မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၈ လခန့်အတွင်း သေဆုံးသူ ၁၀၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၆၄၀၀ ကျော်အထိရှိလာကြောင်း AAPP ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၈၉ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၆၄၇၇ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စက်တင်ဘာ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

16 Sep 2021

Photo - AAPP

DMG ၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၈၉ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၆၄၇၇ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စက်တင်ဘာ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသွားသူများမှာ ယင်းထက်ပိုများနိုင်ကြောင်း AAPP ကဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆၄၇၇ ဦးရှိပြီး ယင်းအထဲမှ ၂၇၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ပြစ်ဒဏ်ကျခံရသူများထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် (၂၆)ဦးတို့မှာ သေဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ ဦးရှိပြီး ယင်းအထဲမှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦးအပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရခြင်းဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅)ဦးရှိလာကြောင်း သိရသည်။

အာဏာသိမ်းမှုဖြစ်ပွားမှုနောက်တွင် အသတ်ခံရသူ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း အများအပြားရှိကြောင်း စစ်တပ်ဘက်က ပြောကြားမှုများရှိသော်လည်း တိတိကျကျထုတ်ပြန်ထားခြင်းမရှိပေ။ AAPP ၏ ကျဆုံးစာရင်းထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုများကို ထည့်သွင်းဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု စတင်သည့်ရက်မှစ၍ မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ပြည်သူလူထုသေဆုံးရသည့်ဦးရေကို ဆက်တိုက်မှတ်တမ်းတင်နေသော အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ဖြုတ်ချကာ နိုင်ငံတော်အာဏာကိုရယူခဲ့သည်။ ထိုအချိန်မှစတင်၍ နိုင်ငံတစ်ဝန်း နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်မှုများပေါ်ပေါက်ခဲ့သည်။

နောက်ပိုင်းတွင် ဆန္ဒပြပွဲများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး နှိမ်နင်းမှုများရှိလာခဲ့ပြီးနောက် ဆန္ဒပြသူများသည်လည်း ရရာလက်နက်များဖြင့် ခုခံတော်လှန်သည့်ဘက်သို့ တဖြည်းဖြည်းအသွင်ပြောင်းခဲ့သလို ဒေသအများအပြားတွင်လည်း ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်(PDF)များဖွဲ့စည်းကာ မြန်မာစစ်တပ်ကို ပြန်လည်တိုက်ခိုက်မှုများရှိလာနေသည်။

ဗီဒီယိုများ