စစ်တွေတွင် မဲစာရင်းအမည် မပါသောကြောင့် လူဦးရေ ၁၆၀ခန့် မဲပေးခွင့်ဆုံးရှုံး

စစ်တွေမြိုှု့နယ် မင်းဂံရပ်ကွက်အတွင်း မဲရုံ(၇)ရုံတွင် မဲစာရင်း၌ အမည်ပါလာခြင်း မရှိသောကြောင့် မဲပေးခွင့်ဆုံးရှုံးသူ ၁၆၀ခန့်ရှိကြောင်း နိုင်ငံရေးပါတီများ၏ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်များမှ စောင့်ကြည့်ထားသော စာရင်းများအရ သိရသည်။

08 Nov 2020

ခင်သရဖီဦး၊ DMG
နိုဝင်ဘာ ၈၊ စစ်တွေ

စစ်တွေမြိုှု့နယ် မင်းဂံရပ်ကွက်အတွင်း မဲရုံ(၇)ရုံတွင် မဲစာရင်း၌ အမည်ပါလာခြင်း မရှိသောကြောင့် မဲပေးခွင့်ဆုံးရှုံးသူ ၁၆၀ခန့်ရှိကြောင်း နိုင်ငံရေးပါတီများ၏ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်များမှ စောင့်ကြည့်ထားသော စာရင်းများအရ သိရသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ တွင် မဲရုံများတွင် မဲပေးခွင့်ရသူ အခြေအနေကို DMG က စုံးစမ်းမေးမြန်းချက်များအရ မဲရုံကိုယ်စားလှယ်များက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

မင်းဂံ အကွက်( ၉) မှ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးထွန်းစံက “ကျနော်က ဒီနေ့နက်ဖန် မင်းဂံကို ရောက်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးလေ၊ အခုက ရပ်ကွက်မှာ ဥက္ကဌ လုပ်ခဲ့တဲ့ လူတစ်ယောက်က မပါဘူးဆိုရင်တော့ ဒါက နည်းလမ်းမကျဘူးပေါ့၊ နိုင်ငံသားတိုင်းမဲထည့်နေကြတာကို ကျနော်တို့ မထည့်ရတော့ မကျေနပ်ချင်ဘူးပေါ့”ဟု ဆိုသည်။

ထို့အတူ မင်းဂံအကွက် (၁၁)မှ မဲပေးရန် ရောက်ရှိလာသည့် ဦးမောင်တင်စိုးကလည်း ၎င်း၏ မိသားစုတစ်ခုလုံး အမည်ပါဝင်သော်လည်း သူ့အမည်တစ်ခုသာ မဲစာရင်း၌ ပါဝင်ခြင်းမရှိ၍ မဲပေးခွင့်မရကြောင်း ပြောသည်။

“ကျနော်တို့အိမ်မှာ အကုန်လုံးပါတယ်။ ကျနော်ကလွဲပြီးပေါ့၊ ဆိုတော့ ကျနော် အလုပ်လည်းရှိနေပေမဲ့ မဲစာရင်းမှာတော့ ၃ခေါက်လောက် ရှာခဲ့ပါတယ်။ ဒါပေမဲ့ ရင်ထဲက မဲတစ်ပြားကိုတော့ ထည့်ချင်တယ်ပေါ့၊ ဒါပေမဲ့ ထည့်ခွင့်မရဘူး”ဟု ၎င်းကပြောသည်။

ကော်မရှင်အနေဖြင့် မဲစာရင်းတွင် နာမည်မပါခြင်းနှင့်ပတ်သက်ပြီး ၉လပိုင်းတွင်တစ်ကြိမ်၊ ၁၀လပိုင်းတွင် တစ်ကြိမ်ထုတ်ပြန်ပေးခြင်း၊ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြေညာခြင်းများ လုပ်ဆောင်ထားခြင်းဖြစ်သည့်အတွက် ယနေ့အချိန်တွင် ပြင်ဆင်ပေးတော့မဟုတ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပြောသည်။

“ကော်မရှင်ကလည်း ၉လပိုင်းမှာတစ်ကြိမ်၊ ၁၀လပိုင်းမှာတစ်ကြိမ်၊၂ကြိမ်ထွက်တယ်ပေါ့နော်၊ မပါဘူးဆိုလိုရှိရင် နိုင်ငံသားတစ်ယောက်ရဲ့မဲပေးခွင့်ရှိတာကြောင့်၊ ကပ်ရင်တော့ လာကြည့်ဖို့ လည်းတာဝန်ရှိတယ်၊ ပထမတကြိမ် ၉လပိုင်းမှာ ကပ်တယ်။ နောက်ထပ်တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်တာတွေ လျှောက်လာတဲ့သူတွေလည်း ရှိရင် ပြင်ဆင်ဖြည့်စွက်ပေးတယ်။ ဒုတိယအကြိမ် ကပ်ပေးတဲ့အခါမှာလည်း ကပ်ပေးတာအပါအဝင် ဖေ့စ်ဘွတ်ခ်က ကြေညာတာတွေကိုလည်း လုပ်တယ်၊ အမည်ပါ/မပါကို လိုက်ကြည့်နိုင်ဖို့ပေါ့၊ ဒုတိယအကြိမ်မှာ ပြင်ဆင်ကြတယ်၊ ဖြည့်စွက်ကြတယ်။

အနီးကပ်ကျလို့ရှိရင်တော့ မဲစာရင်းမှာထည့်လို့ မရတော့ဘူးလေ၊ ဥပဒေမှာလည်း မဲစာရင်းမှာ မပါရင်တော့ မဲပေးလို့မရတော့ဘူး”ဟု မြို့နယ်ကော်မရှင်က အတွင်းရေးမှူး ဦးသစ်ဆန်းက ပြောသည်။
စစ်တွေမြို့နယ်တွင် လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီ၄ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ဦးရှိသည်။

၎င်းအပြင် ကိုဗစ်ရောဂါပိုးကူးစက်မှု ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် သက်ကြီးရွယ်အိုများကို ကြိုတင်မဲများ ကောက်ယူခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော်လည်း မဲရုံများသို့ မဲထည့်ရန် လာရောက်သူများတွင်လည်း အသက် (၆၀) ကျော်အရွယ်များ ပါဝင်သည်ကိုတွေ့ရှိရကြောင်း အဆိုပါ မဲရုံများသို့ ရောက်ရှိနေသည့် DMG သတင်းထောက်က သတင်းပေးပို့သည်။

ဗီဒီယိုများ