ရခိုင်တွင် အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ကလေးသူငယ်အမှု ၁၇ မှုကို စစ်ကောင်စီမှ ရုပ်သိမ်း

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသော အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလ အတွင်းက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

01 Jun 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေကြရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးသားများအား တရားရုံးထုတ်တစ်ခုတွင် တွေ့ရစဉ်။

DMG ၊ ဇွန် ၁

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသော အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလ အတွင်းက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာအရ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ကလေးသူငယ်ဥပဒေအမှု ၁၇ မှုရှိပြီး ယင်းထဲမှ ၁၆ မှုကို ရုပ်သိမ်းကာ ကျန်တစ်မှုကို ပိတ်သိမ်းခဲ့ပြီး ကလေးသူငယ် ၂၆ ဦးမှာ အမှုရုပ်သိမ်းခံ ခဲ့ရကြောင်း ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။

“ဒီမှုရုပ်သိမ်းတဲ့အနေအထားမှာ တပ်မတော်နဲ့အေအေကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေကနေ ပေါ်ထွက်လာတယ်လို့ ကျွန်တော်အနေနဲ့သုံးသပ်တယ်”ဟု ဦးလှသိန်းက ဆိုသည်။

ယခင်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော် (AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို အကြမ်းဖက် အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။

ယခု ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သည်။
ယင်းနောက်တွင် ယခုကဲ့သို့ အကြမ်းဖက်ဥပဒေဖြင့်တရားစွဲခံထားရသူများ၏ အမှုကို ပြန်လည်ရုပ်သိမ်း လာခြင်းဖြစ်သည်။

လက်ရှိတွင် အသက် ၁၈ နှစ်အောက် မှုများကိုရုပ်သိမ်းသည့်အပြင် ၁၈ နှစ်အထက် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူများ၏ အမှုကိုရုပ်သိမ်းသွားရန်ရှိပြီး သို့သော် မည်သည့်အမှုမျိုးကိုရုပ် သိမ်းမည်ကို မသိရှိရသေးကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်သည့်အချိန်မှစ၍ သားဖြစ်သူ ပြန်လွတ်လာ မည်နေ့ကိုမျှော်နေသည်ဟု မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကိုဦးလှမောင်(၂၄)နှစ်၏ မိခင်ဖြစ်သူ ဒေါ်စံသာနုက ပြောသည်။

“ဖမ်းဆီးခံထားရလည်း ကြာပြီ။ အခုဆိုရင်ရုံးချိန်းတွေတောင် မသွားနိုင်တော့ဘူး။ နောက်နေ့ဆိုရင် ရုံးချိန်းရှိတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်လို့ မသွားနိုင်တော့ဘူး။ သားလေး ဘယ်နေ့လွတ်လာမှာလဲဆိုတာကိုဘဲ မျှော်နေမိတယ်။ အမြန် ဆုံးလွတ်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ရခိုင့်နိုင်ငံရေးမှာ လက်ရှိကောင်စီအနေဖြင့် ယခုကဲ့သို့ ချည်းကပ်ခြင်းကို ကြိုဆိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ပြောသည်။

“အပြစ်မဲ့ပြည်သူတွေကို တရားစွဲဆိုတာတွေအားလုံးကိုလည်း ရုပ်သိမ်းပေးစေချင်တယ်။ အဲဒီအမှုတွေအားလုံးမှာ အကြောင်းတစ်ခုခုကြောင့်ပါဝင်နေတဲ့ ULA\AA ကခေါင်းဆောင်တွေ အားလုံးလည်း တွေ့ဆုံဆွေးနွေးနိုင်အောင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီး အမှုကိုရုပ်သိမ်းပေးတယ်လို့ ယူဆရလို့ရတယ်။ ဒါကြောင့် ရခိုင်ပြည်နဲ့ပတ်သက်လို့ ကောင်းတဲ့ချဉ်းကပ်မှုနဲ့ ချဉ်းကပ်တယ်လို့မြင်တယ်”ဟု ဒေါက်တာအေးမောင်က ရှုမြင်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိ ရှိကြောင်း သဇင်ဥပဒေအအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ၇ လခန့်ကြာမြင့်နေပြီဖြစ်သည်။

ဗီဒီယိုများ