AA ဖမ်းဆီးထားသည့် သုံ့ပန်း ၁၃ ဦးကိစ္စ တပ်မတော် စိစစ်နေ

တပ်မတော်က ငြင်းဆိုထားသည့် ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် တပ်မတော်သား ၁၃ ဦးနှင့်ပတ်သက်ပြီး ဓာတ်ပုံ၊ ဗွီဒီယိုအထောက်အထားများဖြင့် ထုတ်ပြန်ဖော်ပြပြီးနောက်တွင် တပ်မတော်ဘက်က ၎င်းကိစ္စအား စိစစ်နေသည်ဟု ပြန်လည်ပြောဆို...

By ခိုင်ရိုးလ 26 Nov 2019

(ဓာတ်ပုံ - AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၆ ၊ စစ်တွေ

တပ်မတော်က ငြင်းဆိုထားသည့် ရက္ခိုင့်တပ်တော်(AA)က တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် တပ်မတော်သား ၁၃ ဦးနှင့်ပတ်သက်ပြီး ဓာတ်ပုံ၊ ဗွီဒီယိုအထောက်အထားများဖြင့် ထုတ်ပြန်ဖော်ပြပြီးနောက်တွင် တပ်မတော်ဘက်က ၎င်းကိစ္စအား စိစစ်နေသည်ဟု ပြန်လည်ပြောဆိုလာသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ (၈) ဦးရှိကြောင်းနှင့် လက်နက်ချအညံ့ခံသော ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ တပ်မ(၇၇)လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ(၃၁၃)တပ်ရင်းနှင့် AA တို့ ပလက်ဝမြို့နယ်၊ ကာမချောင်း(ဒေသအခေါ်-ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တပ်မတော်ဘက်မှ  ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် (၁၃) ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းခြေ သေနတ် (၁၄) လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

(ဓာတ်ပုံ - AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်)

တပ်မတော်သား သုံ့ပန်း ၁၃ ဦး၏ ဓာတ်ပုံကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် AA ၏ ဝက်ဆိုဒ်တွင်ဖော်ပြခဲ့ပြီး၊ ယနေ့ ၂၆ ရက်နေ့တွင်လည်း ၎င်းတို့၏ နာမည်၊ ဓာတ်ပုံနှင့် ရာထူးအဆင့်နှင့် ဗီဒီယိုဖိုင်တစ်ခုအပြင် တိုက်ပွဲအတွင်း တပ်တော်သား ၈ ဦးကျဆုံးကြောင်းကိုလည်း ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တိုက်ပွဲပြင်းထန်သည့်အတွက် တပ်မတော်ဘက်က လူစုကွဲကာ ကျဆုံးခြင်းများရှိခဲ့ပြီး ၎င်းတို့ကိုစီစစ်နေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒီနေ့က တိုက်ပွဲပြင်းထန်တဲ့ အတွက်ကြောင့်မို့လို့ ထိခိုက်ကျဆုံးမှုတော့ရှိခဲ့တယ်။ ကျနော်တို့ဘက်က လူစုကွဲသွားတာလည်းရှိတယ်။ အကုန်လုံးတော့မဟုတ်ဘူး။ အပိုဖြည့်စွက်ထားတယ်ဆိုတဲ့သဘော၊ ဒါလေးတော့ ပြောချင်တယ်။ ကျနော်တို့လည်း ဒါကို စီစစ်ဆဲပဲရှိသေးတယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

(ဓာတ်ပုံ - AA ထုတ်ပြန်သည့် ဗီဒီယိုဖိုင်)

တပ်မတော်အနေဖြင့် ၎င်းနေရာများကို နယ်မြေရှင်းလင်းရေးများ ဆက်လုပ်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

AA က ၎င်းတို့ဖမ်းဆီးထားသည့် စစ်ဖက်နှင့်သက်ဆိုင်သူများကို တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများနှင့် လဲလှယ်ရန် ပြောဆိုထားသော်လည်း တပ်မတော်ဘက်က ငြင်းဆိုထားသည်။

ဗီဒီယိုများ