မောင်တောတွင် မိုင်းပေါက်ကွဲမှုကြောင့် အရာရှိ(၂)ဦးနှင့် တပ်သားတစ်ဦးကျဆုံးကာ (၅)ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရကျေးရွာနှင့် တရိမ်းကျေးရွာအကြားတွင် ယနေ့ မတ်လ ၂၄ ရက်နေ့ ၊ နံနက် (၆)နာရီခန့်က နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦး ကျဆုံးကာ  ၅ ဦးဒဏ်ရာရရှိသွားသည်ဟု အမှတ်(၆) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ)မှ အရာရှိတစ်ဦးက DMG သို့ပြောသည်။

By ချလူးအောင် 24 Mar 2020

မောင်တောမြို့နယ်တွင် ၂၀၁၉ ခုနှစ်က မိုင်းဆွဲတိုက်ခိုက်ခြင်းခံရသည့် လုံခြုံရေးကားတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ချလူးအောင်)

ချလူးအောင် | DMG
မတ် ၂၄ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရကျေးရွာနှင့် တရိမ်းကျေးရွာအကြားတွင် ယနေ့ မတ်လ ၂၄ ရက်နေ့ ၊ နံနက် (၆)နာရီခန့်က နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦး ကျဆုံးကာ  ၅ ဦးဒဏ်ရာရရှိသွားသည်ဟု အမှတ်(၆) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ)မှ အရာရှိတစ်ဦးက DMG သို့ပြောသည်။

၎င်းတို့သည် အမှတ်(၆) နယ်ခြားစောင့်တပ်ဖွဲခွဲ(နခခ)မှ ကား ၂ စီးဖြင့် အမှတ် (၁)နယ်ခြား စောင့်ကွပ်ရေးရုံး (ကျီးကန်းပြင်ဌာနချုပ်)သို့ အစည်းအဝေး တက်ရောက်ရန်  လာရောက်စဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသွားကြခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒုရဲမှူးကြီး ကျော်သူရ၊ ဒုရဲအုပ်မျိုးဇော်ဦးနှင့် တပ်သားဖြိုးမင်းသူ(ယာဉ်မောင်း) တို့ သေဆုံးသွားခြင်းဖြစ်သည်။

“အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲရေးရုံး (ကျီးကန်းပြင်)မှာ အစည်းအဝေးလာတက်တာ။ နယ်ခြားစောင့်ကား ၂ စီး လိပ်ရနဲ့ တရိမ်းအကြား မိုင်းခွဲခံရတယ်။ တပ်ရင်းမှူးအပါအဝင် ၃ ဦးကျတယ်။ ကျန် ၅ ဦး ဒဏ်ရာရတယ်”ဟု အမှတ်(၆)နယ်ခြားစောင့်တပ်ဖွဲခွဲ(နခခ)မှ အရာရှိက ပြောသည်။

လက်ရှိတွင် ကျဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ဘယ်သူတိုက်တာလဲ ပြောလို့မရသေးဘူးဗျ။ အာဆာလား ဘာလားလည်း ပြောလို့မရသေးဘူး။ အတိအကျမသိရသေးဘူး။ တိုက်ခိုက်ခံရတာတော့ဟုတ်တယ်။ ကျဆုံးမှုတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ဗီဒီယိုများ