စစ်တွေတွင် ကိုဗစ်ကာကွယ်ရေးအတွက် ညမထွက်ရအမိန့်ထုတ်

Covid-19 ရောဂါကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၂ လကြာသည်အထိ အကျုံးဝင်သည့် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။

By ကျော်သူဌေး 21 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၂၁ ၊ စစ်တွေ

Covid-19 ရောဂါကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ ၂ လကြာသည်အထိ အကျုံးဝင်သည့် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ထိုအမိန့်စာတွင် (ည ၉ နာရီမှ နံနက် ၄ နာရီ)အထိ ပြင်ပသို့မထွက်ခွာရန် သတ်မှတ်ထားပြီး ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းကာကွယ်နိုင်ရေးအတွက်ဖြစ်သည်ဟု ပါရှိသည်။

အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရမှသာ ထွက်ခွင့်ပြုမည်ဖြစ်ကာ ယခုအမိန့်အား လိုက်နာရန်ပျက်ကွက်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

စစ်တွေမြို့တွင် ပိုးတွေ့ရှိသူများလာသဖြင့် အခြားပြည်နယ်များနှင့် အဆက်အသွယ် ဖြတ်ခံထားရချိန်တွင် လိုအပ်သည့် စားနပ်ရိက္ခာများ၊ ဆေးဝါးများကို အစိုးရမှ စီမံခန့်ခွဲပေးရန်လိုကြောင်း စစ်တွေမြို့ဒေသခံ ကိုစိုးနိုင်က ပြောသည်။

“အဓိကလိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါး၊စားနပ်ရိက္ခာတွေသွင်းဖို့ကို အစိုးရက စီမံခန့်ခွဲပြီးသားဖြစ်ရမယ်။ ပြီးတဲ့ခါမှ ညွှန်ကြားချက်ထုတ်တာနဲ့ လိုက်လျောညီထွေဖြစ်မယ်။ ထုတ်ပြန်ချက်နောက်မှာ ပြည်သူတွေကို ဘယ်လိုလုပ်ပေးမလဲဆိုတာက စိတ်ဝင်စားစရာကောင်းတယ်။ ရောဂါကို မပြန့်ပွားစေချင်ရင် အိမ်မှာနေဖို့ကို အကောင်းဆုံးပံ့ပိုးနိုင်ရမယ်” ဟု ကိုစိုးနိုင်ကပြောသည်။

စစ်တွေမြို့မှ ပိုးတွေ့လူနာများနေထိုင်ခဲ့သည့် ရပ်ကွက်များမှလမ်းများကို သြဂုတ်လ ၂၀ ရက်နေ့က အသွားအလာကန့်သတ်ခြင်း (Lock down)ပြုလုပ်ထားပြီး စစ်တွေမြို့မဈေးကြီးကိုလည်း နေ့ဝက်ခွင့်သာ ရောင်းချခွင့်ပြုထားသည်။

ယင်းအပြင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုထားသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၃၅ ဦးအထိရှိလာပြီး ယခင်ကပိုးတွ့ရှိသူ ၁၆ ဦးမှာ ရောဂါ ကောင်းမွန်သွားပြီဖြစ်ကာ လက်ရှိပိုးတွေ့ရှိထားသူ ၁၉ ဦးထဲမှ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၁၈ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင်တစ်ဦး အသီးသီးဆေးကုသမှုခံယူလျှက်ရှိသည်။

ယခုပိုးတွေ့ရှိသည့်လူနာများသည် ပြည်ပသို့ခရီးသွားရာဇဝင်မရှိဘဲ ကူးစက်မှုဖြစ်ပွားခြင်းကြောင့် စစ်တွေမြို့ခံများအနေဖြင့် စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။

ဗီဒီယိုများ