(၁၀)လနီးပါးကြာ အကြမ်းဖက်ဥပဒေဖြင့် တရားရင်ဆိုင်ခဲ့ရသူလေးဦး တရားရှင်လွတ်

“မတရားဘဲနဲ့ အဖမ်းခံရတာ။ ကျမတို့က AA နဲ့လည်း မဆက်သွယ်ဘူး။ ကျမတို့က လူထု။ AA လည်း ကျမတို့မမြင်ဖူး။ သူတို့လွတ်မြောက်လာတော့ ဝမ်းလည်းဝမ်းနည်းပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ကျမတို့ခံစားရသလို မခံစားရပါစေနဲ့ ဒီနေရာကနေ မေတ္တာပို့တယ်”

By အောင်ထိန် 03 Jan 2020

အောင်ထိန် | DMG
ဇန်နဝါရီ ၃၊ စစ်တွေ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်က ဒေသခံ (၄)ဦးကို စစ်တွေခရိုင်တရားရုံးက ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့က စွဲချက်မတင်မီတရားရှင် လွှတ်ပေးလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

မြောက်ဦးမြို့နယ်၊ မြိုချောင်ကျေးရွာမှ ကိုကျော်အေးမောင်၊ ကိုဦးခင်မောင်နှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက ကိုမောင်မြင့်လှိုင်၊ ကိုစိုးဝင်းနိုင်တို့ကို တပ်မတော်စစ်ကြောင်းတစ်ခုက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့သည်။

ကိုစိုးဝင်းနိုင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ တရားစွဲဆိုခဲ့ကာ တခြား (၃)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၂(က) စသည့်ပုဒ်မများဖြင့် မင်းပြားမြို့နယ် အမှတ်(၃၈၀) ခြေမှန်တပ်ရင်းက ဗိုလ်ကြီးထိန်လင်းမော်က တရားလိုပြုပြီး တရားစွဲဆိုခဲ့သဖြင့် (၁၀)လနီးပါးခန့်အကြာ အမှုရင်ဆိုင်ပြီးနောက် လွတ်မြောက်လာခြင်းဖြစ်သည်။

“တရားလိုပြရဲ့ သက်သေထွက်ဆိုချက်တွေအရ အကြမ်းဖက်မှုကို ကျူးလွန်ကြောင်းတစ်စုံတစ်ရာမှ မတွေ့ရှိရဘူးပေါ့။ အဲဒါကြောင့် သူတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ အရ တရားရှင်လွှတ်လိုက်တာပေါ့” ဟု ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းမှတဆင့် စစ်တွေအကျဉ်းထောင်သို့ ထောင်ဝင်စာလာတွေ့နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိသောကြောင့် တစ်ချို့ပုဂ္ဂိုလ်များထံံမှ ချေးငှား၊တောင်းရမ်းပြီး လာရောက်ခဲ့ကြရသည်ဟု ကိုစိုးဝင်းနိုင်၏မိခင် ဒေါ်တင်တင်ဝင်းက ပြောသည်။

“မတရားဘဲနဲ့ အဖမ်းခံရတာ။ ကျမတို့က AA နဲ့လည်း မဆက်သွယ်ဘူး။ ကျမတို့က လူထု။ AA လည်း ကျမတို့မမြင်ဖူး။ သူတို့လွတ်မြောက်လာတော့ ဝမ်းလည်းဝမ်းနည်းပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ကျမတို့ခံစားရသလို မခံစားရပါစေနဲ့ ဒီနေရာကနေ မေတ္တာပို့တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ