ALP စည်းရုံးရေးမှူးဟောင်းပျောက်ဆုံးမှု ရက်ပေါင်း ၁၀ ကျော်ကြာအထိ သတင်းအစအနပျောက်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် နေထိုင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ စည်းရုံးရေးမှူးဟောင်းဖြစ်သူ ဦးဝင်းလှိုင် ပျောက်ဆုံးနေသည်မှာ ၁၄ ရက်ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာ သတင်းအစနမရရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

By မျိုးမြင့်ဇော် 13 Jun 2020



မျိုးမြင့်ဇော် | DMG
ဇွန် ၁၃ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာတွင် နေထိုင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ စည်းရုံးရေးမှူးဟောင်းဖြစ်သူ ဦးဝင်းလှိုင် ပျောက်ဆုံးနေသည်မှာ ၁၄ ရက်ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာ သတင်းအစနမရရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ရဲတွေက ဘာမှအကြောင်းမကြားသေးဘူး။ လိုင်းပေါ်မှာတော့ အမျိုးမျိုးတင်နေကြတော့ ကျမလည်း အရမ်းစိတ်ပူနေမိတယ်။ ကျမယောင်္ကျားကို ပြန်လွှတ်ပေးပါလို့ NSO ကို တောင်းဆိုချင်ပါတယ်” ဟု ဦးဝင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်က ပြောသည်။

၎င်းပျောက်ဆုံးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ယနေ့အချိန်ထိ သတင်းတစ်စုံတစ်ရာ မရာရှိသေးသော်လည်း တောင်ကုတ်မြို့နယ်အတွင်း၌ သောင်းကျန်းသူများ ရောက်ရှိနေသည့် သတင်းသာရရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ဆိုသည်။

ဆားပြင်ကျေးရွာ၌ အပ်စိုက်ဆေးဆရာအဖြစ် လုပ်ကိုင်နေသည့် ဦးဝင်းလှိုင်အား မေလ ၃၁ ရက်နေ့က အမည်မသိလူတစ်စုသည် သေနတ်၊ ဓါးတို့ကိုင်ဆောင်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း(NSO-Taungup Township) အမည်ရှိသည့် လူမှုကွန်ယက်စာမျက်နှာတွင် ဦးဝင်းလှိုင်အား ၎င်းတို့အဖွဲ့မ ှဖမ်းဆီးသွားခြင်းဖြစ်ကာ ခေါင်းဖြတ်သုတ်သင်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဦးဝင်းလှိုင်၏အလောင်းကို မတွေ့ရှိရသေးသဖြင့် ယင်းထုတ်ပြန်ချက်ကို ယုံကြည်ရန်ခက်ခဲ့ကြောင်း ရဲမှူးသန်းနိုင်က ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဦးဝင်းလှိုင်အား ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စွပ်စွဲရာ AA ကမူ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းနှင့် ၎င်းတို့ တစ်စုံတစ်ရာ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ဗီဒီယိုများ