AA စစ်ဦးစီးချုပ် ညီ၊ ညီမနှင့် ယောက်ဖအပါအဝင် ဖမ်းဆီးခံထားရသူ ၁၀ ဦး ပြန်လည်လွတ်မြောက်

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ညီမနှင့် ယောက်ဖ အပါအဝင် ဖမ်းဆီးခံထားရ သူ ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

09 Jun 2021

ဓါတ်ပုံ - ဇလုံကြီး/ဖေ့စ်ဘွတ်

DMG ၊ ဇွန် ၉

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ညီမနှင့် ယောက်ဖ အပါအဝင် ဖမ်းဆီးခံထားရ သူ ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် တရားလိုဖက်မှ  အမှုရုပ်သိမ်းခွင့်တင်ထားသည်ကို တရားရုံးမှခွင့်ပြုသဖြင့် ယင်းသို့လွတ်မြောက်လာခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က DMG သို့ ပြောသည်။

“အမှုရုပ်သိမ်းခွင့် လျောက်ထားတဲ့အပေါ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း သဘောတူတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း သဘောတူတယ်။ ရှေ့နေချုပ်ရုံးကလည်း သဘောတူတယ်။ အမှုရုပ်သိမ်းခွင့်တင်တာနဲ့ ပတ်သက်လို့ တရားရုံးက ခွင့်ပြုတာကြောင့် လွတ်တာဖြစ်တယ်” ဟု ဦးအောင်ကျော်စိန်က ဆိုသည်။

ယခုလွတ်မြောက်လာသူများမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ညီမဖြစ်သူ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် စင်္ကာပူ(အသင်း)မှ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်ကြသည်။

ယင်းအထဲမှ AA တပ်ချုပ် ညီမနှင့် ယောက်ဖတို့အမှုမှာ စွဲချက်တင်ထားပြီးဖြစ်သဖြင့် တရားသေလွတ်မြောက်ခြင်းဖြစ်ပြီး ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးမှာ စွဲချက်မတင်သေးသည့်အတွက် တရားရှင်လွတ်မြောက်ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခံထားရသည့် အမှုများကို ရုပ်သိမ်းလိုက်ခြင်းသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖက်သို့ ဦးတည်ပြီး လွှတ်ပေးခြင်း၊ အမှုအားရုပ်သိမ်းခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က သုံးသပ်သည်။

“လက်ရှိ နိုင်ငံတော်အစိုးရဖက်က ချဉ်းကပ်မှုဟာ အခုကြားကာလ အကြမ်းဖက်ဥပဒေကိုပယ်ဖျက်ပေးပြီး နောက်ပိုင်း တပ်မတော်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ချဉ်းကပ်မှုဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖက်ကို လွတ်ပေးတာ၊ တစ်နည်းအားဖြင့် အမှုကိုရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ဒီလိုပဲသုံး သပ်တယ်” ဟု ဆိုသည်။

နောက်ထပ် ရခိုင်ပြည်အရပ်ရပ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများ၏အမှုအားလုံးကိုပါ ရုပ်သိမ်းနိုင်ရန်နှင့် ရုပ်သိမ်းပေးနိုင်မည်ဟု ထင်မှတ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်အသင်း (စင်္ကာပူ) မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးမှာ ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့သည်။

အဆိုပါ ရခိုင်လူငယ် ၈ ဦးကို ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ရဲမှူးတင်ရွှေက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် AA စစ်ဦးစီးချုပ် ယောက်ဖဖြစ်သူ ကိုကျော်နိုင်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံမှ ဆေးကုသခံယူပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

အလားတူ AA တပ်မှူးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူမှာလည်း သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို လေဆိပ်သို့ လာရောက်ကြိုဆိုစဉ်မှာ သမီးဖြစ်သူနှင့်အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းတို့နှစ်ဦးကိုလည်း ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူထဲမှ ကိုတင်လှိုင်ဦး၏ ဇနှီးဖြစ်သူ မမူမူခိုင်က “ ဗိုလ်ချုပ် ညီမ လင်မယားအပါအဝင်ပေါ့နော်၊ နောက် ကိုတင်လှိုင်ဦးအဖွဲ့က ၈ ယောက် ပေါ့နော်၊ အခုကတော့ တရားသည် လွတ်လာတယ်လို့ ပြောပါတယ်။ အခုလို လွှတ်လာတာနဲ့ပတ်သတ်ပြီး ကျေးဇူးတင်ရမယ့်လူတွေကို  အများကြီးကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

ပြီးခဲ့သည့် မေလအတွင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရေသာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို  စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ကျန်ရှိသည့် အမှုများရုပ်သိမ်းရန် တရားလိုများဖက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ထံ ရုပ်သိမ်းလွှာတင်ထားကြောင်း သိရသည်။

ဗီဒီယိုများ