အစိုးရမှ မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ဖွဲ့ချင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရသူဆို

အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

By မင်းထွန်း 08 Jan 2021



အောင်ထိန် | DMG
ဇန်နဝါရီ ၈ ၊ စစ်တွေ

အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

ယင်းအပြင် တပ်နေရာချထားရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံတော်သမ္မရုံးသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးရာတွင် IDPs ကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပခဲ့သည့်ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ထိရောက်ခိုင်မာသော ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး၊ နှစ်ဖက်တပ်များအနေဖြင့် ထိတွေ့တိုက်ပွဲမဖြစ်ပွားရေး ရှောင်ရှားရန်သဘောတူညီချက်ကို ဆွေးနွေးသွားမည်ဟုဆိုသည်။

“နယ်မြေကိစ္စတွေကျတော့ တစ်ဖွဲ့ချင်းသွားရမယ်။ တစ်ဖွဲ့ချင်းသွားပြီးရင် တစ်ဖွဲ့ချင်း သဘောတူညီချက်တွေ ယူမယ်။ ပြီးရင် တစ်ဖွဲ့ချင်း Bilateral ကျွန်တော်တို့ လက်မှတ်ထိုးမယ်။ ထိုးပြီးသွားရင်တော့ နောက်တစ်ဆင့်ကတော့ NCA ညှိနှိုင်းတဲ့အဆင့်ပေါ့။ NCA ညှိနှိုင်းတဲ့အဆင့်သွားပြီးရင်တော့ NCA ကိုသွားမယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အဆင်သင့်ရှိနေပြီး မြောက်ပိုင်းလေးဖွဲ့၏ တုန်ပြန်ချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ထိုးနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားသည်။

မြောက်ပိုင်းအဖွဲ့များနှင့် တစ်ဖွဲ့ချင်းဆွေးနွေးမှု ပြုလုပ်မည်ဆိုပါက အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးသင့်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြသည်။

“ အကြမ်းဖက်အဖြစ်က ပယ်ဖျက်ပေးမှသာလျှင် သူတို့ဆွေးနွေးမှုဟာ တရားလည်းဝင်မယ်။ အစိုးရကဏ္ဍ ပါဝင်လာဖို့ လိုအပ်တယ်။ အဲလို အစိုးရကဏ္ဍပါဝင်မှ NRPC က တစ်ဆင့် NCA သွားမယ့်လမ်းကြောင်းကို ရောက်လာမှာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် အစိုးရက ရက္ခိုင့်တပ်တော် (AA) အား မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပနိုင်ငံသည့် မြို့နယ်များ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို အခြေခံ၍ AA ၏ ထုတ်ပြန်တောင်းဆို တပ်မတော်မှ ကြိုဆိုကြောင့် ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် နှစ်ဖက်နားလည်မှုများဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ တစ်လကျော်ရှိခဲ့ပြီဖြစ်သည်။

ယင်းနောက်ပိုင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်ဆွေးနွေးမှုများရှိလာသဖြင့် ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခုဖြစ်လာကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိသည်။

လာမည့် အစိုးရသစ်သက်တမ်း ငါးနှစ်တာကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အပစ်အခတ်ရပ်စဲထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လာရေး ပုံစံအသစ်ဖြင့်ချဉ်းကပ်ရန် ပြင်ဆင်ထားကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ပြောကြားသည်။

ဗီဒီယိုများ