တစ်နှစ်ကျော်ကြာပိတ်ထားသည့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးသော်လည်း အသုံးပြု၍အဆင်မပြေသေး

တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ခုနှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပြန်ပွင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

02 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၂ ရက် ၊ စစ်တွေ

တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ခုနှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပြန်ပွင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို ဆက်သွယ်ရေးအော်ပရေတာများမှ သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အကြောင်းကြားစာ ပေးပို့လာသည်ဟု ဒေသခံများက ဆိုသည်။

အင်တာနက်လိုင်း ပြန်ဖွင့်ပေးသည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ဖြစ်ကြသည်။

သို့သော်လည်း ပြန်လည်ဖွင့်ပေးသည့် အင်တာနက်လိုင်းများမှာ 2G သာရရှိပြီး လိုင်းမကောင်းသဖြင့် အခြားမြို့များနည်းတူ အင်တာနက်လိုင်း ကောင်းစေချင်သည်ဟု ပလက်ဝမြို့မှ ဦးထွန်းတင်အောင်က ဆိုသည်။

“လိုင်းမကောင်းတဲ့အတွက် ဘာပုံမှလည်း မမြင်ရဘူး။ တစ်ခါတလေ လိုင်းက E လိုင်းဖြစ်သွားတယ်။ Call Center ကို ဖုန်းဆက်မေးလိုက်တော့လည်း 2G သာ ဖွင့်ပေးမယ်လို့ေ ပြာတယ်တဲ့။ ဖွင့်ပေးရင်လည်း လိုင်းကောင်းအောင် ဖွင့်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့နယ်မှ ကိုဘက္ကာကလည်း အင်တာနက်ပြန်ဖွင့်ပေးထားသော်လည်း အသုံးပြု၍ အဆင်မပြေသေးကြောင်း ပြောသည်။

“အင်တာနက်သာပြန်ဖွင့်ပေးထားတာ တာဝါတိုင်အောက် ထိုင်သုံးတာတောင် လိုင်းမကောင်းဘူး။ အဝိုင်းပဲလည်နေတယ်၊ ပို့တာတွေလည်း မရောက်တာမရောက်ဘူး၊ ပုံတွေမမြင်ရဘူး။ ကျနော်ကတော့ Frequency တွေကို အပြည့်အဝပေးဖို့ တောင်းဆိုချင်ပါတယ်။ အင်တာနက်သုံးနေရတာက ဆန့်တငင်ငင်ဖြစ်နေတယ်။ အပြည့်အဝသုံးလို့ရအောင် လုပ်ဆောင်ပေးစေလိုပါတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခြင်းမှာ ရွေးကောက်ပွဲနီးလာသည့် အကြောင်းအရင်းနှင့် ဆက်နွယ်နိုင်သကဲ့သို့ အဖွဲ့အစည်းများက တောင်းဆိုခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံ က သုံးသပ်သည်။

“၂၀၂၀ မှာလည်း ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးလှုပ်ရှားတဲ့အခါ လူမှုစာမျက်နှာတွေကိုလည်း အသုံးပြုကြတယ်။ အဲတော့ အင်တာနက်ကို 2G မဟုတ်ပဲ 4G ရတဲ့အထိ အမြန်ဆုံး အစိုးရအနေနဲ့ဖွင့်ပေးဖို့လိုအပ်တယ်။ အထူးသဖြင့် MPT ကဒ်တိုင်းကိုလည်း နေရာတိုင်းမှာ ရဖို့လိုအပ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးပဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထပ်မံဖြတ်တောက် လိုက်သည်။

၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သည်။

ထိုသို့ ပိတ်ထားသည့်အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်တောင်းဆိုခဲ့သူအချို့ တရားစွဲဆိုခံရမှုများလည်း ရှိခဲ့သည်။

အင်တာနက်ပိတ်ပင်ခံထားရသည့် မြို့နယ်များအား ပြန်လည်ဖွင့်လှစ်ပေးရန် ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ တောင်းဆိုမှုများရှိခဲ့သည်။

ဗီဒီယိုများ