သရက်တပင်ရွာအနီး တပ်စစ်ကြောင်းမိုင်းဆွဲခံရမှုတွင် ဖမ်းဆီးခံရသူ (၄) ဦးထဲမှတစ်ဦး အာမခံဖြင့်လွတ်မြောက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရပြီး တပ်မတော်သားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

By ခိုင်ရိုးလ 19 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၉ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရပြီး တပ်မတော်သားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းမိုင်းဆွဲခံရပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က အနီးပတ်ဝန်းကျင်ကျေးရွာများကို ဝင်ရောက်စစ်ဆေးကာ ကျေးရွာသား ၄ ဦးကိုဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူ ၄ ဦးမှာ သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ)အောင်ပိုင်၊ သရက်တပင်(ပြင်လှ)ကျေးရွာမှ မောင်ကုလား၊ ရွာမပြင်ကျေးရွာမှ ညီညီစိုးနှင့် စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်းတို့ ဖြစ်သည်။

၎င်းတို့ ၄ ဦးဖမ်းဆီးစစ်ဆေးခံရပြီး ၅ ရက်မြောက်နေ့တွင် သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ) အောင်ပိုင်ကို ကျောက်တော်မြို့မရဲစခန်းမှ အာမခံဖြင့်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“အပြစ်မရှိ ပြစ်မှုမမြောက်ဆိုပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ရပ်မိရပ်ဖနှစ်ဦးနဲ့ ရယက စာရေးတစ်ဦးတို့ အာခံချက်ပေးပြီး ကျောက်တော်မြို့မရဲစခန်းက ဒီနေ့လွှတ်ပေးလိုက်တာပါ ” ဟု လွတ်မြောက်လာသူ၏ ဇနီး ဒေါ်သန်းသန်းက DMG ကိုပြောသည်။

ထိုသို့ လွတ်မြောက်လာသူ ကိုအောင်ပိုင်မှာ မိမိနေရပ်သရက်တပင်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကာ ကျန် (၃) ဦးကို ကျောက်တော်မြို့မရဲစခန်းတွင် ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

သရက်တပင်ကျေးရွာ တံတားအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော် စကခ(၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅ ဦးကျဆုံးဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ကျဆုံးသွားသည့်တပ်ရင်းမှူးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်း ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားကြသည်။

သရက်တပင်ကျေးရွာအနီး AA က ရီမုတ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်ဆေးရုံတွင်ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်တွင် တပ်မတော်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ