AA နှင့်ဆက်စပ်ကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အချိန်ကြာမြင့်စွာ တရားရင်ဆိုင်ခဲ့ရသူ ၁၆ ဦး ပြန်လွတ်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အချိန်ကြာမြင့်စွာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ဒေသခံ ၁၆ ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

10 Sep 2021

DMG ၊ စက်တင်ဘာ ၁၀

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အချိန်ကြာမြင့်စွာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ဒေသခံ ၁၆ ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြန်လွတ်လာသူများထဲတွင် ရွှေနဒီဖြစ်စဉ်၌ဖမ်းဆီးခံရသည့် ရေယာဉ်မောင်း ဦးကျော်မင်း၊ စာရေး ဦးဘစော၊ သင်္ဘောသားဦးဘထွန်း၊ ရေယာဉ်ဝန်ထမ်း ကိုညီညီအောင်၊ ဦးသာထွန်း၊ စက်ဆရာ သားကြီး(ခ) ကိုစောသန်းတို့လည်းပါဝင်ကြောင်း သိရသည်။

၎င်းတို့(၆)ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ဦးဘစော၏သားဖြစ်သူ ကိုဇော်နိုင်လင်းကပြောသည်။

“ကျွန်တော်တို့အဖေအပါအဝင် ခြောက်ယောက်လုံးက တစ်နှစ်ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။ အခုလိုပြန်လွတ်လာတော့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကဖမ်းဆီးခံရတော့ မိသားစုဝင်မှာ အခက်အခဲ့ဖြစ်ခဲ့ရတယ်”ဟု ကိုဇော်နိုင်လင်းကပြောသည်။

အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေပုဒ်-၅၂(က)ဖြင့် (၂)နှစ်ခန့်ကြာ တရားရင်ဆိုင်ခဲ့ရသည့် ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေ (၃၃)နှစ်၊ ရသေ့တောင်မြို့နယ် အောင်သစ္စာကျေးရွာမှ ကိုနေလင်းထွန်း (၁၉)နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ကိုဇော်နိုင်ဝင်း (၁၉)နှစ်နှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေး (၂၂)နှစ်တို့ ၄ ဦးမှာလည်း စက်တင်ဘာလ ၉ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ကိုမောင်ချေအပါအဝင် ဖမ်းဆီးခံရသူလေးဦးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ကိုမောင်ချေ၏ ကားဖြင့်စီးနင်းလိုက်ပါရာကနေ ပုဏ္ဏားကျွန်းမြို့မရဲစခန်းအနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လေးဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုသည့်စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် တရားစွဲဆိုခံခဲ့ရသည်။

ပြန်လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် အသက်(၁၉)နှစ်အရွယ် ကိုဇော်နိုင်ဝင်းက “ကျွန်တော်တို့ဟာ AA နဲ့ပတ်သက်မှုလည်းမရှိဘူး။ အခုလိုအဖမ်းခံရတဲ့အတွက်ကြောင့် အရမ်းဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့လို ဖမ်းဆီးခံရသူတွေလည်း အထဲမှာအများကြီးရှိသေးတယ်။ သူတို့ကိုလည်းလွတ်စေချင်ပါတယ်”ဟု  ပြောသည်။

ယင်းအပြင် အကြမ်းဖက်ဥပဒေဖြင့်ဖမ်းဆီးခံရပြီး ကျောက်ဖြူမြို့နယ်တရားရုံး၌ တရားရင်ဆိုင်နေရသည့် အမ်းမြို့နယ်၊ လောင်းချောင်းကျေးရွာမှ ဦးမောင်သန်းထွန်း၊ မောင်ဝင်းခင်(ခ)မောင်ခင်ဝင်း၊ ကိုဇော်ဇော်ထွန်း(ခ)ဇော်စေ့ကေ၊ ကိုမောင်မောင်ချေတို့နှင့် ကျောက်ဖြူမြို့နယ်မှ ကိုထွန်းမြင့်စိုးနှင့် ကိုအေးနိုင်တို့ ၆ ဦးမှာလည်း ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက အမ်းမြို့နယ်၊ လောင်းချောင်းကျေးရွာကို စစ်တပ်ကဝင်ရောက်စစ်ဆေးရာ၌ လောင်းချောင်းဒေသခံ ၄ ဦးမှာ AA နှင့်ဆက်စပ်မှုရှိသည်ဆိုသည့်သံသယဖြင့်ဖမ်းဆီးခံရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅ဝ(ည)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမ်းဒေသခံ ၄ ဦးမှာ အကြမ်းဖက်ဥပဒေဖြင့် (၂)ခန့်ကြာတရားရင်ဆိုင်ခဲ့ရပြီး ၎င်းတို့အမှုမှာ စွဲချက်အမိန့်ချမှတ်ရန်သာကျန်တော့သော်လည်း တရားရုံးမှအမိန့်မချသဖြင့် ကြန့်ကြာမှုရှိခဲ့ကြောင်း အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“သူတို့မှာ အပြစ်မရှိဘူးဆိုတာကို တရားရုံးကနေ စစ်ဆေးတွေ့ရှိပြီးဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၃ လလောက်ကဆိုရင် ခရိုင်တရားသူကြီးက တရားစီရင်ခွင့်မရတဲ့အနေအထားဖြစ်ခဲ့တာကြောင့် အမှုက မကြာသင့်ဘဲကြာသွားခဲ့တယ်ပေါ့။ သူတို့က အပြစ်မရှိတဲ့ပြည်သူတွေဖြစ်တယ်။ သံသယနဲ့ဖမ်းဆီးခံရပြီးလအခုလိုဖြစ်သွားခဲ့တာ”ဟု ကိုမျိုးလွင်ကပြောသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းကို စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းနောက်ပိုင်း ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့်အမှုတစ်ချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးမှုများရှိလာသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ရခိုင်မှာ အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက်ကလေးသူငယ်အမှု ၁၇ မှုကို စစ်ကောင်စီကပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားသည့်အမှုအချို့ကို ရုပ်သိမ်းပေးရန်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီကပြောကြားထားသည်။

ယင်းသို့ ရုပ်သိမ်းပေးမည့်အမှုများထဲတွင် တရားရုံးတွင်စစ်ဆေးစီရင် ဆောင်ရွက်နေဆဲဖြစ်သည့် ကျောက်တော်မြို့နယ်မှ ၆ မှု၊ ပုဏ္ဏားကျွန်းမှ ၁ မှု၊ ရသေ့တောင်မှ ၁ မှု၊ မင်းပြားမှ ၁ မှု၊ စစ်တွေမှ ၂ မှု၊ အမ်းမှ ၁ မှု၊ ကျောက်ဖြူမြို့နယ်မှ ၂ မှု၊ စုစုပေါင်းအမှု(၁၄)မှုတို့ဖြစ်ပြီး ယင်းအမှုများထဲတွင် စွပ်စွဲခံထားရသူ(၃၅)ဦးရှိကြောင်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် (၂)ခန့်ကြာ တရားရင်ဆိုင်နေရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ကိုဦးလှမောင်(၂၄)နှစ်၏ မိခင်ဒေါ်စံသာနုက ယခုကဲ့သို့အမှုရုပ်သိမ်းရာတွင် ပါဝင်ရန်မျှော်လင့်ကြောင်း ပြောသည်။

“အကြမ်းဖက်မှုတွေကို ရုပ်သိမ်းနေတယ်ဆိုတော့ ကျွန်မတို့ သားတွေလည်း ရုပ်သိမ်းတဲ့အထဲမှာပါစေချင်ပါတယ်။ ဒီလဆန်းကတည်းက မျှော်လင့်နေတာ ဘာမှအကြောင်းအထူးသေးဘူး။ နှစ်တွေလတွေလည်းတော်တော်ကြာနေပြီ”ဟု ဒေါ်စံသာနုကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့စဉ်ကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

ဗီဒီယိုများ