ဖမ်းဆီးခံထားရသည့် မောင်တောမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံလေးဦးနှင့် တစ်လကြာသည့်တိုင် တွေ့ခွင့်မရသေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးထားသည်မှာ တစ်လခန့်ကြာမြင့်လာသော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များကပြောသည်။

18 Aug 2022

DMG ၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးထားသည်မှာ တစ်လခန့်ကြာမြင့်လာသော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များကပြောသည်။

ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၊ ကိုထွန်းချေ၊ ကိုထွန်းကြိုင်နှင့် သာယာကုန်း(တောင်ပြို)ကျေးရွာတာဝန်ခံ ဦးဘသိန်းတို့ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ဦးဘုန်းကိုနိုင်၏ မိသားစုဝင်တစ်ဦးက “ဒီနေ့အထိ အဆက်အသွယ်မရသေးပါဘူး။ သူတို့ကို ပထမတစ်ကြိမ် ရမန် ၁၅ ရက်ယူတယ်။ အခုလည်း နောက်ရမန် ၁၅ ရက်ယူထားတယ်။ မိသားစုနဲ့ လုံးဝတွေ့ခွင့်မရသေးဘူး”ဟု ပြောသည်။

လက်ရှိတွင် ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၂ ဦးတို့ကို ကြိမ်ချောင်းကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇)တွင် ထိန်းသိမ်းထားသည်ကိုသာသိရကြောင်း မိသားစုဝင်များကဆိုသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာအုပ်စု၊ သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးဘသိန်းမှာလည်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းမှာ သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ တောင်ပြိုဗျုဟာကုန်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၂)သို့ အစည်းအဝေးသွားတက်ရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တောင်ပြိုဗျုဟာကုန်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၂)သို့ မိသားစုဝင်များက ၁၀ ကြိမ်ထက်မနည်းသွားရောက်ပြီး တွေ့ခွင့်တောင်းခဲ့သော်လည်း ယနေ့အထိ တွေ့ခွင့်မရသည့်အတွက် စိုးရိမ်နေရကြောင်း ဦးဘသိန်း၏ အစ်မဖြစ်သူ ဒေါ်မစိန်မြက DMG သို့ပြောသည်။

“ကျွန်မတို့ အခုဆိုရင်သွားကြည့်တာ ၁၀ ခေါက်ထက်မနည်းတော့ဘူး။ သူတို့က ဒီမှာမရှိဘူးလို့ပြောတယ်။ ကျွန်မတို့လည်း နေရာစုံနေပြီ။ အခုဆိုရင်ဖမ်းသွားတာ ရက်ပေါင်း ၃၀ လောက်ရှိပြီ။ သူသေသွားပြီလား၊ ရှင်နေသေးလားဆိုတာတောင် မသိရဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့နောက်ပြီးနောက် မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဒေသခံတို့ကို မြန်မာစစ်တပ်က ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ကိုထွန်းချေ၏ မိသားစုဝင်တစ်ဦးကလည်း “အခုဆိုရင် ဖမ်းဆီးထားတာ တစ်လလောက်ရှိပြီ။ မိသားစုနဲ့ လုံးဝတွေ့ခွင့်မပေးဘူး။ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ သူ့မှာ ဘာမှအပြစ်မှ လုပ်ထားတာမရှိတဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိ မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး မြန်မာစစ်တပ်က အငူမော်-မောင်တောကားလမ်းကို ပိတ်ထားသည့်အတွက် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲနှင့် ကြုံတွေ့နေရသည်။

ထိုသို့ စစ်ရေးတင်းမာနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံလာရခြင်းကြောင့် လုံခြုံမှုမရှိဟုဆိုကာ မောင်တောမြို့နယ်မှ မင်းခမောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာလည်း နုတ်ထွက်စာတင်ထားကြသည်။

ဗီဒီယိုများ