မြောက်ဦးဒေသခံတစ်ဦး ဖမ်းဆီးခံရပြီးတစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဒေသခံတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်ရုပ်အလောင်း ဆေးရုံသို့ရောက်ရှိလာကြောင်း မိသားစုဝင်များထံမှ သိရသည်။

By မျိုးသီရိကျော် 28 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၂၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဒေသခံတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်ရုပ်အလောင်း ဆေးရုံသို့ရောက်ရှိလာကြောင်း မိသားစုဝင်များထံမှ သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိသည့် ဦးအေးကျော်၏ ရုပ်အလောင်းမှာ မြောက်ဦးရတနာပါလ နာရေးကူညီမှုအသင်းမှ ကားဖြင့် ယနေ့(စက်တင်ဘာလ ၂၈ ရက်)ညနေပိုင်းတွင် မြောက်ဦးဆေးရုံသို့ ရောက်ရှိလာသည်ဟု မိသားစုဝင်များက ပြောသည်။

ဦးအေးကျော်မှာ မြောက်ဦးမြို့နယ်၊ အောင်တက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်ပြီး သုံးဘီးဆိုင်ကယ် မောင်းနှင်သူတစ်ဦးဖြစ်သည်။

၎င်းသည် စက်တင်ဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ် နထင်(ခမီ)ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်တစ်ဦးအား လိုက်ပါပို့ဆောင်စဉ် တပ်ရင်း(၃၇၇)မှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကြောင်းကို ကြားသိရသဖြင့် သွားရောက်စုံစမ်းခဲ့သော်လည်း ဖမ်းဆီးခြင်းမရှိဟုပြောသဖြင့် ပြန်လာခဲ့ရသည်ဟု ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောသည်။

ယင်းနောက်တွင် မိသားစုနှင့် အဆက်အသွယ်မရရှိခဲ့ဘဲ ယနေ့တွင် သေဆုံးနေသည့် ဦးအေးကျော်၏ ရုပ်အလောင်းသာ ရောက်ရှိလာသည်ဟု ဦးမောင်နုက ဆိုသည်။

“အလောင်းကို အခုစစ်ဆေးနေတဲ့အတွက် ကျနော်တို့အကုန်လုံး မမြင်ခဲ့ရဘူး။ ဒါပေမဲ့ သူ့ဦးခေါင်းတွေကွဲလို့ ဒဏ်ရာတွေကိုတော့ မြင်ခဲ့ပါတယ်။ အခုတော့ ရင်ခွဲရုံမှာပါ။ ဆေးရုံက ဖုန်းဆက်လာလို့သာ သိရတာပါ။ ကျနော်တို့ မိသားစုတွေက ကမ္ဘာပြိုနေသလိုခံစားနေရတယ်။ သူ့မှာကလေးကလည်း ၅ လလောက်အရွယ် တစ်ယောက် ကျန်ရှိခဲ့တယ်။ ဘယ်လိုရှေ့ဆက်မလဲ” ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ယခုကဲ့သို့ ဖမ်းဆီးခံရသူတစ်ဦး သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ဦးအေးကျော်တွင် အပြစ်ရှိပါကလည်း ဥပဒေအရသာ ဆောင်ရွက်သင့်ကြောင်းလည်း ဦးထွန်းသာစိန်က ပြောသည်။

“တကယ်လို့အပြစ်ရှိတယ်ဆိုရင်တောင် ဥပဒေလမ်းကြောင်းအတိုင်း အမှုဖွင့်တိုင်ကြား အရေးယူသင့်တယ်။ အခုလိုမျိုးသေလောက်အောင်ထိ ဖြစ်သွားတာဟာ တရားဥပဒေလမ်းကြောင်းနဲ့ မညီဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆေးစစ်ချက် အဖြေမထွက်သေးသည့်အတွက် ဦးအေးကျော်သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်သွားမည်ကို မသိသေးကြောင်း မိသားစုဝင်များကပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့် အရပ်သား ၂၂ ဦးခန့်အထိ ရှိလာနေပြီဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေသည်။

ဗီဒီယိုများ