တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

(၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့ အထိ)

24 Nov 2021

နိုဝင်ဘာ ၁၆

■ မြန်မာနိုင်ငံ၏ အခက်အခဲများကိုကျော်ဖြတ်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် သက်ဆိုင်သည့်ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကပြောကြားခဲ့သည်။
■ တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာအုပ်စု၊ အဘေရွာကျေးရွာမှ အရိုးကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ယောကျ်ားလေးအတွက် ဆေးကုသရန် ငွေကြေးအကူအညီလိုအပ်နေသည်။
■ တိုက်ပွဲကာလအတွင်းကဖမ်းဆီးထားသည့် စစ်သုံးပန်း ၁၅ ဦးကို လူသားချင်းစာနာမှုအရ ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
■ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းရှိ ကလေးငယ် ၂၈၀ ကျော်အတွက် အနွေးထည် ၁၀၀၀ ကျော်ကို ရခိုင်အမျိုးသမီးများကွန်ရက်(RWN)မှ လှူဒါန်းခဲ့သည်။
■ နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများကို လုံခြုံမှု အာမခံချက်ပေးနိုင်သည့် အနေအထားရောက်မှ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောခဲ့သည်။
■ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့်သတင်းသမားပေါင်း အနည်းဆုံး ၁၂၉ ဦးရှိပြီး  ၂၇ ဦးမှာ ဖမ်းဝရမ်းထုတ်ခံထားရသည်ဟု အသံအဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ မစ္စတာဆာဆာကာဝါ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်သုံ့ပန်း ၁၅ ဦးကို လွှတ်ပေးခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ပြောဆိုခဲ့သည်။
■ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဆက်လက်မဖြစ်ဘဲ ရပ်တန့်နေမည်ဟု တိတိကျကျပြောဆို၍မရကြောင်း  လက်ရှိ မြေပြင်အခြေအနေအထား၌လည်း တင်းမာမှု တချို့ရှိနေဆဲဟု ရက္ခိုင့်တပ်တော် AA  ကပြောဆိုခဲ့သည်။

နိုဝင်ဘာ ၁၇

■ ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း A-1 အဆင့်(၂)ကို တောင်ကိုးရီးယားအခြေစိုက် Posco International ကုမ္ပဏီက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
■ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က မီးရှို့ခံလိုက်ရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဖြင့် ရခိုင်ပြည်နယ်ရှိအရပ်ဖက်အဖွဲ့အစည်းများမှ အလှူငွေကျပ်သိန်း ၈၇ သိန်းကို လှူဒါန်းပေးခဲ့သည်။
■ ရခိုင်ပြည်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ ရွှေမင်းဂံကုန် သွယ်ရေးစခန်း ၃ ခုမှ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့ထိ ကန် ဒေါ်လာ ၂ သန်းနီးပါးထိ ကုန်သွယ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများကပြောသည်။
■ စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ကပြဖျော်ဖြေရန်အတွက် စိန်ရွှေရတနာဇာတ်သဘင်မှာ  ဝင်္ကဘာကွင်း၌ ဇာတ်စင်ဆောက်လုပ်ပြီးစီးမှ စစ်ကောင်စီမှ ကပြခွင့်ကိုတားမြစ်လိုက်သည်ဟု ဇာတ်ပိုင်ရှင် ကပြောခဲ့သည်။
■ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာအနီးရှိ နာမည်ကြီး ဘဲငါးရာတောင်ဘုရားပွဲကို လူပေါင်း ၁ သောင်းခန့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာ ၁၈

■ ယခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်‌ကျေးရွာတစ်ချို့တွင် ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်တို့ မီးရှို့ခံရမှု၊ မီးလောင်ကျွမ်းမှုတို့ မကြာခဏဆိုသလို ဖြစ်ပွားနေသည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။
■ ယခုနှစ် ၂၀၂၁ ခုနှစ်တွင် ပြည်မဖက်မှ ဝယ်သူမရှိ၍ ရခိုင်မှ ဝဥ(ဖျံဥ)များမှာ ရောင်းမထွက်ဖြစ်နေကြောင်း ဝဥစိုက်သူတောင်သူများနှင့်ရောင်းဝယ်သူများက ပြောသည်။
■ ရခိုင်ပြည်တွင် ယခု ၂၀၂၀၊၂၀၂၁ ခုနှစ်ပိုင်းများအတွင်းတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ ၂၀၁၈၊ ၂၀၁၉ ခု နှစ်များနှင့်ယှဉ်လျှင် စိုက်ပျိုးဧက အနည်းငယ်တိုးလာသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
■ ကျောက်တော်မြို့နယ် ကန်စောက်တောင်ထိပ်တွင် ပုဏ္ဏားကျွန်းဖက်သို့ ဘုရားဖူးလာသည့် ဒိုင်နာကားတစ်စီး တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့် လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

နိုဝင်ဘာ ၁၉

■ ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဒုက္ခသည်များအားငွေထောက်ပံ့မှုပမာဏကို တိုးမြှင့်ပေးရန် သုံးသပ်နေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ဌာနေကိုယ်စားလှယ် Mr. Marcus Prior က ပြောခဲ့သည်။
■ မာန်အောင်မြို့နယ်က လေယာဉ်ကွင်းတွင် ပြေးလမ်းတိုးချဲ့လုပ်ဆောင်ပေးရန်အတွက် တင်ပြထားကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။
■ မာန်အောင်မြို့နယ်က လေယာဉ်ကွင်းတွင် ပြေးလမ်းတိုးချဲ့လုပ်ဆောင်ပေးရန်အတွက် တင်ပြထားကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီထံမှ သိရသည်။
■ ၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့အမှုကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။
■ ရက္ခိုင်တပ်တော်မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကိုးရီးယာဆိုက်ကမ်းခေါ် (BXT) တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲကျော်ခန့်က ပြုလုပ်ခဲ့ကြသည်။

နိုဝင်ဘာ ၂၀

■ တိုက်ပွဲကာလအတွင်းကမီးရှို့ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတို့မှ နေအိမ် ၂၀၀ ကျော်ကို ပြန်လည်ဆောက်လုပ်လျက်ရှိရာ စစ်ကောင်စီမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို အပြည့်အဝမရရှိကြသေးကြောင်း အဆိုပါကျေးရွာသားများကပြောခဲ့သည်။
■ မြေပုံလူငယ်များအသင်းမှ မြို့အဝင်လမ်းတွင် စိုက်ပျိုးထားသော Tabebuia အပင်များကို ဒုတိယအကြိမ် ဖျက်ဆီးခံလိုက်ရကြောင်း အဆိုပါအသင်းမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစည်သူဝင်းက ပြောခဲ့သည်။
■ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ CDM ပြုလုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ချယ်ရီသက်ရှည်အား နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။
■ ရခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော "Western News"သတင်းဌာနကို စစ်ကောင်စီတပ်များက ရှာဖွေနေ၍ သတင်းထောက်များ တိမ်းရှောင်နေရကြောင်း Western News သတင်းဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။

နိုဝင်ဘာ ၂၁

■ ရခိုင်ပြည်တွင် ယခု ၂၀၂၁ ခုနှစ်တွင် ပုဇွန်ခြောက်များနှင့် ငါးခြောက်ဈေးများမှာ ဈေးကောင်းရရှိနေသော်လည်း အရောင်းထိုင်းနေကြသည်ဟု ရောင်းချသူများက ပြောဆိုကြသည်။
■ ယခုနှစ်တွင် ယခင်နှစ်များထက် ဘေထုတ်ဝယ်ယူရသည့် ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြန်ရောင်းရာတွင် အဆင်မပြေမှုများရှိ နေသည်ဟု ဘေထုတ်ရောင်းချသူများက ပြောကြသည်။
■ မြန်မာပြည်တွင်း လေးကြောင်းလိုင်းစီးနင်းလိုက်ပါမည့်ခရီးသည်များကို ကိုဗစ်ပိုးရှိ မရှိစစ်ဆေးရန် လေယာဉ်သို့ မတက်ရောက်မီ ၄၈ နာရီအတွင်း သက်ဆိုင်ရာကျန်းမာရေးဌာနများမှ ရောဂါပိုးရှိမရှိဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
■ မင်းပြားမြို့နယ်ရှိ ကျိန်းတောင်စေတီကို ရက်သတ်မှတ်ချက်ကန့်သတ်ကာ တက်ရောက်ခွင့်ပြုခဲ့ပြီးနောက် လွတ်လပ်စွာတက်ရောက်ဘုရားဖူးခွင့်ကိုမူ ပိတ်ထားဆဲဖြစ်သည်။
■ တရုတ်နိုင်ငံမှလှုူဒါန်းသည့် Sinovac ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁ သန်းမှာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းချိန်ခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
■ မြောက်ဦးနယ်နိမိတ်ထဲတွင်ရှိသည့် လင်းမြွေတောင်တန်းတွင် တရားမဝင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ စစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ပြောခဲ့သည်။

နိုဝင်ဘာ ၂၂

■ PDF နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
■ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အယူခံကို နိုဝင်ဘာ ၂၂ ရက်တွင် စစ်တွေခရိုင်တရားရုံးမှ ပယ်ချလိုက်ကြောင်း ရှေ့နေထံမှ သိရသည်။
■ ခရီးသွားရာသီ ရောက်ရှိလာသော်လည်း ရခိုင်ပြည်သို့ ပြည်ပခရီးသွားဧည့်သည် လာရောက်မှုမှာ အလွန်နည်းပါးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
■ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်မှာ ၁၀ လတာ ကာလသို့ရောက်လာသော်လည်း ဘဏ်များမှငွေထုတ်ယူမှုမှာ ပုံမှန်အတိုင်းမဖြစ်သေးကြောင်း ငွေထုတ်ယူသူများက ပြောဆိုကြသည်။
■ မြောက်ဦးမြို့နယ်အတွင်းက လေးမြို့မြစ်တစ်လျှောက်သို့ ခရီးသွားလာမှုများပြားလာနေကြောင်း အ ဉ္စနခရီးသွား Agency အဖွဲ့မှသိရသည်။
■ မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာအုပ်စု၊ လောင်းရှည်ချောင်းကျေးရွာတွင် ခမီရိုးရာကောက်သစ်စားပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နိုဝင်ဘာ ၂၃

■ နှစ်လစာအတိုးမဲ့ ကိုဗစ်-၁၉ ချေးငွေများ ရယူထားပြီး အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို နိုင်ငံဘဏ္ဍာအလွဲသုံးစွဲမှုနှင့် စစ်ကောင်စီက အရေးယူရန် လျို့ဝှက်လုပ်ဆောင်နေကြောင်း သိရသည်။
■ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁၁ ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ ၄ ရွာတို့တွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
■ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သော အစိတ်အပိုင်းများသည် နိုဝင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ မာန်အောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့ အနီးရှိ အနီးပင်လယ်ပြင်များသို့ ကျရောက်ခဲ့သည်။
■ PDF အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးအနက် အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်း၏အဒေါ်ဖြစ်သူ ဖုန်းပိုင်ရှင်ဒေါ်စမ်းချိုသိုက်ကို ဖမ်းဆီးထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ သိရသည်။
■ ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိကြောင်းနှင့် အမှုဖွင့်ထားခြင်းများလည်း မရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဗီဒီယိုများ