အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူများနှင့် ၎င်းတို၏ မိသားစုဝင်များကို ကျပ်သိန်း ၁၀၀ ကျော်သုံးစွဲပြီးကူညီနေ

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၊ တိုက်ပွဲကာလအတွင်း သတင်းအစအနေမရဘဲ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင် စုစုပေါင်းအိမ်ထောင်စု(၂၀၀)ကျော်ကို ဝေဟင်အောင် ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း(၁၀၀)ကျော်သုံးစွဲပြီး ကူညီထောက်ပံ့နေကြောင်း သိရသည်။

28 Aug 2021

DMG ၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၊ တိုက်ပွဲကာလအတွင်း သတင်းအစအနေမရဘဲ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင် စုစုပေါင်းအိမ်ထောင်စု(၂၀၀)ကျော်ကို ဝေဟင်အောင် ပရဟိတအဖွဲ့မှ ငွေကျပ်သိန်း(၁၀၀)ကျော်သုံးစွဲပြီး ကူညီထောက်ပံ့နေကြောင်း သိရသည်။

အဆိုပါမိသားစုဝင်များမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၅၀၀၀၀)စီ ထောက်ပံ့ပေးနေကြောင်း စာရေးဆရာဝေဟင်အောင်က ပြောသည်။

အကြမ်းဖက်ဥပဒေဖြင့်တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များမှာ ကိုဗစ်ကာလတွင်အခက်အခဲဖြစ်မည်ဟုသုံးသပ်မိသည့်အတွက် ယင်းသို့ထောက်ပံ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“နံပါတ်တစ်ကတော့ ဒီကာလဟာ ကိုဗစ်ကာလဖြစ်တယ်ဆိုတော့ သွားလာရေးတွေကအစ စားဝတ်နေရေးတွေမှာ အစစအရာရာအခက်အခဲဖြစ်တယ်။ အဲဒီအတွက် ဒီအဖမ်းခံထားရတဲ့သူတွေမှာ အဓိကပြဿနာက သူတို့တွေဟာအိမ်ထောင်ဦးစီး၊ ဒါမှမဟုတ် မိသားစုကိုကူညီထောက်ပံ့နေတဲ့သူတွေ အဖမ်းခံရတဲ့အတွက် အခက်အခဲဖြစ်မယ်သုံးသပ်တဲ့အတွက် ကူညီထောက်ပံ့ရတာဖြစ်တယ်”ဟု ပြောသည်။

ယင်းသို့ တရားစွဲဆိုခံထားရသူများနှင့် သတင်းအစနမရဘဲ ပျောက်ဆုံးနေသည့် မိသားစုဝင်များကို သြဂုတ် ၂၆ ရက်နေ့မှ စတင်ကာ ကူညီထောက်ပံ့နေခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကို ထောက်ပံ့ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်မှ အကြမ်းဖက်ဖြင့်တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကို ကူညီထောက်ပံ့နေဆဲဖြစ်ပြီး ကျန်ရှိနေသည့် မြောက်ဦးနှင့် ဘူးသီးတောာင်မြို့နယ်တို့တွင်လည်း ဆက်ပြီး ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း အကြမ်းဖက်ဥပဒေဖြင့် ဆရားစွဲဆိုထားသူများကိုအမိန့်မချဘဲ အချိန်ကြန့်ကြာမှုများရှိနေကြောင်းလည်း စာရေးဆရာဝေဟင်အောင်ကပြောသည်။

“(AA)ကို အကြမ်းဖက်အဖွဲ့က ရုပ်သိမ်းထားပြီဖြစ်တဲ့အတွက် ဒီအကြမ်းဖက်နဲ့တရားစွဲဆိုခံထားရသူတွေကို တရားရုံးကဖြစ်ဖြစ်၊အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကဖြစ်ဖြစ် မြန်မြန်ဆန်ဆန်စစ်ဆေးပြီး ဒီလူတွေကိုလွှတ်ပေးဖို့လိုတယ်လို့မြင်တယ်”ဟု ၎င်းကပြောသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သဖြင့် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်ဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်လာနိုင်မည်ဟု မိသားစုဝင်များက မျှော်လင့်ခဲ့ကြသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးပါ။

လက်ရှိရခိုင်ပြည်နယ်အတွင်းတွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများမှာ စစ်တွေအကျဉ်းထောင်တွင် ၆၄ ဦး၊ မြောက်ဦးတွင် ၄၇ ဦး၊ ကျောက်ဖြူတွင် ၇၆ ဦး၊ သံတွဲတွင် ၉ ဦးနှင့် ဘူးသီးတောင်အကျဉ်းထောင်တွင် ၅ ဦး၊ စုစုပေါင်း (၂၀၁)ဦးရှိကြောင်း သိရသည်။

ယင်းအပြင် မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ (၁၈)ဦး၊ အမ်းမြို့နယ်၊ ဒလက်ချောင်းအလယ်ကျွန်းရွာမှ တစ်ဦး၊ မြေပုံမြို့နယ် ယိုးချောင်းရွာသာယာမှနှစ်ဦးတို့၏ မိသားစုဝင်များကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း ဝေဟင်အောင်ပရဟိတအဖွဲ့မှ သိရသည်။

ဗီဒီယိုများ