(၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို စည်စည်ကားကားကျင်းပသွားမည်

ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ယာယီဌာနချုပ်အပါဝင် တပ်တော်အခြေစိုက်သည့်နေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စည်စည်ကားကားကျင်းပရန်လုပ်ဆောင်နေကြောင်း ယနေ့(ဧပြီ ၅ ရက်)နေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

05 Apr 2022

DMG ၊ ဧပြီ ၅

ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ယာယီဌာနချုပ်အပါဝင် တပ်တော်အခြေစိုက်သည့်နေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စည်စည်ကားကားကျင်းပရန်လုပ်ဆောင်နေကြောင်း ယနေ့(ဧပြီ ၅ ရက်)နေ့ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

တပ်တော်နေ့ကျင်းပရသည့် ရည်ရွယ်ချက်မှာ ရက္ခိုင့်တပ်တော်နေ့အား ပြည်သူတစ်ရပ်လုံး အမြဲတမ်းသိရှိစေရန်နှင့် ပြည်သူနှင့် တပ်တော်ကြား ပိုပြီးချစ်ခင်စည်းလုံးညီညွှတ်မှု၊ အပြန်အလှန်ယုံကြည်လေးစားလာစေရန်အတွက်ဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

“တပ်တော်နေ့ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မိမိတို့ရက္ခိုင့်တပ်တော်နေ့ကို ပြည်သူတစ်ရပ်လုံး အမြဲတမ်းသိရှိစေဖို့နဲ့ ပြည်သူနဲ့တပ်တော်ကြား ပိုပြီးချစ်ခင်မှု၊ စည်းလုံးညီညွှတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်လေးစားယုံကြည်မှုတွေတိုးပွားလာဖို့အတွက် ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခုကျင်းပမည့်တပ်တော်နေ့တွင် ဘောလုံးပွဲ၊ ဘောလီဘောပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများကိုလည်း စစ်ဒေသအသီးသီးတွင် ကျင်းပလျှက်ရှိနေသလို ပြည်သူများအနေဖြင့်လည်း နီးစပ်ရာစစ်ဒေသမှ တာဝန်ရှိသူတို့ထံဆက်သွယ်ပြီး တက်ရောက်နိုင်ကြောင်း သိရသည်။

“တပ်တော်နေ့ကို ယာယီဌာနချုပ် အခြေပြုထားတဲ့နေရာ၊ နောက်ပြီးတော့ စစ်ဒေသအသီးသီးမှာတော့ ကျနော်တို့တပ်တော်နေ့ကို ပြည်သူလူထုတွေ၊ ရဟန်းသံဃာတွေ၊ ရပ်မိရပ်ဖတွေ၊ အထူးဖိတ်ကြားတဲ့ပုဂ္ဂိုလ်တွေက အခမ်းအနားအသီးသီးကို သူ့နေရာဒေသအသီးသီးမှာ တက်ရောက်ကြဖို့ရှိတယ်။ ဆိုတော့ ဒီအခမ်းအနားကို တက်ရောက်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာစစ်ဒေသနဲ့ နီးစပ်တဲ့နေရာတွေမှာ ဆက်သွယ်လို့ရမယ့်လမ်းကြောင်းတွေကနေ ဆက်သွယ်ပြီးတော့ တက်ရောက်လို့ရနိုင်တယ်”ဟု ဦးခိုင်သုခကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးခန့်နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင်တည်ထောင်ခဲ့ပြီး ယခုအခါ ၁၃ နှစ်ရှိခဲ့ပြီလည်းဖြစ်သည်။

ဗီဒီယိုများ