ရခိုင်တွင် တကျော့ပြန်စစ်ရေးတင်းမာလာသည်နှင့် AA နှင့်ဆက်စပ်ဖမ်းဆီးခံထားရသူ ၁၉ ဦးကို ထောင်ဒဏ်ချမှတ်ထား

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်စစ်ရေးတင်းမာလာနေပြီး AA နှင့်ဆက်စပ်၍ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများကိုလည်း ထောင်ဒဏ်ချမှတ်မှုများ ဆက်တိုက်ရှိလာနေသည်။

04 Aug 2022

ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးကိုတွေ့ရစဉ်။

DMG ၊ သြဂုတ် ၄

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်စစ်ရေးတင်းမာလာနေပြီး AA နှင့်ဆက်စပ်၍ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများကိုလည်း ထောင်ဒဏ်ချမှတ်မှုများ ဆက်တိုက်ရှိလာနေသည်။

DMG မှ ကောက်ယူရရှိထားသည့်စာရင်းအရ AA နှင့်ဆက်စပ်ပြီး နှစ်ရှည်တရားရင်ဆိုင်နေရသူများထဲမှ ၁၉ ဦးကို ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ယင်းအထဲတွင် ရမ်းဗြဲမြို့နယ် အလယ်ချောင်းရွာမှ (၈)ဦး၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ (၁)ဦး၊ မြောက်ဦးမှ (၁)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ (၂)ဦးနှင့် ကျောက်ဆိပ်ကျေးရွာမှ (၅)ဦး၊ စစ်တွေမြို့နယ်မှ (၁)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၁)ဦးတို့ ဖြစ်ကြသည်။

၎င်းတို့မှာ ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်းက AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများဖြစ်သည်။

ယခုကဲ့သို့ အပြစ်မရှိဘဲ နှစ်ရှည်လများဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရသည့် ကိုမောင်စောအေး၏ အစ်မဖြစ်သူ မခင်သန်းဌေးကပြောသည်။

“ကျမမောင်လေးက အေအေနဲ့ဆက်စပ်ဖို့ နေနေသာသာ လူတောတောင် တိုးတာမဟုတ်ဘူး။ ဖုန်းလေ့မကိုင်တတ်ဘူး။ ဆိုင်ကယ်တောင် မမောင်းတတ်လို့ အဖမ်းခံရတဲ့နေ့ကလည်း သူများနောက်က လိုက်စီးသွားတာ။ စစ်တပ်ကဖမ်းတဲ့အချိန်မှာ ကြောက်ကြောက်လန့်လန့်နဲ့ ဘာတွေပြုမူမိသွားလဲ။ ဘာတွေပြောမိသွားလဲဆိုတာတော့ မသိပေမယ့် အခုလို အပြစ်မရှိတဲ့သူတွေကို နှစ်ရှည်လများဖမ်းပြီး ထောင်သုံးနှစ်ချလိုက်တာကတော့ တရားမျှတမှုမရှိဘူးလို့မြင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း ဖမ်းဆီးခံရသူစာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများထံမှသိရသည်။

၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံထားရသူများထဲမှအချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

သို့သော်ကျန်ရှိနေသေးသည့် ဖမ်းဆီးခံထားရသူများကို ယခုစစ်ရေးတင်းမာလာချိန်တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ မတရားကြောင်း ကျောက်ဆိပ်ကျေးရွာမှ ထောင်ဒဏ်ချမှတ်ခံရသူ ကိုညီညီအောင်၏ မိခင်ကပြောသည်။

“ကျွန်မတို့ သားသမီးတွေ မတရားဖမ်းဆီးခံလိုက်ရတဲ့ နေ့ကတည်းက မကျေနပ်တာ။ ဒါပေမယ့်ကျမတို့ အစိုးရကို ဘာမှတုံ့ပြန်လို့မရဘူး။ အစိုးရက ပြည်သူတွေကို အေအေလို့ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးထောင်ချတာတွေက လုံးဝတရားမျှတမှုမရှိဘူး။ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမှလက်ခံလို့မရဘူး”ဟု ဒေါ်နီနီအေးကပြောသည်။

နှစ်ဖက်စစ်ရေးတင်းမာနေချိန်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးထားသူများကို ထောင်ဒဏ်ချမှတ်နေခြင်းမှာ ပြည်သူများကို ခြိမ်းခြောက်ရာရောက်သည်ဟု ရခိုင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်းကထောက်ပြသည်။

“အခုလို အေအေနဲ့တင်းမာနေတဲ့အနေအထားမှာ အကြမ်းဖက်အမှုတွေကို အမိန့်ချနေတာတွေက အမှုလက်ကျန်တွေကို အပြီးသတ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ နောက်တစ်ခုက အေအေနဲ့စစ်တပ်ကြားမှာ အခုလိုအခြေအနေ ပြန်တင်းမာလာတဲ့အခါ အေအေနဲ့ဆက်စပ်ပြီး ဖမ်းထားတဲ့သူတွေကို အမိန့်ချလိုက်တာက ပြည်သူတွေကို သတိပေးရာရောက်တယ်။ နမူနာပြတာပေါ့။ မင်းတို့တွေ အေအေနဲ့ဆက်စပ်ရင်၊ အေအေတွေ အားပေးထောက်ခံရင် ဒီလိုအဖမ်းခံရမယ်။ ဒီလိုထောင်ချခံရမယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် နမူနာပြမျိုးပေါ့”ဟု ဦးဖေသန်းကဆိုသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မများဖြင့် ဆက်လက်တရားရင်ဆိုင်နေရသူ ၄၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

ယခုအခါ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှာ တိုက်ပွဲဖြစ်ပွားမှုရှိလာနေပြီး နေရာတိုင်းတွင် စစ်ရေးတင်းမာမှုနှင့်အတူ ဖမ်းဆီးမှုများလည်းရှိလာနေသည်။

ဗီဒီယိုများ