မြောက်ဦးမြို့နယ်က ရွာတစ်ချို့တွင် ပြည်ပမှဝင်လာသူများကို ရွာပြင်တွင် (၁၄)ရက်စောင့်ကြည့်ထား

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်လာသူများကို မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ချို့၌ ရွာပြင်တွင် (၁၄)ရက် စောင့်ကြည့်ထားကြောင်း ဒေသခံများထံက သိရသည်။

By မျိုးသီရိကျော် 30 Mar 2020

ထိုင်းနိုင်ငံမှ ရခိုင်သို့ပြန်လာသူများအား ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဝန်ကြီး ဦးဇော်အေးမောင်)

မျိုးသီရိကျော် | DMG
မတ်လ ၃၀ ၊ မြောက်ဦး

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်လာသူများကို မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ချို့၌ ရွာပြင်တွင် (၁၄)ရက် စောင့်ကြည့်ထားကြောင်း ဒေသခံများထံက သိရသည်။

ခွဆုံကျေးရွာတွင် မတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံမှ ပြန်ဝင်ရောက်လာသူ (၁၄)ဦးကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ ရွာပြင်တွင် (၁၄)ရက်ကြာထားရှိပြီး ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးကျော်ဝင်းက ပြောသည်။

“အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်က လူအများကြီးကူးစက်တယ်လို့ သိတယ်လေ။ အဲဒါကြောင့် တရုတ်ကပြန်လာတဲ့ သူတွေကို ရွာပြင်မှာ ၁၄ ရက် စောင့်ခိုင်းထားတာပါ။ သူတို့ဆီမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေပေါ့။ ကျနော်တို့ကတော့ ကြောက်ပါတယ်။ ရွာသားတွေ ကူးစက်မှာလည်း စိုးရိမ်တယ်။ အဲဒါကြောင့် ရွာပြင်မှာထားထားတာပါ”ဟု ၎င်းကဆိုသည်။

အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်းတို့ကို တစ်နေ့ (၂)ကြိမ်ခံယူရန်၊ အကယ်၍ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်ပါက တာဝန်ရှိသူထံ ချက်ချင်း ဆက်သွယ်အကြောင်းကြားပြီး ဆေးကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခွဆုံကျေးရွာအုပ်ချုပ်ရေးမှူးက “(စောင့်ကြည့်ထားသူတွေ)ကိုတော့ ကျန်းမာရေးဌာနတွေကတော့ ကြည့်ဖို့ မရောက်သေးဘူး။ သူတို့လည်း ကျန်းကျန်းမာမာပဲ”ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် အလုပ်အကိုင်ရှားပါးသည့် ဒေသဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ များပြားသည်။ လက်ရှိတွင် မိမိဒေသသို့ ပြန်လည်ဝင်ရောက်လာသူများလည်း များပြားနေသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစပ်ခံထားရသူ (၁၀)ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန် - 

■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ
■ ပဋိပက္ခဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ထိရောက်မည်မဟုတ်
■ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ

ဗီဒီယိုများ