တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု) Development Media Group (DMG)   

24 Aug 2021


သြဂုတ် ၁၆

■ ရခိုင်ပြည်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူဦးရေမှာ တစ်ပတ်အတွင်း လျော့နည်းလာသော်လည်း ကိုဗစ်စည်းကမ်းများနှင့်ပတ်သက်၍ မပေါ့ဆကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောကြားခဲ့သည်။
■ ရခိုင်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာပို့ဆောင် ပေးဝေမှုများကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ သြဂုတ်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
■ တစ်ပတ်တာ ကာလအတွင်း ဘဏ်များပိတ်ထားခြင်းကြောင့် အွန်လိုင်းငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူများမှာ အခက်အခဲကြုံတွေ့နေရပြီး ဘဏ်ပိတ်ရက် ထပ်တိုးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။
■ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် သက်ဆိုင်ရာဌာနများမှ ဆေးဆိုင်များကို ဝင်ရောက်စစ်ဆေးမှုများ ရှိခဲ့သည်။
■ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့မှာ မျှစ်ခူးရာမှပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မိုးမှောင်ကျပြီး လှိုင်းကြီးကာ တောဖျားချောင်းတံတားအား စက်လှေဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးမှာ ပျောက်ဆုံးခဲ့သည်။
■ စစ်တွေမြို့တွင် သြဂုတ်လ ၁၆ရက်နေ့က မူးယစ်ဆေးဝါးနှင့် ဆေးခြောက်များရောင်းချသူဟု ယူဆရသည့် လူ ၃ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သြဂုတ် ၁၇

■ ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ပြောခဲ့သည်။
■ မြောက်ဦးမြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားနပ်ရိက္ခာများကို ၆ လတာအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
■ လက်ရှိဖြစ်ပွားနေသည့် Covid-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်အတွင်းရှိ မသန်စွမ်းသူများအတွက် စားဝတ်နေရေးနှင့် ဆေးဝါးများ အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်မသန်စွမ်းသူများအဖွဲ့မှ သိရသည်။
■ မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
■ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာမှ ဦးအောင်သိန်းဆန်း အသက် (၃၅) နှစ် မှာ ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် ကန်စောက်တောင် အမြောက်တပ်အနီး ကွင်းပြင်တွင် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားခဲ့သည်။
■ မင်းပြားမြို့နယ် လေးမြို့ချောင်းဖျားအထက်ပိုင်းရှိ မွန်ချောင်း ကျေးရွာတွင်နေထိုင်သော ချင်းလူမျိုးအိမ်ထောင်စု ၁၅၀ ခန့်ကို သင်္ဂဟကမ်းလက် ရက္ခိတပရဟိတအဖွဲ့က ဆန်အိတ် ၈၀ ကူညီ ထောက်ပံ့ခဲ့သည်။
■ ရခိုင်ပြည်အနောက်ဘက် မေယုကျွန်းအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သစ်မှောင်ခိုတင်သွင်းမည့် သစ် ၁၄ တန်ခန့်နှင့်အတူ စက်လှေတစ်စင်းအား သြဂုတ်လ (၁၇)ရက်နေ့က ရေတပ်က ဖမ်းဆီးခဲ့သည်။

သြဂုတ် ၁၈

■ ရခိုင်ပြည်ရှိ သစ်တောသယံဇာတများမှာ ကုန်ခမ်းစပြုလာပြီဖြစ်ပြီး အချိန်မီထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင် တရားမဝင်သစ်ခိုးထုတ်မှုများမှာ ပိုများလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်ကဆိုသည်။
■ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးကျေးရွာမှ မျှစ်သွားခူး၍ပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့က လှေနစ်မြုပ်ကာပျောက်ဆုံးနေသူ ၃ ဦးအနက် အမျိုးသမီး ၂ ဦး၏ရုပ်အလောင်းကို သြဂုတ် ၁၈ နေ့ နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့သည်။
■ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၌ သြဂုတ်လ ၁၈ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စခန်းကို lockdown ချခဲ့သည်။
■ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအခက်အခဲရှိနေပြီး အခြေခံစားသောက်ကုန်များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။
■ ရခိုင်ပြည်တွင် ကိုဗစ်ကြောင့် စားဝတ်နေရေး အခက်ခဲဖြစ်နေကြသော ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်း (၃) ခု အပါအဝင် မင်းပြားမြို့နယ်မှ စစ်ဘေးရှောင်စခန်း (၁) တစ်ခုနှင့် မြို့ပေါ်ရှိ စားဝတ်နေရေးခက်ခဲနေသူ အိမ်ထောင်စု ၃၀၀ ကျော်အား ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) က စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။
သြဂုတ် ၁၉
■ မြောက်ဦးခရိုင်တွင် ကိုဗစ်ကာလ၌ စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များနှင့် လက်လုပ်လက်စားများကို အထောက်အပံ့ဖြစ်စေရန် လူငယ်အဖွဲ့အစည်းများက အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့သည်။
■ ရခိုင်ပြည်အတွင်း Stay at home ကာလကို တစ်ပတ်ထပ်တိုး သတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်တွင် ယခုနှစ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်းများမှာ ယခင်နှစ်များထက် နှစ်ဆခန့် မြင့်တက်လျက်ရှိနေခြင်းကြောင့် တောင်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောဆိုကြသည်။

သြဂုတ် ၂၀

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ပြီး ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောခဲ့သည်။
■ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၇ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၇၃၇၂ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ  သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ တပတ်အတွင်း လျော့နည်းလာသော်လည်း ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျှော့နည်းသွားခြင်း မရှိသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
■ ကိုဗစ်ရောဂါကူစက်ခြင်းခံရပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းလာသည့်လူနာများမှာ အချိန်အတိုင်းတာတစ်ခုထိ အနားယူရန်လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုခဲ့သည်။
■ ရခိုင်ပြည်တွင် တရုတ်မှလှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီးသည့် လူဦးရေ ၉၀၀၀၀ ကျော်ကို ဒုတိယအကြိမ် ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြောဆိုခဲ့သည်။
■ ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းမှာ ပါတီသို့ နှုတ်ထွက်စာတင်ထားကြောင်း ပြောဆိုခဲ့သည်။
■ စစ်တွေမြို့မှ အခြားမြို့နယ်များကို ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ဇူလိုင်လ ၂၀ ရက်နေ့က ယာယီ ရပ်ဆိုင်းထားခဲ့သည်။
■ ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်သွားရောက်သည့် လှေတစ်စီးကို သြဂုတ် ၂၀ ရက်နေ့က မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

သြဂုတ် ၂၁

■ ရခိုင်ပြည်အတွင်းမှ ပြည်မနှင့် တရုတ်နိုင်ငံကို ဂဏန်းအဓိကတင်ပို့နေသည့်လုပ်ငန်းရှင်များမှာ လက်ရှိ Covid-19 ကြောင့် လုပ်ငန်းကိုယာယီရပ်နားထားလိုက်ရပြီး တစ်ချို့မှာ လုပ်ငန်းမပျက်သွားရန်အတွက် အနည်းငယ်လုပ်ကိုင်ခြင်းများသာရှိသည်ဟု ဂဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။
■ လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းတွင် ရခိုင်မှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ ကုန်စည်များကိုသာ အဓိကထားကာပြေးဆွဲနေရကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်နေသူများထံက ပြောကြသည်။
■ မြန်မာနိုင်ငံရှိ အခြေခံကျောင်းများကို ကိုဗစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းအောက်လျော့ကျမှသာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သြဂုတ် ၂၁ ရက် ပြောကြားချက်အရ သိရသည်။
■ ရခိုင်ပြည်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ (IDPs) နှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများ (IDPs) အတွင်း နေထိုင်သူများအနက် COVID -19 ကာကွယ်ဆေး မထိုးရသေးသူဦးရေ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စစ်စီအဖွဲ့ဝင် ဦးလှသိန်းက ပြောခဲ့သည်။
■ ဘူးသီးတောင်မြို့အခြေစိုက် (၅၅၂) တပ်ရင်းမှ မြန်မာစစ်သားတစ်ဦးမှာ သရက်ကင်းမနူး(မွတ်ဆလင်) ကျေးရွာအနီးတွင် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
■ ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်များမှ ဗဟိုအလုပ်မှုဆောင် (CEC) အွန်လိုင်း Zoom အစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းအား နုတ်ထွက်ခွင့်ပြုခဲ့သည်။

သြဂုတ် ၂၂

■ စစ်ကောင်စီဟု သုံးနှုန်းရေးသားခြင်းနှင့် သတင်းကျင့်ဝတ်နှင့်မညီသည့် ရေသားမှုများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ပြောကြားခဲ့သည်။
■ လက်ရှိ ရခိုင်ပြည်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာပါက ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
■ ဂျပန်နိုင်ငံက ကိုဗစ်လူနာများကို အရေးပေါ် သယ်ဆောင်ရာတွင် အသုံးပြုရန် လူနာတင်ယာဉ် ကားတစ်စီးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတချို့ ကို စစ်တွေဆေးရုံကြီးသို့ လှူဒါန်းခဲ့သည်။

သြဂုတ် ၂၃

■ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ရွာချင်းဆက်တံတား (၇) စင်းထဲမှ (၆) စင်းမှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
■ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားအဖြစ် သြဂုတ်လ ၂၃ ရက်နေ့ ညရှစ်နာရီတွင် ရွာလုံးကျွတ်ဆီမီးထွန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဗီဒီယိုများ