်များ (ဓာတ်ပုံ - Chin World Media)

နှင်းနွယ် | DMG
ဇွန် ၁၂ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် စစ်ဘေးရှောင်နေကြသည့် ကျောင်းသား/သူ ၁၂၀၀ ကျော် ပညာသင်ကြားရန် အဆောင်များမရှိသေးဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲဖြစ်စဉ်များကြောင့် ကျေးရွာပေါင်း (၃၃)ရွာမှ စစ်ဘေးရှောင်များမှာ လက်ရှိတွင် ပလက်ဝမြို့၊ ဆမီးမြို့နှင့် တခြားကျေးရွာများရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

မကြာမီကာလတွင် ကျောင်းဖွင့်တော့မည်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များမှာ နေထိုင်ရန်နေရာအခက်အခဲဖြစ်နေကြပြီး ယင်းအထဲမှ ကျောင်းသား/သူ ၁၂၀၀ ကျော်မှာလည်း ပညာဆက်လက်သင်ကြားရန် ကျောင်းဆောင်သစ်များ လိုအပ်နေခြင်းဖြစ်ကြောင်း ပလက်ဝမြို့ပေါ်ကူညီရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

“သူတို့ အခုနေထိုင်တဲ့ ကျောင်းမှာက အရင်ကတည်းက တက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရှိပြီးသား။ အခု စစ်ဘေးရှောင်ကျောင်းသားတွေကလည်း များလာတော့ ကျောင်းတက်မယ့်နေရာက မဆန့်ဘူး။ ဒါကြောင့် နယ်ကစစ်ဘေးရှောင်လာတဲ့ ကျောင်းသားတွေ ပညာသင်ကြားဖို့အတွက် ကျောင်းဆောင်သစ်တွေ ဆောက်ပေးဖို့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ယခုလ အစပိုင်းက စစ်ဘေးရှောင်ကျောင်းသားများ ပညာသင်ကြားနိုင်ရေးအတွက် လိုချက်များကို ဒေသခံဆရာ/မများက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ တုံပြန်လာမှု မရှိသေးကြောင်း သံချောင်းကျေးရွာမှ ကျောင်းဆရာ ဦးစောဝေထွန်းက ပြောသည်။

“ကျနော်တို့ တောင်းဆိုထားတာက ကျောင်းနဲ့ပတ်သက်တာတွေအပြင် ကျောက်တော်နဲ့ ပလက်ဝလမ်းကိုပါ ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။ အဲဒီကြားမှာရှိတဲ့ တပ်မတော်က သွားလာခွင့်ပိတ်ထားတဲ့အတွက် ကျောင်းပစ္စည်းတွေ ရောက်လာရင် သယ်ယူဖို့အဆင်မပြေမှာ စိုးရိမ်တာကြောင့်ပါ။ ဒါပေမဲ့ အစိုးရဘက်က ဘာမှတုန့်ပြန်လာတာ မရှိသေးဘူး” ဟု ဆရာ ဦးစောဝေထွန်းက ဆိုသည်။

ပလက်ဝမြို့မှ စစ်ဘေးရှောင်များ (ဓာတ်ပုံ - Chin World Media)

ယင်းတင်ပြချက်များကို အစိုးရက အချိန်မီဆောင်ရွက်မပေးနိုင်လျှင် စစ်ဘေးရှောင် ကျောင်းသားများအနေဖြင့် ယခုနှစ်တွင် ပညာသင်ယူနိုင်ရန် အခွင့်အလမ်းမရှိနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်ဘေးရှောင်များတွင် ကျောင်းသားဦးရေများသဖြင့် စာသင်ခန်းများ လုံလောက်မှုမရှိသောကြောင့် နှစ်သုတ်ခွဲကာ စာသင်ကြားနိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။

ယင်းအပြင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက်လည်း အလှူရှင်များနှင့် အစိုးရမှ ထောက်ပံ့ငွေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ပြောသည်။

“အခုလက်ရှိ ဆမီးမြို့မှာ ကျောင်းဆောင်သစ်နှစ်ခုဆောက်ဖို့ု လုပ်နေတယ်။ ပလက်ဝမှာတော့ သွားလာရေးပိတ်ပင်ထားတာတွေ ရှိတဲ့အတွက် အဲဒီမှာ ဘာမှမလုပ်နိုင်သေးဘူး။ စာသင်ချိန်ကိုလည်း တစ်ရက်မှာ နှစ်ကြိမ်ခွဲပြီးတော့ သင်သွားမယ်။ လူဦးရေက အရမ်းများလွန်းတော့ ကျောင်းပရိဘောဂတွေလည်း မလုံလောက်နိုင်ဘူးလေ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆမီးမြို့သို့ မတူပီမြို့မှ မော်တော်ကားဖြင့် တိုက်ရိုက်သွားရောက်ကူညီနိုင်သော်လည်း ပလက်ဝ- ဆမီးကာလမ်းနှင့် ပလက်ဝ-ကျောက်တော်ကားလမ်းတို့ကို တပ်မတော်က ပိတ်ထားသည့်အတွက် အလှူရှင်များမှာ ပလက်ဝသို့သွားရောက်ရန် အခက်အဲရှိနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေသည်။

ဗီဒီယိုများ