အစိုးရဝန်ထမ်းတစ်ဦးအပါအဝင် (၁၅)ဦးကို AA နှင့်ဆက်စပ်ပြီး တပ်မတော်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စုစာရေးတစ်ဦးအပါအဝင် အမျိုးသား (၁၅)ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး တပ်မတော်ကဖမ်းဆီးခဲ့ကာ ရဲစခန်းသို့ အပ်နှံလိုက်သည်ဟု ဧပြီလ ၈ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

By နေရောင်မင်း(စစ်တွေ) 09 Apr 2020

(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေရောင်မင်း | DMG
ဧပြီ ၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စုစာရေးတစ်ဦးအပါအဝင် အမျိုးသား (၁၅)ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး တပ်မတော်ကဖမ်းဆီးခဲ့ကာ ရဲစခန်းသို့ အပ်နှံလိုက်သည်ဟု ဧပြီလ ၈ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၎င်းတို့သည် ညောင်ချောင်စစ်ဘေးရှောင်စခန်းအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆန်အိတ်များသယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ သို့သော် ၎င်းတို့သည် AA နှင့် AA အမာခံများဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့က ဆန်အိတ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ညောင်ချောင်းကျေးရွာအုပ်စု စာရေးဦးအုန်းနိုင်သည် ကျေးရွာရှိ စစ်ဘေးရှောင်များစားသုံးရန် လိုအပ်သည့်ဆန်များကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လစဉ်တင်ပြတောင်းခံလျက်ရှိသည်ဟု တပ်မတော်ကဆိုသည်။ တောင်းခံရရှိသည့် ဆန်များအား သုံးပုံပုံ၍ နှစ်ပုံကို စစ်ဘေးရှောင်များကိုထောက်ပံ့ပြီး ကျန်ရှိသောတစ်ပုံကို AA ထံ ပို့ဆောင်ပေးလျက်ရှိသည်ဟုလည်း ဆိုသည်။

ယင်းအထဲတွင် AA အတွက် ငွေကြေးကောက်ခံပေးခဲ့သူတစ်ဦးနှင့် AA ၏အခြေခံတပ်သားသစ်သင်တန်း တက်ရောက်ခဲ့ဖူးသူ (၇)ဦးပါဝင်သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်မေးမြန်းသော သတင်းမီဒီယာများကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးမှုများရှိနေသည်။ ထို့ကြောင့် တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ကိုဆက်သွယ်မေးမြန်းရန် DMG အနေဖြင့် အခက်အခဲရှိသောကြောင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

စစ်ဘေးရှောင်စခန်းတာဝန်ခံနှင့် ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းဝင်းက ၎င်းတို့သည် စစ်ဘေးရှောင်များအတွက် ဆန်အိတ်များသယ်ဆောင်လာစဉ် ဖမ်းဆီးခံရသူများဟု ဆိုကြသည်။ DMG နှင့်အဆက်အသွယ်ရရှိရသည့် မိသားစုဝင်တစ်ချို့ကလည်း ယခုဖမ်းဆီးခံရသူများမှာ AA နှင့် ပတ်သက်ဆက်နွယ်မှုမရှိဟု ဆိုကြသည်။

အဆိုပါ ဖမ်းဆီးခံရသူများနှင့်သိမ်းဆည်းထားသည့် ဆန်အိတ်များကို ကျောက်တော်မြို့မရဲစခန်းသို့ အပ်နှံ၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း - စစ်ဘေးရှောင်များအတွက် အစိုးရထောက်ပံ့သည့်ဆန်များကို သယ်ဆောင်လာသူ ၁၅ ဦးစစ်ဆေးခံနေရ

ဗီဒီယိုများ