ပလက်ဝတွင် မိုင်းထိမှန်ပြီး အမျိုးသမီးတစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် မျှစ်ချိုးရန်သွားသည့် အမျိုးသမီးငါးဦး ယနေ့(စက်တင်ဘာလ ၁၈ ရက်) နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 18 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၁၈ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် မျှစ်ချိုးရန်သွားသည့် အမျိုးသမီးငါးဦး ယနေ့(စက်တင်ဘာလ ၁၈ ရက်) နံနက်ပိုင်းက မိုင်းထိမှန်ပြီး တစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသမီးများမှာ စားဝတ်နေရေး အကျပ်အတည်းကြောင့် ပလက်ဝမြို့အရှေ့ဘက်ကမ်းရှိ အောင်စေတီ တောင်ကုန်းသို့ မျှစ်ချိုးရန်သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မေနုသိန်း ၄၀ နှစ်မှာ သေဆုံးသွားခဲ့ပြီး ဒေါ်ဦးမေသန်း ၅၆ နှစ်အပါအဝင် အမျိုးသမီး လေးဦးတို့မှာ မိုင်းစများထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သည့် ဦးအောင်အောင်က ပြောသည်။

“ခြေနှစ်ချောင်း၊ လက်တစ်ချာင်းပြတ်သွားတယ်။ အသားတွေလည်း အကုန်လုံးကြေမွသွားပါတယ်။ အလောင်း ကိုတောင် ကြိုးနဲ့စည်းထားရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ၁၃ ပေ အကွာလောက်ကသွားကြတာဆိုတော့ ကျန်လေးယောက်က သိပ်ပြီးတော့ ဒဏ်ရာမပြင်းထန်ဘူး”ဟု ၎င်းကပြောသည်။

မည်သည့်အဖွဲ့အစည်းက ထောင်ထားမှန်းမသိသည့်မိုင်းများကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရန် စိုးရိမ်မှုများ ရှိနေကြသည်။

“စီးပွားရေးအဆင်မပြေလို့ မျှစ်သွားချိုးကြရင်း ဒီလိုဖြစ်သွားကြရတာပါ။ အဓိကတော့ ရေလမ်းခရီးကိုဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပလက်ဝဒေသခံတွေလည်း စားဝတ်နေရေး အဆင်ပြေသွားမှာ။ ရေလမ်းခရီးကို အမြန်ဆုံး ဖွင့်ပေးစေချင်ပါတယ်”ဟု ပလက်ဝမြို့ခံတစ်ဦးဖြစ်သူ ကိုတင်ထွန်းအောင်က ပြောသည်။

မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သည့် ဒေါ်မေနုသိန်း၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် သဂြိုလ် သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။  

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်ခန့်ကာလအတွင်း မိုင်းထိမှန်မှု၊ ကျည်ထိ မှန်မှု၊ လက်နက်ကြီးကျည်ထိမှန်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ တိုးလာနေသည်။

ဗီဒီယိုများ